ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂျပန်မြောက်ပိုင်း ရေခဲပြင်ကြား ပိတ်မိနေတဲ့ ဝေလငါးအုပ် လွတ်မြောက် - ဖေဖော်ဝါရီ ၇ ရက် နိုင်ငံတကာသတင်းများ
ဂျပန်မြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းနားက မျောနေတဲ့ ရေခဲပြင်ကြားမှာ အော်ကတ်စ် ဝေလငါး အုပ် တအုပ် ပိတ်မိနေခဲ့ရာက ပြန်လွတ်မြောက်သွားပြီ ဖြစ်ပါတယ်။
မလွတ်မြောက်ခင်က သူတို့ဟာ အဲဒီရေခဲပြင်ကြားကနေ ရေပြင်ရှိရာကို ရောက်နိုင်ဖို့ ကြိုးစားနေကြပုံရတာကို တွေ့ရပါတယ်။
ရေခဲပြင်တွေကြားမှာ ကွဲကြောင်း အဟတွေ ရှိလာတာကြောင့် ဒီဝေလငါးတွေ ရေရှိရာကို လွတ်မြောက်သွားနိုင်မယ်လို့ သူတို့ထင်ကြောင်း ဂျပန် အစိုးရ အရာရှိ တွေက ပြောခဲ့ပါတယ်။
အော်ကတ်စ် ဝေလငါး ၁၀ ကောင် ကျော်ဟာ ရေခဲပြင် အပေါက် ကျဉ်းကျဉ်းတခု ထဲမှာ ရှိနေပြီး ငုပ်သွားလိုက် ရေပေါ်တက်လာပြီး အသက်ရှူလိုက် လုပ်နေတာကို ဒရုန်းက ရိုက်ထားတဲ့ ဗီဒီယို တခုထဲမှာ တွေ့ရပါတယ်။
ဝေလငါးတွေရဲ့ မေးရိုးတွေနားမှာ သွေးစတွေထွက်နေတာလည်း တွေ့ရတဲ့အတွက် သူတို့ ကြည့်ရတာ ရေရှိရာကို လွတ်မြောက်ဖို့ ကြိုးပမ်းနေခဲ့ကြတယ်လို့ ယူဆရပါတယ်။
စိုးရိမ်နေကြတဲ့ ဂျပန်နိုင်ငံသား တချို့က ရေခဲပြင်ခွဲတဲ့ သင်္ဘောတစီး အဲဒီကို စေလွှတ် ပေးဖို့ သူတို့ အစိုးရကို တိုက်တွန်းခဲ့ကြပါတယ်။
အပစ်ရပ်ရေး ဟားမတ်စ်ဘက်က တန်ပြန်အဆိုပြုချက် အသေးစိတ်ထွက်လာ
ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဖို့ ဆက်ကြိုးစားတဲ့အနေနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကင်ဟာ တဲလ်အဗီးနဲ့ အနောက်ဘက်ကမ်းတို့မှာ အစ္စရေး နဲ့ ပါလက်စတိုင်း အရာရှိတွေနဲ့ သီးခြားစီ တွေ့ဆုံ စကားပြောခဲ့ပါတယ်။
အရင်သီတင်းပတ်က ပေါင်းစုထားတဲ့ သဘောတူညီမှု မူဘောင် အပေါ် ဟားမတ်စ်ရဲ့ တုံ့ပြန်ချက် အသေးစိတ်လည်းထွက်လာပါတယ်။
သူတို့က ပြန်လှန်အဆိုပြုချက်လုပ်ရာမှာ အပစ်အခတ်ရပ်စဲရေးကို ၃ ဆင့် လုပ်မယ်၊ တဆင့်ဟာ ၄၅ ရက် ကြာမယ်လို့ ဆိုထားပါတယ်။
ပထမဆုံးအနေနဲ့ ဓားစာခံတွေထဲက အမျိုးသမီးတွေ၊ အသက်ငယ်သူ ယောက်ျားလေး တွေနဲ့ အသက်ကြီးတဲ့သူတွေကို လွှတ်မယ်။ ဒုတိယအဆင့်ကတော့ ဓားစာခံ အမျိုးသားတွေကို လွှတ်မှာနဲ့ အစ္စရေးတပ်တွေ အားလုံး ဂါဇာကဆုတ်ခွာတာတို့ ပါဝင်ပါတယ်။
အစ္စရေး ထောင်တွေမှာ ဖမ်းဆီးထားတဲ့ ပါလက်စတိုင်း အကျဉ်းသား ၁,၅၀၀ ကို လွှတ်ရမယ်လို့လည်း ဟားမတ်စ် တို့က တောင်းဆိုထားပါတယ်။
လေအားလျှပ်စစ် ပညာရှင် ၂ ယောက် အဲလစ်ဇဘက် ဘုရင်မဆု ဆွတ်ခူး
သန့်ရှင်းတဲ့ အရင်းအမြစ်ဖြစ်တဲ့ လေအားကို သုံးပြီး စွမ်းအင်ထုတ်လုပ်ရာမှာ အခရာကျကျ စွမ်းဆောင်နိုင်ခဲ့တဲ့ ဒိန်းမတ်နိုင်ငံသား တယောက်နဲ့ ဗြိတိန်နိုင်ငံသား တယောက်တို့ အင်ဂျင်နီယာ ပညာ မှာ နိုဗဲလ်ဆုလို့ တင်စားကြတဲ့ အဲလစ်ဇဘက် ဘုရင်မဆု ကို ဆွတ်ခူးရရှိသွားပါတယ်။
ဒိန်းမတ်နိုင်ငံသား ဟင်းဒရစ် စတိုင်းစ်ဒဲလ်က လေအား တာဘိုင်စက်တွေ အတွက် စတင် ပုံဖော်လုပ်ဆောင်ခဲ့ပြီး ကမ္ဘာ့ပထမဆုံး ကမ်းလွန်ပင်လယ် လေအားလျှပ်စစ်ထုတ် စက်ရုံဝင်းကို တည်ဆောက်ခဲ့ပါတယ်။
ဗြိတိန်နိုင်ငံသား အင်ဒရူး ဂျာရတ်က တာဘိုင် နဲ့ လေအားလျှပ်စစ်ထုတ် စက်ရုံဝင်း တပ်ဆင် တည်ဆောက်ရာမှာ သင့်လျော်အဆင်ပြေအောင် ဒီဇိုင်းထုတ်ခဲ့ပါတယ်။
သူတို့ ၂ ယောက်ဟာ ဆုကြေးငွေ ဒေါ်လာ ၆၃၀,၀၀၀ ကို ခွဲဝေ ရရှိမှာပါ။