ယူကရိန်းနဲ့နယ်စပ်ကကလေးတွေကို ကယ်ထုတ်ဖို့ ရုရှားကြေညာ - မေလ ၃၁ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ယူကရိန်းနဲ့ နယ်စပ်မှာ တိုက်ပွဲ ပြင်းထန်နေလို့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘဲဂေါရက်ဒ်က ကလေးအယောက် ၃၀၀ကျော်ကို ကယ်ထုတ်ဖို့ ရုရှားကြိုးစား
ရေးသားခဲ့သည်။

ယူကရိန်းနဲ့ ထိစပ်နေတဲ့ ရုရှားရဲ့ ဘဲဂေါရက်ဒ် ဒေသမှာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှု တိုးလာတာကြောင့် ကလေး ၃၀၀ ကျော်ကို ကယ်ထုတ်ဖို့ ဒေသ အုပ်ချုပ်ရေးမှူးက ကြေညာလိုက်ပါတယ်။

ဒါနဲ့ ပတ်သက်လို့ ရုရှားအစိုးရ ပြောခွင့်ရ ဒီမစ်ထရီ ပက်စ်ကော့ကတော့ အဲဒီက အခြေအနေတွေအပေါ် စိုးရိမ်ပါတယ် ၊ အရပ်သားအဆောက်အအုံတွေပေါ် ဗုံးကြဲတိုက်ခိုက်မှု ဆက်ဖြစ်နေပါတယ် ၊ စကားမစပ် ဒီကိစ္စနဲ့ ပတ်သက်လို့ အနောက်အုပ်စုက ဘာမှ ရှုတ်ချပြောဆိုသံ မကြားရပါလား ၊ ဖြစ်နေတဲ့ အခြေအနေက အရမ်းကို စိုးရိမ်စရာကောင်းတဲ့ အခြေအနေပါလို့ မစ္စတာ ပက်စ်ကော့က ပြောပါတယ်။

ရုရှားပိုင်နက် ကီလိုမီတာ ၂၅ဝ အတွင်းက Voronezh မြို့ဆီ ဒေသနှစ်ခုက ကလေးတွေကို ခေါ်ဆောင်သွားတော့မှာပါလို့ Vyacheslav Gladkov က ဆိုပါတယ်။

အခုလ အစောပိုင်းတုန်းက လက်နက်ကိုင်တွေရဲ့ ကျူးကျော် ဝင်ရောက်မှုနဲ့ ဗုံးကြဲမှု ဆိုးရွားလာတာကြောင့် ယူကရိန်းနဲ့ နယ်စပ်နားမှာ အခြေအနေက ပိုဆိုးလာနေတယ်လို့ သူက ထောက်ပြထားပါတယ်။

ရုရှားက သူ့အိမ်နီးချင်း နိုင်ငံကို ကျူးကျော်မှုကြောင့် သူ့နယ်စပ်ဒေသတွေအပေါ် သက်ရောက်မှု တိုးလာနေတယ် ဆိုတာကို ဒီကြေညာချက်က ပြသနေပါတယ်။

ပါကစ္စတန်တရားရုံးချုပ်က အင်မရန်ခန်းကို အာမခံပေး

အင်မရန်ခန်း အာမခံ ရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စစ်တပ်က သူ့ကို ရာထူးက ဖယ်ရှားတာလို့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းပြော

ပါကစ္စတန်မှာ စွဲချက် ၈ ခုနဲ့ တရားစွဲ ခံထားရတာကို ကြားနေစဥ်မှာ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို အစ္စလာမ်မာဘတ် တရားရုံးချုပ်က အာမခံ ပေးလိုက်ပါပြီ။

သူ့ရဲ့ အာမခံဟာ ဒီနေ့ညနေပိုင်းမှာ သက်တမ်းကုန်မှာ ဖြစ်ပေမယ့် နောက်ထပ် ၃ရက် ထပ်မံ သက်တမ်းတိုးထားတာပါ။

ပါကစ္စတန်မှာ ဝန်ကြီးချုပ်ဟောင်းမစ္စတာခန်းဟာ ပြီးခဲ့တဲ့နှစ်မှာ အယုံအကြည်မရှိအဆို မဲခွဲပြီး ရာထူးက ဖယ်ရှားခံခဲ့ရတာ ဖြစ်ပါတယ်။

သူကတော့ စစ်တပ်က သူ့ကို အတင်းအဓမ္မ ရာထူးက ဖယ်ရှားခဲ့တာလို့ ပြောနေပြီး သူ့အပေါ် စွဲဆိုထားချက်တွေဟာလည်း နိုင်ငံရေးအရ လုပ်ဆောင်ချက်တွေသာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဖိလစ်ပိုင်သမ္မတ မားကိုးစ် တနှစ်နီးပါး အုပ်ချုပ် ကာလအတွင်း သတင်းသမားသေဆုံးမှု ၃ ခုထိ ရှိလာ

သတင်းသမားတွေ ဖိလစ်ပိုင်မှာအသက်အန္တရယ်ကြုံနေရ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သေနတ်သမားလက်ချက်ကြောင့် မားကိုးလက်ထက်မှာ တတိယမြောက် သတင်းသမားဆုံးရှုံးခဲ့ရ

ဖိလစ်ပိုင်မှာ ရေဒီယို သတင်းသမားတယောက်ဟာ မင်ဒါနာအိုကျွန်းပေါ်က သူ့အိမ်ရှေ့မှာ ပစ်သတ်ခံခဲ့ရပါတယ်။

ကတ်တာပန်မြို့မှာ မော်တော်ဆိုင်ကယ် စီးလာတဲ့ အမည်မသိ သေနတ်သမား ၂ယောက်ရဲ့ လက်ချက်ကြောင့် Cresenciano Bunduquin သေဆုံးသွားတာပါ။

သူတို့ထဲကတယောက်ကတော့ လုံခြုံရေးတပ်ဖွဲ့ လိုက်လံဖမ်ဆီးစဉ်မှာ သေဆုံးသွားခဲ့ပြီး ကျန်တယောက်ကိုလည်း ဆက်လက် ရှာဖွေလျက်ရှိပါတယ်။

ဖိလစ်ပိုင်မှာ သမ္မတ ဖာဒီနန်မားကိုးစ် ဂျူနီယာ လက်ထက် တနှစ်နီးပါး ကာလအတွင်း မစ္စတာ ဘန်ဒူကွင်းဟာ တတိယမြောက် အသတ်ခံရတဲ့ သတင်းသမား ဖြစ်ပါတယ်။

မြောက်ကိုရီးယားဒုံးကျည်ပစ်လွှတ်မှုကြောင့် အရေးပေါ် သတိပေးချက်ထုတ်ပြန်ခဲ့မှုကို ဆိုးလ်မြို့တော်၀န်တောင်းပန်

မြောက်ကိုရီးယားရဲ့ မအောင်မြင်တဲ့ ဒုံးကျည်ပစ်လွှတ်မှု တောင်ကိုရီးယားမှာ စိုးရိမ်စရာဖြစ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အငယ်တန်းအရာရှိတယောက် သတိထားမှုလွန်ကဲပြီး အရေးပေါ် သတိပေးချက် ထုတ်ပြန်မိတာဆို့ မြို့တော်ဝန်Oh Se-hoon ပြော

မြောက်ကိုရီးယားဒုံးကျည် ပစ်လွှတ်မှု ဖြစ်ခဲ့ပြီးနောက် သန်းနဲ့ချီတဲ့ဒေသခံတွေကို ရွှေ့ပြောင်းခိုင်းခဲ့တဲ့အတွက် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ဝန်က တောင်းပန်လိုက်ပါတယ်။

အငယ်တန်းအရာရှိတယောက်ရဲ့ အလွန်အကျွံတုန့်ပြန်မှု ရှိခဲ့တယ်လို့ မြို့တော်ဝန် အိုဆီဟွန်းက ပြောပါတယ်။

မြောက်ကိုရီးယား အစိုးရဟာ စစ်ထောက်လှမ်းရေး ဂြိုဟ်တုတခု အာကာသထဲ လွှတ်တင်ဖို့ ကြိုးစားမှု ဖြစ်ခဲ့ပြီးနောက် မနက်အစောပိုင်းတုန်းက ဖုန်းထဲကနေ သတိပေးမှုတွေ ထွက်ပေါ်ခဲ့တာပါ။

အဲဒီလို လွှတ်တင်တဲ့ မြောက်ကိုရီးယားရဲ့ ဒုံးပျံ ပင်လယ်ထဲ ထိုးကျသွားခဲ့တာကြောင့် သူတို့ကြိုးပမ်းချက် မအောင်မမြင် ဖြစ်ခဲ့ရပါတယ်။

အခင်းဖြစ်ခဲ့ပြီး မိနစ်၂ဝ အကြာမှာ ကနဦးပေးပို့ခဲ့တဲ့ သတိပေးချက်ကို ပြန်ရုပ်သိမ်းသွားခဲ့ပေမဲ့အန္တရာယ် သတိပေးချက်ကြောင့် ဆိုးလ်မြို့မှာ ကြောက်လန့်တကြား၊ ဇဝေဇဝါ ဖြစ်ခဲ့ကြရပါတယ်။