ယူကရိန်းအတွက် ကုလ အလှူခံ- ဖေဖော်ဝါရီလ ၁၅ ရက် ညနေခင်း ထိပ်တန်း နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

ယူကရိန်းအတွက် ကုလ အလှူခံ

ယူကရိန်းက လူ ၁၁ သန်းကျော်အတွက် ကျန်းမာရေး၊ နေအိမ်နဲ့ အစားအသောက် အကူအညီတွေ အပူတပြင်း လိုအပ်နေကြောင်း ကုလသမဂ္ဂက သတိပေးလိုက်ပါတယ်။

ရုရှားနဲ့ စစ်ဖြစ်တာ ဒုတိယနှစ်ထဲ ဝင်လာချိန်မှာ ကုလသမဂ္ဂ လူမှုကူညီရေးအဖွဲ့နဲ့ ဒုက္ခသည်များ မဟာမင်းကြီးရုံးတို့အတွက် အကူအညီပေးဖို့ တောင်းခံခဲ့တာ ဖြစ်ပါတယ်။

ပိုလန်နဲ့ ရိုမေးနီးယားလို အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးနေရတဲ့ ယူကရိန်း လေးသန်းကျော်ကို ထောက်ပံ့ပေးဖို့လည်း ငွေလိုနေပါတယ်။

စစ်ကြောင့် ဖြစ်တဲ့ အသေအပျောက်၊ ပျက်စီးမှုနဲ့ အခြေပျက်မှုမှာ ထိတ်လန့်စရာကောင်းအောင် ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂ ပြောခွင့်ရ ဖိလစ်ပို ဂရန်ဒီက ဆိုပါတယ်။

နိုင်ငံစွန့်ခွာ ထွက်ပြေးနေရတဲ့ ယူကရိန်းက ၈ သန်းရှိနေပြီလို့ မှတ်တမ်းတွေအရ သိရပြီး ၄.၈ သန်းကတော့ ယာယီစောင့်ရှောက်မှု ပေးထားတယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီလို စောင့်ရှောက်ပေးနေတဲ့ နိုင်ငံ ၁ဝ နိုင်ငံကို ပိုပြီးထောက်ပံ့ဖို့ ဒီအကူအညီကို တောင်းခံတာလို့ မစ္စတာ ဂရန်ဒီက ပြောပါတယ်။

ယူကရိန်းကို ကူဖို့ နေတိုး စည်းဝေး

ယူကရိန်းကို ရုရှား ကျူးကျော်မှုကို တွန်းလှန်ဖို့အတွက် နေတိုးအဖွဲ့ဝင် နိုင်ငံတွေရဲ့ လက်နက်ခဲယမ်း ထုတ်လုပ်မှု မြင့်တက်လာကြောင်း အဖွဲ့ အကြီးအကဲက ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ ဒီထက်ပိုတိုးပြီး ထုတ်ဖို့ လိုသေးတယ်လို့လည်း သူက ပြောပါတယ်။

ကာကွယ်ရေးအတွက် နိုင်ငံရေး လမ်းညွှန်မှုအသစ် ဒီကနေ့ အတည်ပြုမယ်၊ နောက်လာမယ့်နှစ်တွေမှာ ကာကွယ်ရေးအတွက် လိုအပ်တဲ့ အရည်အသွေးတွေ ရှိဖို့ ဒါက အရေးကြီးတယ်လို့ စတိုလန်ဘတ်က ဆိုပါတယ်။

အမြောက်ဆန် ထုတ်လုပ်မှု အထူးမြင့်တက်လာတယ်လို့လည်း ယူကရိန်းမဟာမိတ်တွေနဲ့ ဘရပ်ဆဲမှာ ကျင်းပတဲ့ အစည်းအဝေး ဒုတိယရက်မှာ နေတိုး အတွင်းရေးမှူးချုပ် ယန် စတိုလန်ဘတ်က ပြောကြားခဲ့ပါတယ်။

ယူကရိန်းမှာ လက်နက်မပြတ်စေဖို့ ကတိပေးနိုင်သလား ဆိုတဲ့ မေးခွန်းကိုတော့ ဒီလို ကတိမပေးနိုင်သေးဘူးလို့ပဲ ဆိုပါတယ်။

ဒါပေမဲ့လည်း အရေးကြီးတဲ့ ပင်လယ်အောက်က အခြေခံအဆောက်အအုံတွေကို ကာကွယ်ပေးဖို့နဲ့ ဘော့စနီးယား၊ မော်လ်ဒိုဗာနဲ့ ဂျော်ဂျီယာမှာ ရုရှားစွက်ဖက်တာတွေ မဖြစ်အောင် ကာကွယ်ဖို့အတွက် မစ္စတာ စတိုလန်ဘတ်က ကတိပေးပါတယ်။

ဂျော်ဒန်ဝန်ကြီး ဆီးရီးယားရောက်

ဆီးရီးယား စစ်ဖြစ်ပြီး ဆယ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ဂျော်ဒန်ရဲ့ အဆင့်မြင့် ကိုယ်စားလှယ်အဖြစ် နိုင်ငံခြားရေး ဝန်ကြီး ဒမတ်စကတ်ကို ရောက်ရှိနေပါတယ်။

ငလျင်ဒဏ် ခံထားရတဲ့ ဆီးရီးယားနဲ့ တစည်းတလုံးတည်း ရှိကြောင်းပြဖို့နဲ့ လိုအပ်တဲ့ လူမှုရေးအကူအညီတွေ အကြောင်း ဆွေးနွေးဖို့ အာမန် ဆာဖာဒီက ရည်ရွယ်တယ်လို့ ဂျော်ဒန် အစိုးရဘက်က ပြောပါတယ်။

ထောင်နဲ့ချီတဲ့ ဆီးရီးယား ဒုက္ခသည်တွေကို လက်ခံထားရတဲ့ ဂျော်ဒန်ဟာ ဆီးရီးယားနဲ့ သံအဆက်အသွယ် မဖြတ်ခဲ့ပေမယ့် အစိုးရကို ဆန့်ကျင်တဲ့ သူပုန်တပ်တွေကို ကူညီခဲ့ပါတယ်။

ဂျော်ဒန်က ဆီးရီးယားနဲ့ တူရကီကို ငလျင်အတွက် အကူအညီ အများကြီး ပေးခဲ့ပါတယ်။

တရုတ်သက်ကြီး ဆန္ဒပြပွဲ

တရုတ်ပြည်က သက်ကြီးပိုင်းတွေရဲ့ ကျန်းမာရေး ခံစားခွင့်တွေ ဖြတ်တောက်ခံရလို့ ဒုတိယအကြိမ် ဆန္ဒပြကြပါတယ်။ ဝူဟန်နဲ့ နိုင်ငံမြောက်ပိုင်း တာ့လျန်းက အငြိမ်းစားတွေ စုဝေးခဲ့ကြတာပါ။ သူတို့ ကျန်းမာရေး စရိတ်အတွက် ဒေသန္တရအစိုးရဆီက လစဉ်ထောက်ပံ့ငွေတွေ အများကြီး အဖြတ်ခံရတဲ့အတွက် အငြိမ်းစားတွေ ဒေါသထွက်ခဲ့ကြပါတယ်။ ငွေကုန်ကြေးကျများတဲ့ ကိုဗစ် လုံးဝ မရှိစေရမူကို သုံးနှစ်ကြာအောင် ထိန်းထားခဲ့ရပြီးနောက် ဒေသဆိုင်ရာ ရန်ပုံငွေတွေ ပြတ်တောက်ကုန်ပုံရပါတယ်။ ဒီစုမိတဲ့ငွေတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပိုကောင်းအောင် သုံးမယ်လို့ပဲ တရုတ်အစိုးရက ပြောကြားပါတယ်။

စကော့တလန် ဝန်ကြီးချုပ်ထွက်မယ်

စကော့တလန် ဝန်ကြီးချုပ် နုတ်ထွက်ဖို့ ကြေညာခဲ့ပါတယ်။ နီကိုလာ စတာဂျင်ဟာ ဗြိတိန်ကနေ လွတ်လပ်ရေး ယူချင်တဲ့ စကော့ အမျိုးသားရေး ပါတီရဲ့ ခေါင်းဆောင်ဖြစ်ပြီး စကော့တလန် ပါလီမန်မှာ ၈ နှစ်ကြာအောင် ကြီးစိုးခဲ့ပါတယ်။ ၁၆ နှစ် ၁၇ နှစ် အရွယ်နဲ့ လိင်စိတ်ခံယူချက်ကို တရားဝင် ပြောင်းလို့လွယ်အောင် လုပ်တဲ့ ဥပဒေကို စတာဂျင် ထောက်ခံခဲ့လို့ မကြာခင်က ဝေဖန်ခံခဲ့ရပါတယ်။ သူ့ပါတီထဲက တချို့ကလည်း ဗြိတိန်က ခွဲထွက်ဖို့မှာ ပိုပြီး ပြတ်ပြတ်သားသား လုပ်ချင်နေကြတာ ဖြစ်ပါတယ်။

ချာဂေါ့စ်နဲ့ လူ့အခွင့်အရေး

ချာဂေါ့စ် ကျွန်းသားတွေကို လွန်ခဲ့တဲ့ နှစ် ၅ဝ က အတင်းအကျပ် ရွှေ့ပြောင်းခိုင်းခဲ့တဲ့ ဗြိတိန်နဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကို လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုအဖြစ် လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က စွပ်စွဲလိုက်ပါတယ်။

အမေရိကန် စစ်စခန်းဆောက်ဖို့ ဖယ်ရှားခဲ့ပြီးနောက် အိန္ဒိယ သမုဒ္ဒရာထဲက ကျွန်းစုမှာ နေကြတဲ့ ဒီလူမျိုးစုတွေဟာ ဆင်းရဲမွဲတေမှုနဲ့ ကြုံခဲ့ရကြောင်း လူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ပါရှိပါတယ်။