နိုဝင်ဘာ ၂၆ ရက်ထိပ်တန်းသတင်းများ - ဟုမ္မလင်းမှာ စစ်တပ်စခန်းတိုက်ခိုက်ခံရပြီး စစ်ရေးတင်းမာ

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့က လွှစင်ကုန်းကျေးရွာမှာရှိတဲ့ ရှမ်းနီတပ်(SNA)နဲ့ စစ်ကောင်စီတို့ တပ်စခန်းကို ဟုမ္မလင်းကာကွယ်ရေးတပ်ဖွဲ့(PDF)နဲ့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)တို့က နိုဝင်ဘာ ၂၃ ရက်မှာ တိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ ဒီနေ့အထိ စစ်ရေးတင်းမာနေပါတယ်။

အစောပိုင်းမှာ KIA/PDF ပူးပေါင်းတပ်ဖွဲ့က အဲဒီစခန်းကို သိမ်းပိုက်ခဲ့ပေမဲ့ အခုတော့ စစ်တပ်နဲ့ရှမ်းနီတပ် ပူးပေါင်းတပ်ဖွဲ့တို့က ပြန်လည်ထိန်းချုပ်ထားနိုင်ပြီလို့ စစ်ကောင်စီရဲ့ တယ်လီဂရမ်ချန်နယ်လ်တွေမှာ ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ဟုမ္မလင်းမြို့က ဒေသခံတစ်ဦးကတော့ “မနေ့ကအထိ လက်နက်ကြီးနဲ့ ပစ်တဲ့အသံတွေကြားနေရတယ်၊ အိမ်တောင်တုန်တယ်။ ကျွန်တော်တို့တော့ အပြင်မထွက်ကြည့်ရဲဘူး” လို့ ဘီဘီစီကို ဒီနေ့ နေ့လယ်ပိုင်းမှာ ပြောပါတယ်။

လွှစင်ကုန်းရွာအနီးမှာရှိတဲ့ နောင်ပိုအောင်ကျွေးရွာဒေသခံတစ်ဦးကလည်း”ဟိုနေ့က တိုက်ပွဲတွေဖြစ်တော့ လွှစင်ကုန်းရွာက လူတွေ ဒီဘက်ကို စစ်ဘေးရှောင်လာကြတယ်။ လူကတော့များတယ် အယောက်တစ်ရာကျော်ရှိတယ်” လို့ ဘီဘီစီကိုပြောပါတယ်။

လက်ရှိတိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီး ဟုမ္မလင်းကာကွယ်ရေးတပ်ဖွဲ့ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။

လက်ရှိမှာ စစ်ကောင်စီနဲ့ SNA တပ်တို့ဟာ ဟုမ္မလင်းမြို့ထဲမှာ ဧည့်စာရင်းစစ်တာတွေပြုလုပ်ပြီး မြို့ခံတွေကို ဖမ်းဆီးမှုတွေရှိနေသလို ညမထွက်ရအမိန့်ကို ည ၁၂ နာရီကနေ မနက် ၄ နာရီအထိ သတ်မှတ်ထားပေမယ့် ည ၈ နာရီကျော်တာနဲ့ စစ်ဆေးမှု တင်းကြပ်တာတွေ လုပ်နေတယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြနေပါတယ်။

သပိတ်လှုပ်ရှားခဲ့တဲ့မြောက်ဒဂုံ ၄၀ ဈေးက ဆိုင်ခန်းအချို့ဖျက်ဆီးခံရ

ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်ထဲက ၄၀ ဈေးမှာ မနေ့တုန်းက လူထုသပိတ်လှုပ်ရှားမှုဆောင်ရွက်ခဲ့ပြီးနောက် ဈေးဆိုင်ခန်း ဆယ်ချီကို စစ်ကောင်စီဘက်က ဖျက်ဆီးခဲ့တယ်လို့ သပိတ်အင်အားစုတွေက ပြောပါတယ်။

"မနေ့ညက မီးမှိတ်ပြီးတော့ ည ၁၀ နာရီကနေ ၁၂ နာရီကြားမှာ ဖျက်တယ်။ ကုန်ခြောက်တွေ၊ အသားစိမ်းတွေအကုန်ယူသွားတယ်။ ဒီမနက်ဈေးလည်း မထွက်ခိုင်းဘူး၊ အင်အားရာနဲ့ချီချထားတယ်" လို့ သပိတ်လှုပ်ရှားခဲ့တဲ့ ကိုနန်းလင်းက ပြောပါတယ်။

လက်ရှိမှာတော့ သပိတ်ပြုလုပ်ခဲ့တဲ့နေရာ၀န်းကျင်က စီစီတီဗီမှတ်တမ်းတွေကို စစ်ကောင်စီက စစ်ဆေးဖို့လုပ်နေကြောင်း သိရပြီး သပိတ်အင်အားစုတွေအဖမ်းခံရတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

ဒေသခံအချို့အပြောအရလည်း မြောက်ဒဂုံ ၄၀ ဈေးမှာ ဈေးဖွင့်လှစ်ဖို့ကြောက်လန့်နေကြတယ်လို့ ဆိုပါတယ်။

"အဲဒီဈေးလေးက မနက်ဆိုလူစည်တယ်။ ဆန္ဒပြပွဲဖြစ်သွားတော့ ဒီပွဲကိုလက်ခံရမလားဆိုတဲ့ အငြိုးနဲ့ ညဘက်ကြီးဝင်ဖျက်ဆီးတာ။ အရမ်းစည်တဲ့ဈေးက လူမရှိတော့တာပေါ့" လို့ မြောက်ဒဂုံဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဈေးဆိုင်ထပ်ဖွင့်ရင် မီးရှို့မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုတာတွေလည်းရှိတယ်လို့ သူကဆက်ပြောပါတယ်။

မနေ့တုန်းကတော့ သပိတ်အင်အားစုတွေက စစ်တပ်အနေနဲ့ လူထူထောက်ခံမှုမရှိတာကြောင့် ကျဆုံးတော့မယ့်အကြောင်း၊ လူထုလွတ်မြောက်ရေးတိုက်ပွဲသာ အောင်ပွဲရမယ့်အကြောင်း ကြွေးကြော် ဆန္ဒပြခဲ့တာဖြစ်ပါတယ်။

စစ်ကောင်စီကတော့ သပိတ်လုပ်ခဲ့တဲ့ မြောက်ဒဂုံ ၄၀ ဈေးဖြစ်စဥ်နဲ့ပတ်သက်ပြီး ဒီနေ့မနက်ပိုင်းအထိ တစုံတရာသတင်းထုတ်ပြန်တာမရှိသေးပါဘူး။

လောက်ကိုင် လမ်းပြန်ပွင့်လို့ လူထောင်ချီ လားရှိုးဘက်ကို ထွက်ခွာနေကြ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့ထဲမှာ ပိတ်မိနေကြတဲ့လူထောင်ချီဟာ မနေ့ နိုဝင်ဘာ ၂၅ ရက်နေ့ မနက်အစောပိုင်းတည်းက ကိုးကန့်တပ်(MNDAA)ဘက်ကနေ လမ်းပြန်ဖွင့်ပေးထားတာကြောင့် နေရပ်ပြန်တဲ့သူတွေ အရမ်းများပြီး ကားတွေကြောင့် လမ်းပိတ်နေတဲ့မြင်ကွင်းတွေ လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဒီကနေ့ ထွက်ပေါ်လာပါတယ်။

နေရပ်ပြန်ဖို့လုပ်နေသူတစ်ဦးကတော့ “မနေ့ကတည်းက ကားတွေနဲ့ပိတ်နေတာ ညဘက်တွေအထိ တစ်နေကုန်ပဲ။ ကျွန်တော်တို့ကတော့ လမ်းပွင့်တုန်း လမ်းလျှောက်ပြန်ရမှာပဲလို့” ဘီဘီစီကိုပြောပါတယ်။

‘’ဝ’’ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသထဲက နမ့်တစ်မြို့နယ်ခွဲဘက်ကနေ လားရှိုးမြို့ဘက်ကို အခကြေးငွေနဲ့ ကားပြေးဆွဲနေသူတစ်ဦးကလည်း ”ကျွန်တော့်ဆီကို မနေ့ကတည်းက ဖုန်းတွေဆက်လာကြတာ နမ့်တစ်ကို ရောက်ပြီဆိုပြီး ပြောတယ်။ တောလမ်းတွေကနေတစ်ဆင့် လမ်းလျှောက်လာကြတယ်ပြောတယ်။ ကျွန်တော်ကတော့ လောက်ကိုင်အထိတော့ တက်မခေါ်နိုင်ဘူးပေါ့” လို့ ဘီဘီစီကိုပြောခဲ့တာဖြစ်ပါတယ်။

လောက်ကိုင်မြို့အနီး ပါဆင်ကျော်ရွာဂိတ်မှာတော့ စစ်ဆေးတာတွေမရှိဘဲ လမ်းဖွင့်ပေးထားပြီး ဆယ်တန်ဂိတ်မှာတော့ ကိုးကန့်တပ်တွေဘက်ကနေ စစ်ဆေးတာတွေရှိလို့ ဆယ်တန်ဂိတ်ကို ရှောင်ဖို့ တောလမ်းကနေ ဖြတ်လျှောက်ခဲ့ကြတယ်လို့ လောက်ကိုင်ကနေ ထွက်လာတဲ့ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

တရုတ်သံရုံးကနေ လောက်ကိုင်မြို့ထဲမှာ ကျန်ရှိနေတဲ့ တရုတ်နိုင်ငံသားတွေ ချက်ချင်းထွက်ခွာဖို့ နိုဝင်ဘာ ၂၄ ရက်က တိုက်တွန်းပြီးနောက်နေ့မှာပဲ ပြည်ထောင်စုလမ်းမကြီးကို ကိုးကန့်တပ်တွေက ပြန်ဖွင့်ပေးလိုက်တာဖြစ်ပါတယ်။

မနေ့ နိုဝင်ဘာ ၂၅ ရက်မှာလည်း လောက်ကိုင်မြို့ထဲကနေ တရုတ်-မြန်မာနယ်စပ်မျဥ်း BP-127 ခြံစည်းရိုးနားကို စစ်ဘေးရှောင်လာတဲ့ ကိုးကန့်ဒေသခံတွေကို တရုတ်ဘက်က မျက်ရည်ယိုဗုံးကြဲပြီး ဟန့်တားခဲ့ပါတယ်။

တရုတ်-မြန်မာနယ်စပ် တရုတ်ဘက်ခြမ်းမှာတော့ တရုတ်တရုတ်တောင်ပိုင်းစစ်ဒေသဟာ ပုံမှန်စစ်ရေးလေ့ကျင့်မှုဆိုပြီး မနေ့ နိုဝင်ဘာလ ၂၅ ရက်မှာ ကျည်အစစ်ပစ်ခတ်မှုတွေပါပြုလုပ်တဲ့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေပါတယ်။

တရုတ်ဘက်ကတော့ နယ်စပ်မှာ တပ်ဖွဲ့တွေကို ဖြန့်ကြက်ချထားနိုင်တာနဲ့ နယ်စပ်လုံခြုံရေးအတွက် ရည်ရွယ်ပြီး အခုလိုစစ်ရေးလေ့ကျင့်မှုပြုလုပ်တာလို့ ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး KNDF ထံ လက်နက်ချ

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ထံ လက်နက်ချလာတယ်လို့ KNDF ဗဟိုသတင်းနှင့်ပြန်ကြားရေးဌာနက နိုဝင်ဘာလ ၂၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

လွိုင်ကော်မြို့မှာ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ဖော်ဆောင်နေတဲ့ ၁၁၁၁ စစ်ဆင်ရေးကြောင့် လွိုင်ကော်မှာ စစ်ရေးတင်းမာနေပြီး လွိုင်ကော်တစ်မြို့လုံးနီးပါး စစ်ဘေးရှောင်နေကြရပါတယ်။

တောင်ကြီးကနေလာတဲ့ လွိုင်ကော်မြို့ဘက်အခြမ်းကိုလည်း စစ်ကောင်စီတပ်က ပိတ်ထားတာကြောင့် တိုက်ပွဲမှာ လက်နက်ကြီးထိမှန်တာနဲ့ ပစ်ခတ်ခံရတာကြောင့် ဒဏ်ရာရတဲ့သူတွေဟာ မြို့ထဲမှာ ပိတ်မိနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

“ကယ်ဆယ်ရေးအဖွဲ့တွေလည်း ဘာမှလုပ်နိုင်တဲ့အနေအထား မရှိတော့ဘူး။ မြို့ထဲမှာ ဒဏ်ရာရတဲ့သူတွေကို လွိုင်ကော်ဆေးရုံတင်ဖို့ကလည်း အဲဒီမှာ တပ်စွဲထားတဲ့စစ်တပ်က အနားသွားရင်တောင် ပစ်ခတ်တာတွေလုပ်နေလို့ လူနာတွေကို ပို့လို့မရတဲ့အခြေအနေဖြစ်နေတယ်။ အဲဒါကြောင့် တောင်ကြီးဆေးရုံကို လူနာသွားပို့တာ။ အခုပြန်လာတော့ လွိုင်ကော်ထဲပြန်ဝင်လို့မရဘူး ပိတ်ထားတယ်” လို့ သူကပြောပါတယ်။

လွိုင်ကော်တစ်မြို့လုံးလည်း တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်ခံထားရပြီး မြို့ထဲကျန်နေခဲ့တဲ့ သူတွေနဲ့ အဆက်အသွယ်မရတော့ဘူးလို့ ညောင်ရွှေဘက်ကို စစ်ဘေးရှောင်လာသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

၁၁၁၁ စစ်ဆင်ရေးအတွင်း နိုဝင်ဘာ ၁၃ ရက်နဲ့ ၁၄ ရက်တွေမှာလည်း KNDF နဲ့ စစ်ကောင်စီတပ်တို့ လွိုင်ကော်တက္ကသိုလ်ဝင်းထဲမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦး KNDF ဆီမှာ လက်နက်ချ အညံ့ခံခဲ့ပါတယ်။

စစ်ကောင်စီဘက်ကတော့ မနေ့က လက်နက်ချခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဒီမနက်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

လွိုင်ကော်မြို့မှာ ၁၁၁၁ စစ်ဆင်ရေးစတင်တဲ့ နိုဝင်ဘာလ ၁၁ ရက်နောက်ပိုင်း လက်နက်ကြီးထိမှန်တာနဲ့ ပစ်ခတ်ခံရမှုတွေကြောင့် သေဆုံးတဲ့အရပ်သားအရေအတွက် ၅၀ ကျော်ရှိပြီး ပြင်းထန်ဒဏ်ရာရတဲ့သူ ၂၀ နီးပါးရှိတယ်လို့ ကရင်နီလူ့အခွင့်အ‌ရေးအဖွဲ့ကနေ ထုတ်ပြန်ထားပါတယ်။

ဂျာကာတာဆွေးနွေးပွဲအကြောင်း NUG ဘာပြောလဲ

အင်ဒိုနီးရှားအစိုးရရဲ့ ဦးဆောင်မှုနဲ့ အာဆီယံအထူးသံတမန်ရုံးကနေ မြန်မာအရေးအတွက် သက်ဆိုင်သူတွေနဲ့ ‌ဆွေးနွေးပွဲလုပ်ခဲ့ပြီး ဒါဟာ စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ NUG တွေဆုံဆွေးနွေးတာမဟုတ်ဘဲ အဖွဲ့တွေ သီးခြား‌စီ တွေ့ဆုံတဲ့ပုံစံဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သတင်းထုတ်ပြန်လာပါတယ်။

"လက်ရှိအချိန်ဟာ တွေ့ဆုံဆွေးနွေးရမယ့်အချိန်မဟုတ်ဘူး" လို့ NUG ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ဘီဘီစီကို ပြောပါတယ်။

အဲဒီဆွေးနွေးပွဲကို NUG နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အာဆီယံကိုယ်စားလှယ်က တက်ရောက်ခဲ့ပြီး မဟာမိတ်တွေနဲ့ ညှိနှိုင်းသဘောတူထားတဲ့ ရပ်တည်ချက်တွေကိုသာဆွေးနွေးခဲ့တာဖြစ်တယ်လို့သာ NUG ဘက်က ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံကို လူသားချင်းစာနာထောက်ထားတဲ့ အကူအညီပေးဖို့ဆိုတဲ့အချက်အပြင် NUG နဲ့ တခြားကျန်နေသေးတဲ့ အဖွဲ့အစည်းတွေ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပြုလုပ်ကြဖို့ဆိုတဲ့အချက်ပါ ပါဝင်ပါတယ်။

ဒီလို အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးပွဲကျင်းပနိုင်ခြေရှိတယ်ဆိုတဲ့ အင်ဒိုနီးရှားရဲ့ ထုတ်ပြန်ချက်ဟာ အာဆီယံအထူးသံတမန်ရုံးရဲ့ ကောက်ချက်ချမှုသာဖြစ်ပြီး NUG နဲ့မသက်ဆိုင်ဘူးလို့ NUG က ငြင်းဆိုထားပါတယ်။

ဒီတွေ့ဆုံပွဲမှာ NUG သာမက စစ်ကောင်စီဘက်က ကြားဝင်ပြောဆိုညှိနှိုင်းပေးတဲ့ကိုယ်စားလှယ်တွေတက်ရောက်တယ်လို့သိထားရတဲ့အပြင် တစ်နိုင်ငံလုံးအပစ်ရပ်စာချုပ်(NCA)လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့လည်း ‌ပါဝင်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကတော့ ဂျာကာတာတွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်လို့ ဒီကနေ့ နိုဝင်ဘာ ၂၆ ရက်အထိ တစုံတရာ ပြောဆိုတာ မရှိသေးပါဘူး။

နိုဝင်ဘာ ၂၀ ရက်ကနေ ၂၂ ရက်အထိ ဂျကာတာမြို့မှာပြုလုပ်ခဲ့တဲ့အစည်းအဝေးတွေမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်လာမယ့် လာအိုနိုင်ငံကလည်း ကိုယ်စားလှယ် လွှတ်၊ တက်ရောက်စေခဲ့တယ်လို့ သိရပါတယ်။