မြန်မာ-အိန္ဒိယဆက်ဆံရေးက မြန်မာနယ်စပ်စစ်ရေးကို သက်ရောက်မှုရှိမလား

အိန္ဒိယ-မြန်မာနယ်စပ်က CNF ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, THE CHIN JOURNAL

ဓာတ်ပုံ ပုံစာ, အိန္ဒိယ-မြန်မာနယ်စပ်က CNF ဌာနချုပ် ဗုံးကြဲတိုက်ခိုက်ခံခဲ့ရ
ရေးသားခဲ့သည်။

အာဏာသိမ်းစစ်ကောင်စီနဲ့ အိန္ဒိယအစိုးရတို့အကြား ဆက်ဆံရေးတွေဟာ တရုတ်၊ ရုရှားအစိုးရတွေထက် ပိုပြီး ထင်ထင်ရှားရှားရှိနေပြီး မတ် လ ၇ ရက်မှာ စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ အိန္ဒိယ သံအမတ်ကြီး ဗီနေကူးမားတို့ နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

အဲ့ဒီဆွေးနွေးပွဲမှာ နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်းအေးချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနယ်စပ်ဘက်ကို ချင်းနဲ့ စစ်ကိုင်းဘက်က ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်တွေ ပြန်လွှဲပေးဖို့ စစ်ကောင်စီကနေ တောင်းဆိုခဲ့တာရှိသလို အခုလို နှစ်နိုင်ငံ နယ်စပ်တည်ငြိမ်ရေးခေါင်းစဉ် ရလဒ်အနေနဲ့ နယ်စပ်ဒေသတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ပိုများလာနိုင်တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ India For Myanmar အဖွဲ့ က ဆလိုင်းဒိုလ်ခါက ပြောပါတယ်။

“သေချာတာတစ်ခုက ပိုမိုပြင်းထန်တဲ့ ထိုးစစ်ကို ဖြစ်လာနိုင်သလို စစ်တပ်ဘက်က အိန္ဒိယ နယ်စပ်ဘက်ကို စိုးရိမ်စရာမလိုဘဲနဲ့ လေကြောင်းတိုက်ခိုက်မှု ပြင်းပြင်းထန်ထန် လုပ်လာတဲ့ဟာမျိုး ရှိနိုင်တာမို့လို့ တိုင်းရင်းသားလက်နက်ကိုင်တွေအပါအဝင် နယ်စပ်ဒေသဘက်နဲ့ နီးစပ်သူတွေ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ထားဖို့တော လိုလိမ့်မယ်လို့ ယူဆမိပါတယ်”လို့ သူက ပြောပါတယ်။

ဒ့ါကြောင့် တိုင်းရင်းသားတွေ၊ တော်လှန်ရေးအဖွဲ့အစည်းတွေ၊ စစ်ဘေးရှောင်တွေအနေနဲ့ သတိပိုထားရမယ့် အခြေအနေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အိန္ဒိယ နယ်စပ်မြို့နယ်တွေမှာလည်း စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအထိ အဖမ်းခံရတဲ့ စစ်ဘေးရှောင် ၁၇၀ ကျော်အပါအဝင် လက်နက်မှု၊ မူးယစ်ဆေးဝါးမှုနဲ့ စွပ်စွဲအဖမ်းခံရသူ ၃၀၀ ဝန်းကျင်ရှိတယ်လို့ India For Myanmar ကနေ သိရပါတယ်။

အိန္ဒိယ သံအမတ်ကြီးကို နေပြည်တော်မှာ တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, Myawaddy

ဓာတ်ပုံ ပုံစာ, အိန္ဒိယ သံအမတ်ကြီးကို နေပြည်တော်မှာ တွေ့ဆုံ

အိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံ စစ်ကောင်စီတို့ရဲ့ ဆက်ဆံရေးနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်ကို ကိုကြည်စင်က အခုလို ပြောပါတယ်။

“အိန္ဒိယနိုင်ငံအနေနဲ့ ဒီလာမယ့် နှစ်တွေထဲမှာ သူတို့ရဲ့ လက်နက်တင်ပို့တာကို ဆက်လက်ပြီး မြှင်တင်သွားမယ်ဆိုတဲ့ စကားကို ပြောထားတာ တွေ့ရတယ်ပေါ့။ ဆိုတော့ ဒီနေရာမှာ ပြည်ပကို လက်နက်တင်ပို့ဖို့ မြှင်တင်တဲ့နေရာမှာ အိန္ဒိယရဲ့ လက်နက်တွေကို အမြဲတမ်း အများအပြားဝယ်ယူခဲ့တဲ့ လက်နက်အကူအညီ ရယူခဲ့တဲ့ မြန်မာစစ်တပ်သည် ဖောက်သည်ကောင်းတစ်ယောက် ဖြစ်နိုင်တယ်လို့လည်း ယူဆလို့ ရတယ်ပေါ့။”

အိန္ဒိယအစိုးရနဲ့ စစ်ကောင်စီတို့ ဆက်ဆံရေးဟာ အာဏာသိမ်းပြီး တစ်လအကြာ စစ်ကောင်စီကကျင်းပတဲ့ တပ်မတော်နေ့အခမ်းအနားကို တက်ရောက်ခဲ့တာ၊ ၂၀၂၂ ခုနှစ် ဧပြီနဲ့ ဇွန် မှာ အိန္ဒိယ သံအမတ်ကြီးက စစ်ကောင်စီရဲ့ ဝန်ကြီးဦးကိုကိုလှိုင်၊ ဦးခင်ရီတို့နဲ့ တွေ့ဆုံခဲ့တာ၊ ၂၀၂၂ ခုနှစ် နိုဝင်ဘာမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံတာ၊ ၂၀၂၃ ဇန်နဝါရီမှာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီးက စစ်ကောင်စီရဲ့ လွတ်လပ်ရေးအခမ်းအနား တက်ရောက်ခဲ့တာတွေ ရှိခဲ့ပါတယ်။

အိန္ဒိယအစိုးရအနေနဲ့ နိုင်ငံတကာမျက်နှာစာမှာ နာမည်ဆိုးနဲ့ မကျန်အောင် စစ်ကောင်စီနဲ့ပူးပေါင်းတာ ရပ်ဆိုင်းပြီး အိန္ဒိယရဲ့မူဝါဒအတိုင်းကြားနေဖို့၊ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာထောက်ထားမှုအနေနဲ့ နိုင်ငံတကာအကူညီတွေ ခွင့်ပြုပေးဖို့၊ စစ်ဘေးရှောင်တွေကို တရားဝင်သွားလာ၊ နေထိုင်ခွင့်တွေ ဆောင်ရွက်ပေးဖို့ အိန္ဒိယရောက် စစ်ဘေးရှောင်အရေး ကူညီပေးသူတွေက တောင်းဆိုထားကြပါတယ်။

ဗီဒီယို ပုံစာ, ချင်းအမျိုးသားတပ်ဦး CNF ဌာနချုပ်ကို စစ်ကောင်စီ လေကြောင်းနဲ့တိုက်ခိုက်