ရှီကျင့်ဖျင်နဲ့ ဇလန်းစကီး ပထမဆုံးအကြိမ် ဖုန်းပြော-ဧပြီ ၂၆ ရက် ညနေခင်း နောက်ဆုံးရ နိုင်ငံတကာသတင်းများ

တရုတ်၊ ယူကရိန်း၊ ရုရှား

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ယူကရိန်းကို ရုရှားက ကျူးကျော်တိုက်ခိုက်တာကို တရုတ်သမ္မတ ရှီကျင်းဖျင့် ပြစ်တင် ဝေဖန်တာမျိုး မလုပ်ခဲ့
ရေးသားခဲ့သည်။

တရုတ်သမ္မတ ရှီ ကျင့်ဖျင်ဟာ ယူကရိန်းသမ္မတ ဗိုလိုဒီမီယာ ဇလန်းစကီးနဲ့ အများက မျှော်လင့်နေခဲ့ကြသလို ဖုန်းပြောဆိုခဲ့ပါတယ်။ သူတို့နှစ်ဦး ဖုန်းအကြာကြီး ပြောခဲ့ကြပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ပြောဆိုမှု ဖြစ်တယ်လို့ သမ္မတ ဇလန်းစကီးက ပြောပါတယ်။

မော်စကိုမြို့မှာ သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ သမ္မတ ရှီကျင့်ဖျင် တွေ့ဆုံဆွေးနွေးခဲ့အပြီးမှာ သူ့နဲ့တွေ့ဆုံဖို့ သမ္မတ ရှီကျင့်ဖျင်ကို သမ္မတ ဇလန်းစကီးက ပြီးခဲ့တဲ့လက ဖိတ်ကြားခဲ့ပါတယ်။

ဒါပေမဲ့ အကောင်အထည် မပေါ်ခဲ့ပါဘူး။ ဒီကနေ့ ဖုန်းပြောအပြီးမှာတော့ သမ္မတ ရှီကျင့်ဖျင်က ယူကရိန်းပဋိပက္ခမှာ ငြိမ်းချမ်းရေးဘက်ခြမ်းကနေ တရုတ်အစိုးရ အမြဲရပ်တည်ခဲ့ကြောင်းနဲ့ တွေ့ဆုံ ညှိနှိုင်း အဖြေရှာရေးကသာ စစ်ပွဲရဲ့ တစ်ခုတည်းသော ထွက်ပေါက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

အကျိုးအမြတ်များများရတဲ့ အနောက်အုပ်စု စျေးကွက်တွေ လက်လွှတ်ဆုံးရှုံးရမှာကို စိုးရွံ့နေတဲ့ သမ္မတ ရှီကျင့်ဖျင်ဟာ ရုရှားအစိုးရကို ထောက်ခံအားပေးကြောင်း ပြဖို့ သတိထားလာနေပြီလို့ အကဲခတ်တွေက ယူဆနေကြပါတယ်။

ဆူဒန်စစ်ပွဲကြောင့် လူထောင်သောင်းချီ နယ်စပ်ကို ထွက်ပြေးခိုလှုံ

ဆူဒန်၊ စစ်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, လတ်တလော စစ်ပွဲတွေကြောင့် ခါတွန်မြို့တော်က နေအိမ် အများအပြား ထိခိုက်ပျက်စီးခဲ့

ဆူဒန်နိုင်ငံမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ အဆက်မပြတ် ဖြစ်ပွားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အချိန်မရွေးပျက်ပြယ်သွားနိုင်တဲ့ ၃ ရက်ကြာ အပစ်အခတ် ရပ်စဲရေးကိုတော့ ဆက်လက် ဆုပ်ကိုင်ထားဆဲ ဖြစ်ပါတယ်။ ခါတွန်မြို့တော် မြောက်ပိုင်းနဲ့ အွန်မ်ဒူရ်မန်မြို့နားက နိုင်းလ်မြစ်တစ်လျှောက်မှာ မနေ့ည တစ်ညလုံး ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ခါတွန်မြို့တော် မြောက်ပိုင်း ကီလိုမီတာ ၇၀ အကွာမှာ ရှိတဲ့ ရေနံချက်စက်ရုံတစ်ခုကို RSF ပြည်သူ့စစ်တွေ သိမ်းပိုက်လိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ခါတွန်မြို့တော်နဲ့ အွန်မဒူရ်မန်မြို့မှာတော့ လူတွေကို ကယ်ထုတ်နိုင်လောက်အောင် အခြေအနေက ဆက်တည်ငြိမ်နေပုံ ရတယ်လို့ ဘီဘီစီ သံတမန်ရေးရာ သတင်းထောက်က ပြောပါတယ်။

ဂျာမနီနဲ့ ပြင်သစ်အစိုးရက ဆူဒန်မှာရှိတဲ့ သူတို့ရဲ့ နိုင်ငံသားတွေအားလုံးကို အခုအခါ ကယ်ထုတ်နိုင်ခဲ့ပြီလို့ ပြောပါတယ်။ အီဂျစ်အစိုးရက ပြီးခဲ့တဲ့ ၅ ရက်တာကာလအတွင်း အီဂျစ်နိုင်ငံဘက်ခြမ်းပိုင်နက်ထဲ လူ တစ်သောင်းကျော် ဝင်ရောက်ခိုလှုံလာကြတယ်လို့ ဆိုပါတယ်။

ချာ့ဒ်နိုင်ငံထဲကိုလည်း လူနှစ်သောင်းလောက် ဝင်ရောက်ခိုလှုံလာကြတယ်လို့ ယူဆရပါတယ်။

ရုရှားအတိုက်အခံ နာဗာလ်နီက ၂၀၅၀ ခုနှစ်အထိကြာနိုင်တဲ့ ထောင်ဒဏ်နဲ့ သူရင်ဆိုင်နေရတယ်လို့ဆို

ရုရှား၊ အလက်ဆီ နာဗာလ်နီ၊ တရားစွဲ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အလက်ဆီ နာဗာလ်နီ ထောင်သွင်း အကျဉ်းကျခံနေရတာ ၂၀၂၁ ခုနှစ်ကတည်းက ဖြစ်ပြီး ဗုဒ္ဓဟူးနေ့မှာ ဗီဒီယိုလင့်ခ်ကနေတဆင့် တရားရုံးမှာ ကြားနာစစ်ဆေးခံ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရုရှားနိုင်ငံမှာ ထောင်သွင်း အကျဉ်းချခံထားရတဲ့ အတိုက်အခံခေါင်းဆောင် အလက်ဆီ နဗာလ်နီ က အခုအခါ သူ့ကို အကြမ်းဖက်ဝါဒ စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးနေပြီး စစ်ခုံရုံးတစ်ခုမှာ ကြားနာစစ်ဆေးမှာ ဖြစ်တယ်လို့ မော်စကို တရားရုံးမှာ ပြောသွားခဲ့ပါတယ်။

အကျဉ်းထောင်ထဲကနေ ဗီဒီယိုလင့်ခ်ကတဆင့် ပြောကြားစဉ် မစ္စတာ နဗာလ်နီက သူထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံရဖွယ် ရှိတယ်လို့ ပြောသွားပါတယ်။

အလက်ဆီ နဗာလ်နီကို အခုနောက်ဆုံး စွဲဆိုထားတဲ့အမှုဟာ ယူကရိန်းစစ်ပွဲ အားပေးတဲ့ အထင်ကရ ဘလော့ဂါတစ်ဦးဖြစ်သူ ဗလက်ဒ်လန် တက်တာစကီး သေဆုံးခဲ့ရတဲ့ စိန့် ပီတာ့စ်ဘာ့ဂ်မြို့ ကဖေးဆိုင် ဗုံးဖောက်ခွဲမှုမှာ တာဝန်ရှိတယ်လို့ စွပ်စွဲခံနေရတဲ့ သူ့ရဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဖောင်ဒေးရှင်းနဲ့ တိုက်ရိုက် ပတ်သက်နေသလားဆိုတာကိုတော့ အသေအချာ မသိရသေးပါဘူး။

အလက်ဆီ နဗာလ်နီနဲ့ ဆက်နွှယ်နေမှုနဲ့ လူ ၁၁ ဦးကို အခုအခါ ရဲက အလိုရှိသူ၊ နိုင်ငံတကာစာရင်းထဲ ထည့်ထားပြီး ဝရမ်းထုတ်ထားတယ်လို့ စုံစမ်းစစ်ဆေးသူတစ်ဦးက ပြောထားပါတယ်။

သမ္မတပူတင်ကို ဝေဖန်ပြောဆိုတဲ့ အထင်ကရအတိုက်အခံ အလက်ဆီ နဗာလ်နီ ဟာ ထောင်ဒဏ် နှစ်ရှည်ကျခံနေရပြီး နိုင်ငံရေးနဲ့ ဆက်နွှယ် ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်တယ်လို့ သူ့ကို ထောက်ခံအားပေးသူတွေက ပြောနေပါတယ်။

အီရန် ထိပ်တန်းဘာသာရေးခေါင်းဆောင် တစ်ဦး လုပ်ကြံခံရ

အီရန်၊ ဘာသာရေးခေါင်းဆောင်၊ လုပ်ကြံတိုက်ခိုက်မှု

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ဘာဘိုလ်ဆာမြို့မှာ သေနတ်နဲ့ ပစ်ခတ် လုပ်ကြံခံခဲ့ရအပြီး အယာတိုလာ အက်ဘာဆာလီ ဆိုလေမာနီဆေးရုံမှာ သေဆုံးသွား

အီရန်နိုင်ငံ မြောက်ပိုင်း ဘာဘိုလ်ဆာမြို့မှာ ထိပ်တန်း ဘာသာရေးခေါင်းဆောင်တစ်ဦး လုပ်ကြံ သတ်ဖြတ်ခံခဲ့ရတယ်လို့ အီရန် အစိုးရသတင်းဌာနက ထုတ်ဖော်ကြေညာခဲ့ပါတယ်။

အယာတိုလာ အဘာ့စ် အာလီ ဆိုလေမာနီ ဟာ အီရန် ဘာသာရေးခေါင်းဆောင်အကြီးအကဲ ခန့်အပ်ရွေးချယ်တဲ့ ကျွမ်းကျင်သူအဖွဲ့ရဲ့ အဖွဲ့ဝင် တစ်ဦး ဖြစ်ပါတယ်။

သူဟာ အသက် ၈၈ နှစ်ရှိပြီး အရင်က အယာတိုလာ အာလီ ခါမေနီ ရဲ့ ဒေသန္တရ ကိုယ်စားလှယ်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

လုပ်ကြံသူကို ဖမ်းဆီးမိခဲ့ပြီး တိုက်ခိုက်မှုအတွင်း လူ ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဘာဘိုလ်ဆာမြို့လယ်က ဘဏ်တစ်ခုမှာ အခုလို လုပ်ကြံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

လုပ်ကြံတိုက်ခိုက်ခဲ့သူဟာ ဘဏ်အစောင့်ရဲ့ သေနတ်ကို ဆွဲလုပြီး ပစ်ခတ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပြပါတယ်။

ဒီလုပ်ကြံမှုဟာ လတ်တလော ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေနဲ့ ဆက်နွှယ်နေသလားဆိုတာကိုတော့ အတိအကျ မသိရသေးပါဘူး။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း နိုင်ငံ အရှေ့မြောက်ပိုင်း မက်ရှက်မြို့မှာ ဂျီဟာ့ဒ်ဝါဒီတွေရဲ့ လက်ချက်လို့ ယူဆရတဲ့ တိုက်ခိုက်မှုတစ်ခုအတွင်း ဘာသာရေးခေါင်းဆောင် နှစ်ဦး သေဆုံးခဲ့ပါတယ်။