ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မေလ ၁၂ ရက် နိုင်ငံတဝန်းသတင်းများအနှစ်ချုပ် - ဘုရားသုံးဆူမြို့က ပစ်ခတ်ပေါက်ကွဲမှု ကရင် BGF ဘာပြောလဲ
ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့ပေါ် ဥဒေါင်းကန်ရပ်ကွက်က BGF အဖွဲ့၀င်ဟောင်း ကိုအောင်ခိုင်ရဲ့ နေအိမ်မှာ ယမ်းပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ (KNLA)နဲ့ အပြန်အလှန် ပစ်ခတ်ခဲ့ကြတာဟာ ကရင်နယ်ခြားစောင့်တပ်ဖွဲ့(BGF) နဲ့ မသက်ဆိုင်ဘူးလို့ BGF အဖွဲ့ပြောခွင့်ရသူ ဗိုလ်မှူးနိုင်မောင်ဇော်က ဘီဘီစီကို ပြောပါတယ်။
“ကျွန်တော်တို့တပ်ဖွဲ့နဲ့မသက်ဆိုင်ဘူး။ သူတို့က အရင်က တပ်ဖွဲ့ရဲ့ အမိန့်ကို နားမထောင်ပဲ သူတို့ ဘာသာသူတို့ ရပ်တည်နေတာ။ ကျွန်တော်တို့ ၂၀၂၃ ခုနှစ် ပြန်လည်စုဖွဲ့တဲ့နေရာမှာ သူတို့တွေပါမလာတော့ဘူး။ အကြိမ်ကြိမ်ခေါ်လည်း မလာတော့ဘူး။ အဲဘက်မှာ BGF နာမည်သုံးပြီး သီးခြားရပ်တည်နေတဲ့ သဘောတော့ရှိတာပေါ့။ ဘုရားသုံးဆူ ဘက်ကျတော့လည်း ကျွန်တော်တို့အုပ်ချုပ်မှု လွတ်တာပေါ့” ဗိုလ်မှူးနိုင်မောင်ဇော် ကပြောပါတယ်။
ပစ်ခတ်ပေါက်ကွဲမှုတွေဟာ မေလ ၁၀ ရက်နေ့လည်ပိုင်းမှာ နာရီဝက် နီးပါးကြာအောင် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ဘုရားသုံးဆူဒေသခံတွေကတော့ ကိုအောင်ခိုင်ဟာ ဒေသခံတွေကြားမှာ ကတုံးဆိုတဲ့ နာမည်နဲ့ လက်နက်ပွဲစားလုပ်သူလို့ ဒေသခံတွေကြား လူသိများတယ်ဆိုပြီး ဘီဘီစီကို ပြောပါတယ်။
“နေ့လယ် ၁၂ နာရီ၀န်းကျင်လောက်က အဖွဲ့တစ်ဖွဲ့က လာတဲ့အချိန်မှာ အပြန်အလှန် ပစ်ခတ်တာနဲ့ ပေါက်ကွဲမှုတွေဖြစ်ခဲ့တာ။ သေဆုံးတဲ့သူတွေလည်းရှိတယ်လို့ ကြားတယ်” လို့ ဒေသခံတဦးကလည်း ဘီဘီစီကို ပြောပါတယ်။
ဘုရားသုံးဆူမြို့ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNLA) ဘက်က သတင်းထုတ်ပြန်တာမျိုးတော့ အခုအချိန်အထိ မရှိသေးပါဘူး။
ပစ်ခတ် ပေါက်ကွဲမှုတွေကြောင့် ဘုရားသုံးသူ ဒေသခံ ၁၀၀ နီးပါး ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးခဲ့ကြပြီး ညနေပိုင်းမှာ လူ ၆၀ လောက် နေရပ် ပြန်ကြပေမဲ့ လူ ၄၀ ခန့်ကတော့ ထိုင်း ဘက်ခြမ်းမှာပဲ ရှိနေတယ်လို့ ထိုင်းသတင်းတွေမှာဖော်ပြပါတယ်။
ရန်ကုန်မှာ လောင်းကစား၀ိုင်းစီးနင်းမှု တရုတ်နိုင်ငံသားတွေအပါအဝင် လူ ၅၀ နီးပါးဖမ်းဆီးခံရ
ရန်ကုန်မှာ လောင်းကစား၀ိုင်းစီးနင်းမှု တရုတ်နိုင်ငံသားတွေအပါအဝင် လူ ၅၀ နီးပါး ဖမ်းဆီးခံရ
ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်က သီရိမွန်အိမ်ယာထဲမှာရှိတဲ့ PAL Hotel ဒုတိယထပ်ကို ဝင်ရောက်စီးနင်းချိန် လောင်းကစားဝိုင်းလုပ်နေသူ တရုတ်နိုင်ငံသား ၉ ဦးနဲ့ မြန်မာတွေအပါအဝင် လူပေါင်း ၄၇ ဦးကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။
တရုတ်နိုင်ငံသား မစ္စတာ ယန်ကျန်းဆိုသူ ဖွင့်ထားတဲ့အဲဒီလောင်းကစား၀ိုင်းကို မေလ ၁၀ ရက် မနက် ၁ နာရီခွဲက ၀င်ရောက်စီးနင်းခဲ့တာလို့ဆိုပါတယ်။
လောင်းကစားဝိုင်းကို ဦးဆောင်တဲ့တရုတ်အမျိုးသား၊ အလုပ်လုပ်နေတဲ့ တရုတ်နဲ့ မြန်မာတွေအပြင် ကား ၃၇ စီး၊ လောင်းကစားငွေ သိန်း ၃၀၀ ကျော်၊ ဒါဇင်နဲ့ချီတဲ့ လက်ကိုင်ဖုန်းတွေနဲ့ ငွေရေစက်တွေကိုလည်း သိမ်းမိခဲ့တယ်လို့ ပြောပါတယ်။
ဖမ်းမိတဲ့သူတွေကိုတော့ ဘုရင့်နောင်ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။
မြင်းမူမြို့နယ်၊ လက်ထုတ္တောရွာမှာ လူ ၃၀ ကျော်အသတ်ခံရ
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ လက်ထုတ္တောမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဝင်ရောက်သွားပြီးတဲ့နောက် ဒေသခံ ၃၀ ကျော်ရဲ့ အလောင်းတွေကို တွေ့ခဲ့ရတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ဘီဘီစီကို အတည်ပြုပါတယ်။
စစ်ကောင်စီတပ်စစ်ကြောင်းက လက်ထုတ္တောကျေးရွာကို မနေ့ မနက် ၅ နာရီလောက်မှာ စီးနင်း ဝင်ရောက်ခဲ့ပြီးတဲ့နောက် ပြန်အထွက်မှာ အလောင်းတွေကိုတွေ့ခဲ့တာလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ PDF အမှတ် ၁ စစ်ဒေသကလည်း သတင်းထုတ်ပြန်ပါတယ်။
“ဒီရွာမှာ PDF တွေရှိတယ်ပေါ့။ ဘယ်နေရာလဲမေးတာပေါ့။ PDF မရှိတဲ့နေရာမှ မရှိတာ။ ဒါပေမယ့် ဖြတ်သွားဖြတ်လာဆိုတော့ ရွာသားတွေက နေရာဘယ်သိမလဲ။ အဲဒါမေးလို့ မရလို့ ပစ်သတ်သွားတာ။ ဘုန်းကြီးကျောင်းမှာ ပန်းရံလာလုပ်နေကြတဲ့သူတွေလည်းပါတယ်။ တခြားရွာကဧည့်သည်တွေလည်း ပါတယ်” လို့ မြောင်မြို့ဒေသခံကာကွယ်ရေးအဖွဲ့(CDSOM)အဖွဲ့၀င် ကိုနွေဦးမြောင်က ဘီဘီစီကိုပြောပါတယ်။
လက်ထုတ္တောဟာ မန္တလေး-မုံရွာလမ်းမကြီးပေါ်က မြောင်မြို့ကို သွားတဲ့လမ်းခွဲနဲ့ ချောင်းဦးမြို့ ကြားမှာရှိပြီး မနေ့က စီးနင်းမှုမှာတော့ မြောင်လမ်းခွဲနဲ့ ချောင်းဦးမှာ အခြေချတဲ့ စစ်ကောင်စီ တပ်သားတွေပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်ထုတ္တောရွာနားက မြင်းမူမြို့နယ်ဘက်အခြမ်းမှာ စစ်ကောင်စီရဲ့ ခမရ (၁၃) ခြေမြန်တပ်ရင်း၊ အမှတ်-၉၀၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်းနဲ့ ချောင်းဦးမြို့နယ်ဘက်ခြမ်းမှာ အမှတ်-၉၂၉ ထောက်ပံ့နဲ့ဆက်သွယ်ရေးတပ်ရင်းတွေအပြင် စစ်မှုထမ်းဟောင်းလှုပ်ရှားတပ်ဖွဲ့တွေနဲ့ ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး)အဖွဲ့တွေပါ အခြေစိုက်နေတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
“နောက်တခေါက် သူတို့စစ်ကြောင်း ထိုးလာရင် ကားတွေကို မိုင်းဆွဲတာတွေလုပ်ရင် အကုန် သတ်ပစ်မယ်လို့ ပြောသွားတယ်ဆိုပြီး လွတ်လာသူတွေက ပြန်ပြောပြတယ်” လို့လည်း ကိုနွေဦးမြောင်က ပြောပါတယ်။
လက်ထုတ္တောရွာဟာ ပြီးခဲ့တဲ့နှစ်တုန်းက အိမ်ခြေ ၄၀၀ ကျော် မီးရှို့ခံခဲ့ရတဲ့ကျေးရွာဖြစ်ပါတယ်။
လက်ထုတ္တောရွာဖြစ်စဥ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီတပ်ဘက် တစုံတရာ သတင်းမထုတ်ပြန်သေးပါဘူး။
စစ်ကောင်စီတပ်ရဲ့လှုပ်ရှားမှုသတင်းတွေကို ဖော်ပြနေတဲ့ တယ်လီဂရမ်တွေမှာတော့ သေဆုံးခဲ့သူတွေကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက သတ်ဖြတ်သွားတာဆိုပြီး ရေးသားဖော်ပြနေကြပါတယ်။
ခရီးသွားမြှင့်တင်ဖို့ဆိုပြီး ဝင်းကမွန်ရွာကို ထိုင်းဝန်ကြီးချုပ်သွား
ထိုင်းဝန်ကြီးချုပ် ဆေထာ ထဝီဆင်ဟာ ခရီးသွားမြှင့်တင်ဖို့ဆိုပြီး မွန်လူမျိုးတွေအများစုနေထိုင်ရာ ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံခလပူရီမြို့နယ်ထဲက ဝင်းကရွာကို မနေ့က သွားရောက် လည်ပတ်ခဲ့ပါတယ်။
ဝင်းကရွာဟာ စံခလပူရီမြို့ရဲ့ တစ်ဖက်ကမ်းမှာရှိပြီး ကမ္ဘာလှည့်ခရီးသွားတွေကြားမှာ ထိုင်းရဲ့ အရှည်ဆုံးသစ်သားတံတားရှိတဲ့နေရာအဖြစ် နာမည်ကြီးပါတယ်။
ဝန်ကြီးချုပ်ဆေထာကတော့ စံခလပူရီမြို့နယ်ဟာ တောတောင်တွေ၊ မြစ်တွေနဲ့ပြည့်နေတဲ့သဘာဝရှုခင်းတွေရှိတဲ့နေရာဖြစ်သလို ထိုင်းနဲ့မွန်တွေ ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေထိုင်တဲ့နေရာဖြစ်လို့ ခရီးသွားတွေ သွားရောက်လည်ပတ်သင့်တဲ့နေရာလို့ ညွှန်းပါတယ်။
စံခလပူရီမြို့နယ်မှာ သွားရောက်လည်ပတ်အသင့်ဆုံးနေရာဟာ ဆရာတော်ဦးဥတ္တမ ကျောင်းနဲ့ ကမ္ဘာမှာ ဒုတိယမြောက်အရှည်ဆုံးဖြစ်တဲ့ မွန်သစ်သားတံတားလို့လည်း သူက ဖိတ်ခေါ်ပါတယ်။
ဝင်းကရွာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော်တုန်းက မွန်ဆရာတော် ဦးဥတ္တမတည်ထောင်ခဲ့တဲ့ရွာဖြစ်ပြီး မွန်လူမျိုး ထောင်နဲ့ချီနေထိုင်နေကြတဲ့ရွာဖြစ်ပါတယ်။ နှစ်ပေါင်းများစွာနေထိုင်နေကြတဲ့ရွာဖြစ်တာကြောင့် အဲဒီမှာနေထိုင်တဲ့မွန်အများစုဟာ ထိုင်းနိုင်ငံသားတွေဖြစ်နေပြီဖြစ်ပါတယ်။
ဒီပဲယင်းမြို့နယ်မှာ စစ်တပ် ဗုံးကြဲလို့ လူ ၇ ဦးသေဆုံး
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ ထန်းတပင်ကျေးရွာအုပ်စုထဲက မကြီးအုပ်ကျေးရွာထဲကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲလို့ လူ ၇ ဦး သေဆုံးပြီး ဒဏ်ရာရသူ ၂၇ ဦးထိရှိခဲ့တယ်လို့ ဒေသခံတွေက ဘီဘီစီကို အတည်ပြုပြောပါတယ်။
“ရွာလေးကသေးသေးလေး။ အိမ်ခြေက ၃၀ လောက်ပဲရှိတော့ စာသင်ကျောင်းကိုကြဲတယ်လို့လည်း ပြောလို့ရတယ်။ ရွာထဲကြဲတယ်လို့လည်း ပြောလို့ရတယ်။ ချက်ချင်း သေတာက ၃ ယောက်ပဲ။ ည ၈ နာရီလောက်ကျတော့ ၇ ယောက်ဖြစ်သွားတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။
မနေ့ မေလ ၁၁ ရက် နေ့လယ်ပိုင်းက စစ်ကောင်စီက လေယာဉ်နဲ့ဗုံး ၄ လုံးကြဲခဲ့သလို စက်သေနတ် တွေနဲ့ပါပစ်ခဲ့တာလို့လည်း ပြောပါတယ်။
အဲဒီနေရာမှာ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ဒရုန်းသင်တန်းပေးတယ်ဆိုပြီး သတင်းရလို့ စစ်ကောင်စီက ဗုံးလာကြဲတာဖြစ်နိုင်ပြီး မြေပြင်မှာ ဒရုန်းသင်တန်းပေးတာ မရှိဘူးလို့လည်း ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ဒဏ်ရာရတဲ့သူတွေကိုတော့ နီးစပ်ရာဆေးခန်းတွေကို ခွဲပို့နေတယ်လို့လည်း ဒေသခံတွေက ဘီဘီစီ ကို ပြောပါတယ်။
မြို့သစ်မြို့စခန်းမှူးအပါအဝင် ရဲ ၂၁ ဦးလက်နက်ချ
စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်ထဲက မြို့သစ်မြို့ကို တော်လှန်ရေးပူးပေါင်းအဖွဲ့တွေက သိမ်းပိုက်တဲ့ တိုက်ပွဲအတွင်း မြို့သစ်မြို့ စခန်းမှူး ရဲအုပ်၊ ဒုရဲအုပ်တွေနဲ့ ရဲတပ်သား ၂၁ ဦး လက်နက်ချခဲ့တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်လာပါတယ်။
မြို့သစ်မြို့မှာ အခြေစိုက်တဲ့ အမှတ် ၂၂၈ ခြေလျင်တပ်ရင်း၊ ရှမ်းနီတပ်မတော် တပ်မဟာ ၈၉၁ (တပ်ရင်း ၃)၊ ကသည်းတပ်ဖွဲ့၊ ရဲနဲ့ ပြည်သူ့စစ်(အရပ်အခေါ် ပျူစောထီး)တွေကို ၇ ရက်ကြာတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ ရဲတွေ လက်နက်ချခဲ့တာဖြစ်သလို မြို့ကိုလည်း သိမ်းနိုင်ခဲ့တာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
မြို့သိမ်းတိုက်ပွဲကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)ရဲ့ တမူးခရိုင်တပ်ရင်း ၂၊ အထူးလှုပ်ရှား တပ်ရင်း ၉၊ ကူကီးအမျိုးသားတပ်(KNA(B))၊ အမျိုးသားလွတ်မြောက်ရေးတပ် (NLA) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
အဲဒီတိုက်ပွဲမှာ လက်နက်ငယ် ၂၉ လက်အပါအဝင် ခဲယမ်းမီးကျောက်တွေကိုလည်း သိမ်းမိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က သေဆုံးစာရင်းကို စုံစမ်းနေလို့ NUG ကာကွယ်ရေးဝန်ကြီး ဌာနက ပြောပါတယ်။
မြို့သစ်မြို့ဟာ အိန္ဒိယ-မြန်မာနယ်စပ် တမူးမြို့နယ်ထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရက မြို့သိမ်းထားနိုင်ပြီလို့ကြေညာထားတဲ့ ဒုတိယမြို့ဖြစ်ပြီး တမူးနဲ့ ကလေးမြို့နယ်ကြားက ခမ်းပတ်မြို့ကို NUG က ပြီးခဲ့တဲ့နိုဝင်ဘာလ တုန်းက သိမ်းပိုက်ခဲ့ပါတယ်။