ဇန်နဝါရီ ၁ ရက်ထိပ်တန်းသတင်းများ - ၂၀၂၄ မှာ စစ်ရေးအရှိန်မြှင့်မယ်လို့ မွန်တော်လှန်ရေးတပ်တွေပြော

မွန်တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေ

ဓာတ်ပုံ ရင်းမြစ်, MSRF

ရေးသားခဲ့သည်။

ပြီးခဲ့တဲ့နှစ်အတွင်း မွန်ပြည်နယ်တော်လှန်ရေးအင်အားစုတွေစုဖွဲ့ပြီး ဟန်ချက်ညီညီပူးပေါင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တာကြောင့် ၂၀၂၄ ခုနှစ်မှာ ပိုပြီးစစ်ရေးအရှိန်မြှင့်မယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRF က ထုတ်ပြန်ပါတယ်။

မနေ့ ဒီဇင်ဘာ ၃၁ ရက်နေ့ မနက်အစောပိုင်းတုန်းကလည်း မွန်ပြည်နယ်၊ ရေးမြို့မှာအခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အမှတ် (၁၉) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၅၉၁ နဲ့ ၅၈၃ တို့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေဘက်က တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

မွန်ပြည်တော်လှန်ရေးတပ် - MSRF ၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် - YGF၊ ABSDF တပ်ရင်း (၁) နဲ့ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း - MSRO ၊ Ye Air Force - YAF စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ RPG ၊ ၆၀ မမ အပြင် ဒရုန်း (Drone) တို့နဲ့ပါ ထိုးစစ်ဆင်ခဲ့တာလို့ သိရပါတယ်။

အခုလို ‌မွန်ပြည်နယ်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းတွေကနေ ကျောင်းရွာ၊ အိုင်ရှည်နဲ့ ကမ်းနီစတဲ့ကျေးရွာတွေဘက်ကို လက်နက်ကြီးပစ်ခတ်မှု အကြိမ်ရေ ၃၀ ထက်မနည်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားတာပါ။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကတော့ ဒီကနေ့ ဇန်နဝါရီ ၁ ရက် ညနေ ၃ နာရီဝန်းကျင်အထိ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တစုံတရာသတင်းထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။

၂၀၂၄ နှစ်ကူးအစမှာ စစ်ကောင်စီ၊ NUG နဲ့ NUCC တို့ ဘာတွေပြောထားလဲ

 ၂၀၂၄ နှစ်ကူးအစမှာ စစ်ကောင်စီ၊ NUG နဲ့ NUCC တို့ ဘာတွေပြောထားလဲ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၃ ခုနှစ် ရန်ကုန်မြို့မြင်ကွင်း

၂၀၂၄ ခုနှစ်မှာ မြန်မာနိုင်ငံသားတွေအတွက် အပြီးသတ်အော‌င်ပွဲခံမယ့်နှစ်ဖြစ်စေဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့က ပူးတွဲသတင်းထုတ်ပြန်လာပါတယ်။

ဒါဟာ နှစ်သစ်ကူးပူးတွဲထုတ်ပြန်ကြေညာချက်မှာဖော်ပြခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ အရာရှိ၊ တပ်သားတွေအနေနဲ့ ပြည်သူတွေဘက် အမြန်ဆုံးရပ်တည်ပြီး စစ်ကောင်စီကိုနည်းလမ်းမျိုးစုံနဲ့ ပြန်လည်ဆန့်ကျင်တော်လှန်ဖို့ကိုပါ ထည့်ပြောခဲ့တာပါ။

သုံးနှစ်နီးပါးကြာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်ခဲ့ရာကနေ ၁၀၂၇ စစ်ဆင်ရေး၊ ၁၁၁၁ စစ်ဆင်ရေးတို့နဲ့အတူ တနိုင်ငံလုံးမှာအချိန်ကိုက်ထိုးစစ်တွေနဲ့ သိသာထင်ရှားပြီး လက်တွေ့ကျတဲ့ အောင်ပွဲတွေရရှိနေပြီလို့ ဖော်ပြထားပါတယ်။

ဒါအပြင် စီးပွားရေး၊ ဘဏ္ဍာရေးကဏ္ဍမှာလည်း နိုင်ငံတကာအစိုးရရဲ့ အရေးယူပိတ်ဆို့တာအပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်က စစ်ကောင်စီရဲ့ အဓိက စီးပွားရေးထောက်တိုင်တွေကိုဖြိုဖျက်နိုင်ဖို့ ကြိုးစားနေတယ်လို့လည်း NUCC နဲ့ NUG က ထည့်ပြောပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အဖျက်လုပ်ငန်းတွေကြောင့် နိုင်ငံပိုင်၊ ပြည်သူပိုင်တွေ ထိခိုက်ပျက်စီးရပြီး တိုင်းပြည်အတွက်အနုတ်လက္ခဏာဖြစ်ခဲ့ကြောင်းနဲ့ ဒါတွေကိုသင်ခန်းစာယူရမယ့်အကြောင်း သူ့ရဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားမှာပြောပါတယ်။

ပညာရေးနဲ့ စီးပွားရေးကို လက်ရှိအခြေအနေနဲ့တိုးတက်အောင်လုပ်မယ်လို့ သူကပြောသလို ၂၀၂၄ ခုနှစ်ထဲမှာ ကောက်ယူမယ့်သန်းခေါင်စာရင်းထဲက အချက်အလက်တွေကနေ တိုင်းပြည်ရဲ့ လူမှုရေး၊ စီးပွားရေးအတွက် အကျိုးရှိအောင်လုပ်မယ်လို့လည်း ပြောထားပါတယ်။

မိုင်းငေါ့မှာ စစ်တပ်က လေယာဥ်နဲ့ အကြိမ် ၂၀ နီးပါး ပစ်ခတ်ခဲ့တယ်လို့ TNLA ပြော

ဒီဇင်ဘာ ၃၁ ရက် လေကြောင်းတိုက်ခိုက်မှုအပြီးမှာ ပျက်စီးသွားတဲ့ မိုင်းငေါ့ မိးသတ်စခန်း

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာ ၃၁ ရက် လေကြောင်းတိုက်ခိုက်မှုအပြီးမှာ ပျက်စီးသွားတဲ့ မိုင်းငေါ့ မိးသတ်စခန်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့နယ်ခွဲမှာ မနေ့ ဒီဇင်ဘာလ ၃၁ ရက်မှာ တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်တပ်ဘက်က လေယာဥ်နဲ့ အကြိမ် ၂၀ နီးပါး လာရောက်ပစ်ခတ်ခဲ့တယ်လို့ တအာင်းတပ်(TNLA) က ပြောပါတယ်။

မနေ့တစ်ရက်တည်းမှာတင် စစ်ကောင်စီရဲ့ မိုင်းငေါ့ တပ်စခန်းနဲ့ ကွတ်ခိုင်မြို့နယ်ထဲက ကွတ်ခိုင်တပ်စခန်းက တပ်ဖွဲ့ဝင်တွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ဆိုပါတယ်။

တိုက်ပွဲဖြစ်ပွားချိန်မှာ မိုင်းငေါ့မြို့နယ်ထဲက ချုံးသစ်နဲ့ချုံးဟောင်းကျေးရွာတွေအနီးကို စစ်ကောင်စီတပ်က Y 12 လေယာဥ်နဲ့ ၁၇ ကြိမ်လာရောက် ပစ်ခတ်ခဲ့ပြီး ဗုံးအလုံးရေ ဆယ်ချီကြဲချခဲ့တယ်လို့လည်း TNLA ဘက်က ပြောပါတယ်။

ဒါ့အပြင် မိုင်းငေါ့မြို့တွင်းကို မနေ့မနက်အစောပိုင်းမှာ ဂျက်ဖိုက်တာနဲ့လာရောက်ပစ်ခတ်တာကြောင့် မန်တုံရပ်ကွက်နဲ့ စျေးရပ်ကွက်က နေအိမ် ၃ လုံး လက်နက်ထိပြီး မီးလောင်ပျက်စီးခဲ့တယ်လို့ TNLA က သတင်းထုတ်ပြန်ပါတယ်။

မိုင်းငေါ့မှာ စစ်အရိပ်အယောင်တွေကြောင့် မြို့ခံတွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းတွေကတည်းက ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေတာဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ မိုင်းငေါ့ကတိုက်ပွဲတွေနဲ့ပတ်သက်ပြီး တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။

မိုင်းငေါ့ဟာ ကျောက်မဲကနေအထွက် ၇ မိုင်နီးပါးအကွာက မြို့နယ်ခွဲတစ်ခုဖြစ်ပြီး TNLA တပ်ဖွဲ့ဝင်တွေ လှုပ်ရှားတဲ့နယ်မြေဖြစ်တာကြောင့် စစ်ကောင်စီတပ်က ပြီးခဲ့တဲ့နိုဝင်ဘာလတုန်းကလည်း မိုင်းငေါ့မြို့နယ်ခွဲထဲကို အတွဲလိုက်ဒုံးတွေ ပစ်ခတ်ခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းတွေကို ထုတ်ပြန်နေတဲ့ တယ်လီဂရမ်တွေက သတင်းဖော်ပြပါတယ်။