တရုတ်နယ်စပ်မှာ အိန္ဒိယရဲ့ စစ်ရေးလေ့ကျင့်မှု သတင်း နဲ့ စက်တင်ဘာ ၄ ရက် ညပိုင်း နိုင်ငံတကာ သတင်းတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နယ်စပ်မှာ အိန္ဒိယရဲ့ စစ်ရေးလေ့ကျင့်မှု သတင်း နဲ့ စက်တင်ဘာ ၄ ရက် ညပိုင်း နိုင်ငံတကာ သတင်းတွေ
အိန္ဒိယက တရုတ်နဲ့ နယ်စပ်အပါအဝင် သူ့ မြောက်ဘက်နယ်စပ် တကြောမှာ စစ်ရေး လေ့ကျင့်မှု အကြီးအမားတခုကို စတင်လိုက်ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှုဟာ ဂျက်တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ ပါဝင်တဲ့ လေကြောင်း အင်အား လေ့ကျင့်မှုကို အဓိကထားပြီး လုပ်ဆောင် သွားမှာပါ။
တရုတ်နဲ့ ၂ နိုင်ငံနယ်စပ်တကြောမှာ ဒီနှစ်ပိုင်းတွေ အတွင်း နှစ်ဘက် တပ်ဖွဲ့တွေ အကြား ပစ်ခတ်တိုက်ခိုက်မှု မပါတဲ့ ရန်သတ် တိုက်ခိုက်မှုတွေ တချို့ ဖြစ်ခဲ့ပြီး ၂ နိုင်ငံ ဆက်ဆံရေးကတင်းမာနေတာပါ။
၂ နိုင်ငံလုံးက သူတို့ တပ်ဖွဲ့တွေ အများအပြားကို နယ်စပ်တကြောမှာ ချထားပါတယ်။
တရုတ်ရဲ့မြေပုံအသစ်မှာ အငြင်းပွားနယ်မြေတွေကို တရုတ်နိုင်ငံထဲ ထည့်သွင်းဆွဲ ထားတဲ့အပေါ် အိန္ဒိယက သူတို့ မကျေနပ်ကြောင်း ဘေဂျင်းကို မကြာသေးခင်က ပြောထားပါတယ်။
G20 ထိပ်သီး ညီလာခံကို ရှီကျင့်ဖျင် မလာတဲ့အပေါ် ဘိုင်ဒန် စိတ်ပျက်

ဓာတ်ပုံ ရင်းမြစ်, Reuters
ဒီသီတင်းပတ်အကုန် အိန္ဒိယမှာ လုပ်မယ့် G20 ထိပ်သီး ညီလာခံကို သမ္မတ ရှီကျင့်ဖျင် တက်ရောက်မှာ မဟုတ်ဘူးလို့ တရုတ်အစိုးရက အတည်ပြု ပြောပါတယ်။
သူ့အစား တရုတ် ဝန်ကြီးချုပ် လီချန်း တက်ရောက်ပါလိမ့်မယ်။
ဒီလို ထုတ်ပြန်ချက်ထွက်လာမှာကို အားလုံးက အရင်ကတည်းက မှန်းဆထားကြပြီး အမေရိကန် သမ္မတ ဘိုင်ဒန်က မစ္စတာ ရှီနဲ့ သူ စကားမပြောနိုင်တော့မှာ ဖြစ်တဲ့ အတွက် စိတ်ပျက်မိတယ်လို့ ပြောပါတယ်။
တရုတ်ဟာ လောလောဆယ်အခြေအနေမှာ အမေရိကန်နဲ့ရော၊ ထိပ်သီးညီလာခံ အိမ်ရှင်နိုင်ငံ အိန္ဒိယ နဲ့ပါ ဆက်ဆံရေး အဆင်မပြေ လှပါဘူး။
အာဖရိကတိုက်ရဲ့ ပထမဆုံး ရာသီဥတု ထိပ်သီးညီလာခံကနေ ရင်းနှီး မြှုပ်နှံမှုတွေ မျှော်လင့်ထား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဖရိကတိုက်ရဲ့ ပထမဆုံးသော ရာသီဥတု ထိပ်သီးညီလာခံကို စတင်ကျင်းပနေပြီး အိမ်ရှင် ကင်ညာနိုင်ငံရဲ့ သမ္မတ ဝီလျံ ရုတိုက အကျပ်အတည်းကို ရင်းနှီးမြှုပ်နှံမှု အကြီးအမားလာစေမယ့် အခွင့်အလမ်းအဖြစ်လည်း ကြည့်ကြဖို့ အဖွင့်မိန့်ခွန်းမှာ ထည့်သွင်း တိုက်တွန်းလိုက်ပါတယ်။
ဒီထိပ်သီးညီလာခံကနေ အာဖရိကဟာ ပြည်ဖြိုးမြဲစွမ်းအင်ထုတ်လုပ်ရာ စက်ရုံကြီး အဖြစ် ဖြစ်လာစေဖို့ ရည်ရွယ်ထားကြပြီး ဒီလို ဖြစ်လာစေဖို့အတွက် နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ကူညီကြဖို့ ကိုလည်း သူတို့ မျှော်လင့်ထားပါတယ်။
နိုင်ရိုဘီမြို့မှာ ကျင်းပတဲ့ ဒီ ၃ ရက်တာ ညီလာခံအပြီးမှာ ဒေါ်လာ သန်းရာနဲ့ ချီပြီး တန်ဖိုးရှိမယ့် ရင်းနှီးမြှုပ်နှံမှု စာချုပ်တွေ ချုပ်ဆိုနိုင်ကြလိမ့်မယ်လို့ ဒီညီလာခံကို စည်းရုံးကျင်းပသူတွေက ပြောပါတယ်။
ဒါပေမဲ့ ကမ္ဘာတဝန်းကို ကြည့်ရင် ရာသီဥတု ဆိုင်ရာအတွက် ရင်းနှီးမြှုပ်နှံမှုတွေက တိုးတက်မှု သိပ်မတွေ့ရ သေးဘူးလို့ ဒီညီလာခံကို တက်ရောက်ပြောကြားသူ အများ အပြားက ထောက်ပြ ပြောဆို နေပါတယ်။








