မုန်တိုင်းဒဏ်သင့် ရခိုင်မှာ လျှပ်စစ်မီး ပြန်ရရေး ဘယ်အခြေအနေ ရှိနေလဲ

ရေးသားခဲ့သည်။

ရခိုင်ပြည်နယ်မှာ မုန်တိုင်းကြောင့် ပျက်စီးမှုတွေထဲမှာ မဟာဓာတ်အားလိုင်းကနေ သွယ်တန်းထားတဲ့ ဓာတ်မီးတိုင်ပေါင်း ၃၅၀၀ ကျော်နဲ့ လျှပ်စစ်တာဝါတိုင် ၇ တိုင် ပျက်စီးသွားခဲ့တဲ့အတွက် မီးပြတ်တောက်မှုတွေနဲ့ ကြုံနေကြရပါတယ်။

ဒီအပျက်အစီးတွေကို ပြုပြင်ဖို့ ရခိုင်ပြည်နယ်အတွင်း မီးပြန်လည်ရရှိရေးအတွက် တိုင်းနဲ့ပြည်နယ်အသီးသီးက ကျွမ်းကျင်တဲ့လျှပ်စစ်ဝန်ထမ်းတွေ အင်အား အများအပြားနဲ့ လာရောက် ပြုပြင်နေကြတာကို တွေ့ရပါတယ်။

လက်ရှိမှာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးစိုက်ရာ မြို့တော်စစ်တွေမှာတော့ မေလ ၂၅ ရက်နေ့ကစပြီး လမ်းမကြီးတစ်လျှောက်ကို ညနေ ၇ နာရီကနေ ၁၀ နာရီအထိ မီးစက်နဲ့လမ်းမီးတွေကို ပေးထားပေမဲ့ နေအိမ်တွေအတွက်တော့ မရကြသေးပါဘူး။

မြို့တော်စစ်တွေအပါအဝင် မြို့တချို့မှာတော့ လာမယ့် ဇွန်လ ပထမပတ်အတွင်းမှာ မဟာဓာတ်အားလိုင်းကနေ ဓာတ်အားဖြန့်ဖြူးမှုတွေပြုလုပ်ပေးနိုင်တော့မှာဖြစ်တယ်လို့ ပြည်နယ်ကောင်စီထံကနေ သိရပါတယ်။

လျှပ်စစ်မီးပြတ်တောက်နေတာနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက အခုလို ပြောပါတယ်။

“အခု စစ်တွေမှာ အိမ်တွေကို စစ်ဆေးတာတွေ လုပ်နေပါတယ်။ အိမ်တွေ စစ်ဆေးပြီးပြီ ဆိုရင်တော့ ဇွန်လ ပထမပတ်မှာ မဟာဓာတ်အားလိုင်း စစ်တွေမြို့ကို ရောက်လာမယ်” လို့ ပြောပါတယ်။

လျှပ်စစ်မီးဖြန့်ဖြူးရေးအပါအဝင် ရခိုင်ပြည်သူတွေရဲ့ လူမှုဘဝတွေ ပြန်လည်ထူထောင်ရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီက သုံးနှစ်စီမံကိန်းနဲ့ ဆောင်ရွက်နေတယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်။

လတ်တလောမှာတော့ ရခိုင်ဒေသအတွက် ရရှိထားတဲ့ အကူအညီတွေဟာ ရခိုင်ပြည်သူတွေဆီ ရောက်မလာသေးတဲ့အတွက် သူတို့ရဲ့နေအိမ်အပျက်အစီးတွေကို မိမိတို့ရဲ့အစီစဉ်တွေနဲ့ပဲ တတ်နိုင်သလောက် ပြုပြင်နေကြရတယ်လို့ စစ်တွေဒေသခံတွေက ပြောဆိုကြပါတယ်။

ပျက်စီးခဲ့တဲ့နေအိမ်အဆောက်အဦးတွေကို ပြန်လည်ပြုပြင်ဖို့ရာအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို ဝယ်ယူရတဲ့အခါမှာလည်း သစ်ဝါးကအစ ဝယ်ယူလို့မရနိုင်တော့တဲ့အခြေအနေနဲ့ ကြုံနေကြရပါတယ်။

စစ်ကောင်စီရဲ့ ပြန်လည်ထူထောင်ရေး အကူအညီတွေဘယ်လောက်ထိ အကျိုးခံစားနေကြရပြီလဲဆိုနဲ့ပတ်သက်လို့ မင်းဂံရပ်ကွက်က ဒေါ်ကျော့စိန်က

“အကုန်လုံး ဒုက္ခရောက်နေတာပေါ့နော်။ အဲဒီ ဒုက္ခသည်တွေကို အစိုးရအနေနဲ့ ကျွန်မတို့ အမြင်တော့ ဘာမှလည်း ထောက်ပံ့တာ မတွေ့သေးဘူး။ သူတို့အနေနဲ့ ဘာမှ လုပ်ပေးတာလည်း မရှိသေးဘူး။ ... ဆန်ပေးတယ်လို့ ပြောသံ ကြားလိုက်တယ်။ ဒါပေမဲ့ မရရှိတဲ့လူတွေကတော့ အများကြီးပါပဲ” လို့ ပြောပါတယ်။

ဒါ့အပြင် ရခိုင်ပြည်နယ်က မုန်တိုင်းသင့်ဒေသတွေဆီ လှူဒါန်းဖို့လာကြတဲ့ အလှူပစ္စည်းတွေ၊ ကုန်သင်္ဘောကြီးတွေကိုလည်း ရခိုင်ပြည်နယ်ကို ဆိုက်ကပ်ခွင့်တွေ တားမြစ်ခံထားရတယ်လို့ ပြောဆိုဝေဖန်မှုတွေ ရှိနေပါတယ်။

ပြင်ပကပေးတဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေလည်း ရခိုင်ပြည်နယ်ကို ရောက်ရှိလာတာမတွေ့ရသေးဘူးလို့ ပြောဆိုကြပါတယ်။

မိုခါမုန်တိုင်းကြောင့် ပျက်စီးတဲ့ လျှပ်စစ်မီးနဲ့ တယ်လီဖုန်းဆက်သွယ်ရေးစတဲ့ အခြေခံအဆောက်အဦနဲ့ ဒေသခံတွေအတွက် လိုအပ်တဲ့ အစားအသောက်နဲ့ အသုံးအဆောင် အကူအညီတွေကို မုန်တိုင်းအပြီး နောက်ရက်မှာပဲ စစ်ကောင်စီက လေကြောင်းနဲ့ ရေကြောင်းကနေ စစ်သင်္ဘောတွေနဲ့အပါအဝင် တန်ချိန်ထောင်ချီပြီး စတင်ပို့ဆောင်ခဲ့တယ်၊ နောက်ပိုင်းရက်တွေမှာ ဒေသအလိုက် ဖြန့်ဖြူးရေးတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အာဆီယံနဲ့ အိမ်နီးချင်း အိန္ဒိယနိုင်ငံစတဲ့ နိုင်ငံတွေက ဒေါ်လာ သောင်း၊သိန်းချီ တန်ဖိုးရှိတဲ့ နေထိုင်ရေးနဲ့ အသုံးအဆောင်တွေ၊ အစားအသောက်တွေကို လေယာဥ်တွေ၊ သင်္ဘောတွေနဲ့ အသုတ်တွေခွဲပြီး ပို့ဆောင်နေတာတွေကို စစ်ကောင်စီရဲ့ ဌာနဆိုင်ရာတွေက လက်ခံရရှိနေတာကိုလည်း တွေ့ရပါတယ်။

ဒါပေမဲ့ မုန်တိုင်းဒဏ်ကို ခံခဲ့ရတဲ့ ဒေသခံ အိမ်ထောင်စုတွေလက်ထဲ ရောက်ရှိရေးက နှောင့်နှေးနေပြီး မုန်တိုင်းအပြီး သီတင်းပတ်တွေ ချီတဲ့အထိ ဒေသခံတွေ အခက်အခဲနဲ့ ကြုံတွေ့နေရတာ ဖြစ်ပါတယ်။