ဒီဇင်ဘာ ၂ ရက် ထိပ်တန်းသတင်းများစုစည်းမှု-သေဒဏ်စီရင်မယ် ဆိုတဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေ
ဦးထွန်းထွန်းဟိန်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုနဲ့ ထောင် နှစ် ၂၀ စစ်ကောင်စီထပ်ချ ထပ်မံရင်ဆိုင်ရမယ့်အမှု ၃ ခုကျန်ရှိသေး

ဓာတ်ပုံ ရင်းမြစ်, EPA
ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌဟောင်း ဦးထွန်းထွန်းဟိန်ကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှု ပုဒ်မ ၁၂၂ နဲ့ စစ်ကောင်စီက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။
ဦးထွန်းထွန်းဟိန်ကို စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ နောင်ချိုမြို့မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး အဲဒီနောက် လားရှိုးအကျဥ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။
အဲဒီနောက် ဦးထွန်းထွန်းဟိန်ကို ပုဒ်မ ၅၀၅ (က)၊ အမျိုးသားဒီမိုကရေစီချုပ်ပါတီက ထုတ်ပြန်ခဲ့တဲ့ စာနှစ်စောင်နဲ့ပတ်သက်လို့ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) တို့နဲ့ တရားစွဲဆိုခဲ့ပြီး ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းမှာ အဲဒီအမှုနှစ်မှုနဲ့ ထောင် စုစုပေါင်း လေးနှစ်ကို ချမှတ်ခဲ့ပါတယ်။
ဒါကြောင့် ဦးထွန်းထွန်းဟိန်ဟာ အခုဆို စုစုပေါင်း ထောင် ၂၄ နှစ်အထိ ရှိလာပြီဖြစ်ပါတယ်။
ဒါ့အပြင် ဦးထွန်းထွန်းဟိန်ကို စစ်ကောင်စီက ရွေးကောက်ပွဲမှာ မဲမသမာမှုပြုလုပ်တယ်ဆိုပြီး ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) နဲ့ နောက်ထပ်အမှု ၃ မှုထပ်မံစွဲဆိုထားပါသေးတယ်။
အဲဒီအမှုသုံးမှာမှာတော့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညီညီအောင်၊ ဦးအောင်မြင့်ထွန်းတို့နဲ့တစ်မှုစီ၊ ၂၀၂၀ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲအောင်နိုင်ရေးဆောင်ရွက်ပေးခဲ့သူ ၄င်းရဲ့ သမီးဖြစ်သူနဲ့အတူ တစ်မှု စုစုပေါင်း သုံးမှု ဆက်လက်ရင်ဆိုင်ရဖို့ရှိနေပါတယ်။
ရာဇသတ်ကြီးပုဒ်မ ၁၃၀ (က) ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးထောင် ၃ နှစ်အထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါတယ်။
ဦးထွန်းထွန်းဟိန်ဟာ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာဝေဒနာ ခံစားနေရပြီး အထူးကုဆရာဝန်ကြီးတွေနဲ့ ရေရှည် ကုသနေရတာဖြစ်တာကြောင့် ထောင်တွင်းမှာ ဆေးကုသမှုရဖို့ တင်ပြခဲ့ပေမဲ့ ဆေးကုသခွင့်မရခဲ့ဘဲ လိုအပ်တဲ့ဆေးဝါးတချို့သာ ပို့ဆောင်ခွင့်ရခဲ့တယ်လို့ မိသားစုဝင်က ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
“ဖေဖော်ဝါရီမှာခေါ်သွားပြီး မတ်လထိ အဆက်အသွယ်မရဘူး။ ဖေဖေက လပိုင်းတောင်ဆေးက ပြတ်လို့မရဘူး။ ဒါကြောင့် ဆေးကုသခွင့်ကိုတရားရုံးကနေတင်တယ်။ ဆေးကုသခွင့်မရဘူး။ ဖျားရင် ထောင်ဆရာဝန် ကုလိမ့်မယ်ဆိုပြီး ဆေးကုသခွင့်ပယ်ချတော့ ဟုတ်ပြီ ဒါဆို လိုအပ်တဲ့ဆေးကို ပေးခွင့်ရလားဆိုတော့ သူတို့က ကိုဗစ်နဲ့ဘာနဲ့ရောချပြီး ထောင်ဝင်စာတွေ့လို့မရဘူး။ ဒါပေမဲ့ ဆေးတွေဘာတွေ ပေးမယ်ဆိုရင် ထောင်ဝင်စာတော့ပို့ပေးပေါ့။ လူချင်းကတော့ တွေ့လို့မရဘူးပေါ့။ လိုအပ်တဲ့ဆေးတွေဘာတွတော့ ပို့လို့ရတယ်။ ဆေးကတော့ ဒီကြားထဲမှာ အများနည်းတူပဲကုရတယ်”လို့ သူက ပြောပါတယ်။
အသက် ၇၃ နှစ်အရွယ် ဦးထွန်းထွန်းဟိန်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်တစ်ဦး ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ် နောင်ချိုမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် အနိုင်ရခဲ့ပါတယ်။ အဲဒီနောက် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာလည်း နောင်ချိုမြို့နယ်ကနေပဲ ရွေးကောက်ပွဲဝင်ရောက်ယှဥ်ပြိုင်ပြီး အနိုင်ရခဲ့ပါတယ်။
ဦးထွန်းထွန်းဟိန်ဟာ ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်းအနိုင်ရရှိခဲ့လို့ ရွေးကောက်ပွဲသုံးကြိမ် အနိုင်ရထားတဲ့ ဝါရင့်နိုင်ငံရေးသမားတစ်ဦးလည်းဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရတဲ့ NLD ပါတီဝင်နဲ့ လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၁၁၆၉ ဦးရှိပြီး ၄င်းတို့အနက် ဖမ်းဆီးထားချိန်ကာလအတွင်း သေဆုံးသူ လွှတ်တော်ကိုယ်စားလှယ် ၂ ဦးအပါအဝင် စုစုပေါင်း ၆၇ ဦးရှိကြောင်း NLD ပါတီက နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ထီးချိုင့်မြို့နယ်၊ ကျက်သရေချောင်းရွာအနီး တိုက်ပွဲဖြစ်နေပြီး ဒေသခံတွေ ထွက်ပြေးနေရ

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှာ ဒီနေ့ ဒီဇင်ဘာ ၂ ရက် မနက်ပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့နဲ့ ဒေသကာကွယ်ရေးတို့ ကျက်သရေချောင်းရွာအနီးမှာ ထိတွေ့မှုဖြစ်ပြီး ရွာသားတွေ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထီးချိုင့်အတွင်း သခွတ်ချောင်ရွာထိပ်ကနေ ကျက်သရေချောင်းရွာဘက် တောင်ကုန်းပေါ် လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေလည်း ရှိနေတယ်လို့ဆိုပါတယ်။
ဒီကျက်သရေချောင်းရွာဟာ နိုဝင်ဘာ ၁၁ ရက်နေ့က မီးရှို့ခံထားရတဲ့ရွာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် လေကြောင်းပစ်ခတ်မှုတွေပါရှိနေပြီး ဒီမနက်ရော မနေ့ည ၁၁ နာရီကျော်ကပါ ထီးချိုင့်ဘက်ကို လေကြောင်းပစ်ခတ်တာတွေ ရှိတယ်လို့ ဆိုပါတယ်။
ဒီဇင်ဘာ ၁ရက် ညပိုင်း လေကြောင်းပစ်ခတ်မှုဟာ လေသာရွာမှာဖြစ်ပြီး ညနေပိုင်းကလည်း ကျေးရွာနေအိမ်တွေ မီးရှို့သွားလို့ နေအိမ်အလုံးပေါင်း ၂၀၀ကျော် ပါသွားတယ်လို့ ဒေသခံတွေက ဆက်သွယ်ပြောကြားပါတယ်။
မီးရှို့ခံရတဲ့ လေသာရွာထိပ် အမှိုက်ပုံမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦး သေဆုံးနေတဲ့ အလောင်းတွေ့ရသလို တပ်မ ၈၈ ယူနီဖောင်းတွေလည်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထီးချိုင့်မြို့နယ်အတွင်း တစ်ပတ်ကျော်ကြာ စစ်ရေးတင်းမာမှုနဲ့ တိုက်ပွဲအခြေအနေ၊ လေကြောင်းပစ်ခတ်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။
ပခုက္ကူမှာ အမျိုးသမီးနှစ်ဦး အတူဆိုင်ကယ်စီးခွင့်မရှိအပါအဝင် အမျိုးသမီးတွေကို ကန့်သတ်စစ်ဆေးတာတွေတင်းကျပ်နေ

ဓာတ်ပုံ ရင်းမြစ်, CJ
မကွေးတိုင်း၊ ပခုက္ကူမြို့ထဲမှာ စစ်ကောင်စီခန့် ရပ်ကျေးအဖွဲ့ဝင်တွေ အသတ်ခံရပြီးနောက်ပိုင်းမှာ မြို့ခံအမျိုးသမီးတွေဟာ ဆိုင်ကယ်တစ်စီးကို နှစ်ယောက်အတူ စီးခွင့်လုံးဝမရှိတော့တာ အပါအဝင် ၊ သွားလာတဲ့အခါမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးခံနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပခုက္ကူမြို့က အမှတ် ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးကို နိုဝင်ဘာ ၂၂ ရက်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အမျိုးသမီးတွေက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Earthquake ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
အဲဒီနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနက နိုဝင်ဘာ ၂၄ ရက်ကစပြီး မနက် ၈ နာရီကနေ ညနေ ၆ နာရီအတွင်းသာ ဆိုင်ကယ်စီးနင်းဖို့၊ ဆိုင်ကယ်ကို တစ်ယောက်တည်းသာ စီးဖို့နဲ့ သတ်မှတ်နာရီထက်ကျော်ရင် အရေးယူခံရမယ်ဆိုပြီး ထုတ်ပြန်လိုက်ပါတယ်။
စစ်ကောင်စီက ထုတ်ပြန်ပြီးနောက်ပိုင်း ညနေ ၆ နာရီထက်ကျော်ပြီးသွားလာတဲ့ ဈေးသည်တစ်ယောက်နဲ့ ဆိုင်ကယ် နှစ်ယောက်စီးမိတဲ့အမျိုးသမီးနှစ်ယောက် ပစ်ခတ်ခံရတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။
ဆိုင်ကယ်နှစ်ယောက်စီးခွင့်ပိတ်ပင်တဲ့ တခြားမြို့နယ်တွေမှာတော့ အမျိုးသားတွေကိုသာ နှစ်ယောက်စီးခွင့်မပေးတာများပါတယ်။ ပခုက္ကူမှာတော့ အမျိုးသမီးတွေပါ စီးခွင့်မရတော့တာ ဖြစ်ပါတယ်။
ထုတ်ပြန်ချက်မှာ ဆိုင်ကယ်နှစ်ယောက်စီးခွင့်မပေးတာနဲ့ အပြင်ထွက်ချိန် ကန့်သတ်လိုက်တာသာ ပါပေမဲ့ လက်တွေမှာတော့ အမျိုးသမီးတွေကို စစ်ဆေးတဲ့အခါမှာ ကာယိန္ဒြေပျက်စေနိုင်တဲ့အထိ ဝတ်စားဆင်ယင်မှုတွေကိုပါ စစ်ဆေးနေတာဖြစ်တယ်လို့ မြို့ခံအမျိူးသမီးတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
ဆိုင်ကယ်နှစ်ယောက်စီးနင်းခွင့်မရတာကြောင့် အလုပ်သွားပြန်၊ ဈေးရောင်း၊ ဈေးဝယ်ကိစ္စ၊ ကျန်းမာရေးအတွက် ဆေးခန်းပြရတာတွေ အပါအဝင် အခက်ခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို အမျိုးသမီးတွေကို ကာယိန္ဒြေပျက်ယွင်းအောင် စစ်ဆေးမှုတွေပြုလုပ်နေတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်နဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့တစ်စုံတစ်ရာထုတ်ပြန်တာမရှိသေးပါဘူး။
စစ်ကောင်စီလက်အောက်ခံ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပြီးနောက်ပိုင်း တစ်ပတ်အတွင်းမှာ ပခုက္ကူမြို့အတွင်း အချိန်လွန်ပြီး ဆိုင်ကယ်စီးမိသူ ၊ မသင်္ကာလို့ ဖမ်းဆီးခံရသူ အရပ်သား ၅၀ ဝန်းကျင်လောက်ရှိနေတယ်လို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကနေ သိရပါတယ်။
သေဒဏ်စီရင်မယ် ဆိုတဲ့ သတင်းတွေကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေ၊ သေဒဏ်ကို အယူခံခွင့် ဘယ်လို အဆင့်တွေ ကျန်ရှိနေပါသလဲ။

ဓာတ်ပုံ ရင်းမြစ်, ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ
ပြီးခဲ့တဲ့ ရက်ပိုင်းက သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ဒဂုံတက္ကသိုလ်ကျောင်းသားတွေကို လာမယ့် ဒီဇင်ဘာ ၇ ရက်နေ့မှာ သေဒဏ်စီရင်မယ်ဆိုတဲ့သတင်းတွေ လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေပါတယ်။ ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦးအပါအဝင် စုစုပေါင်း လူငယ် ၁၀ ဦး ကို တောင်ဒဂုံနဲ့ မြောက်ဒဂုံမြို့နယ်တို့မှာ ပြီးခဲ့တဲ့ ဧပြီလနဲ့မေလတို့မှာ ဖြစ်ပွားခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှုနှစ်ခုအတွက် နိုဝင်ဘာ ၃၀ ရက်တုန်းက စစ်ခုံရုံးတွေကနေ သေဒဏ်ချမှတ်ခဲ့တယ်လို့မိသားစုနဲ့နီးစပ်သူတွေထံက သိရပါတယ်။ ဒီအမိန့် ထွက်လာခဲ့တဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ ကျောင်းသားတွေကို သေဒဏ်စီရင်မယ်ဆိုတဲ့ သတင်းတွေက လူမှုကွန်ရက်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်လာနေတာပါ။ ဒါနဲ့ပတ်သက်လို့ ဥပဒေအကြံပေးတစ်ဦးကိုမေးကြည့်တော့ "ဥပဒေကြောင်းအရတော့ အမိန့်ချပြီးပြီးချင်း ပြစ်ဒဏ်ပေးတယ်ဆိုတာမျိုး မဖြစ်နိုင်ပါဘူး။ ကြားမှာ အယူခံအဆင့် ရှိပါတယ်။ အယူခံကို လက်ခံမခံ ရှိတယ်။ အယူခံအခွင့်အရေးကိုပယ်လို့မရဘူး။ အယူခံအခွင့်အရေးကို စစ်ခုံရုံးက ချထားတာမို့ ၇ ရက်အတွင်း တင်ရမယ်။ တင်လိုက်ပြီးရင် ရက်ပေါင်း ၉၀ အတွင်း ဆုံးဖြတ်ချက်ပြန်ချပေးရမယ်။ အတည်ပြုရင်ပြုတယ်။ ပယ်ရင်ပယ်တယ်။ လျှော့ရင် လျှော့တယ်ပေ့ါ။ တစ်သက်တစ်ကျွန်းတို့ အနှစ် ၂၀ တို့ ပြန်လျှော့ခဲ့တာတွေရှိတယ်။ အယူခံက သူ့ရဲ့ ဥပဒေအရအခွင့်အရေးပါ။ အယူခံပယ်ရင်တောင် အသနားခံစာရှိတယ်။ အသနားခံစာက တပ်ချုပ်ဆီတင်ရတာ။ အဲဒါကလည်း ဘယ်လောက်ပဲမြန်တယ်ဆိုဦးတော့ တစ်လကနေ တစ်လခွဲအထိ ကြာပါတယ်။ ဆိုတော့ အမိန့်ချတဲ့နေ့ကနေ ငါးလခြောက်က်လ အဲဒီအဆင့်တွေဖြတ်ရမှာပါ "လို့ ရှင်းပြပါတယ်။ အာဏာသိမ်းပြီးတဲ့နောက် စစ်ခုံရုံးက ချမှတ်တဲ့ သေဒဏ်တွေကိုအယူခံတင်တာကို သက်ဆိုင်ရာအကျဥ်းထောင်တွေက ဆောင်ရွက်ပေးတယ်လို့ သိရကြောင်း ၄င်းက ဆက်ပြီးရှင်းပြပါတယ်။
မြောက်ဥက္ကလာပမြို့နယ်မှာ ပြီးခဲ့တဲ့နှစ်က ကျောင်းဆရာမတစ်ဦး လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ သေဒဏ်ချမှတ်ခံထားရတဲ့လူငယ်တွေထဲက အမျိုးသမီးတစ်ဦးလည်း အယူခံတင်ခဲ့ရာမှာ သေဒဏ်ကနေ ထောင် အနှစ် ၂၀ ကို ပြန်လည်လျှော့ချခံခဲ့ရတာ ရှိခဲ့ဖူးပါတယ်။ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP) ရဲ့ နိုဝင်ဘာ ၃၀ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာသေဒဏ်ချမှတ်ခံထားရသူပေါင်း ၁၂၈ ဦး ရှိနေပြီး အခု ၁၀ ယောက်ပါထပ်ပေါင်းရင် ၁၄၀ နီးပါးရှိလာပါတယ်။ မြန်မာနိုင်ငံမှာ သေဒဏ်စီရင်မှု မလုပ်တာ နှစ်ပေါင်း ၃၀ ကျော်ကြာခဲ့ပြီဖြစ်ပေမဲ့ ဦးဂျင်မီနဲ့ဦးဇေယျာသော်အပါအဝင် ၄ ဦးကို စီရင်ခဲ့လို့ ပြည်တွင်းပြည်ပက အပြင်းအထန်ကန့်ကွက်ရှုတ်ချခဲ့ကြပါတယ်။ သူတို့ ၄ ဦးနောက်ပိုင်း သေဒဏ်စီရင်မှုတွေ ဆက်ရှိနေလားလို့ မေးမြန်းဖို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။








