လန်ဒန်ပြတိုက်က ရှေးဟောင်းပစ္စည်းတွေပြန်ရဖို့ ကြိုးစားနေတဲ့ ကမ္ဘောဒီးယားအဖွဲ့

ကမ္ဘောဒီးယားက အဖိုးတန်ရှေးဟောင်းပစ္စည်းတွေ ယူကေမှာ တရားမဝင်ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်ကို တုံ့ပြန်တဲ့အနေနဲ့ ကမ္ဘောဒီးယားက ရှေးဟောင်းသုတေသီတွေနဲ့ တာဝန်ရှိတဲ့သူတွေကို သူတို့ ပြတိုက်တွေမှာ လာကြည်ဖို့ လန်ဒန်က ပြတိုက်ကြီးနှစ်ခုက တရားဝင်ဖိတ်ခေါ်ထားပါတယ်။
ပထမဆုံးအနေနဲ့ အဲ့ဒီအဖွဲ့ဟာ ဒီသောကြာနေ့မှာ လန်ဒန်က Victoria & Albert ပြတိုက်ကို ပထမဆုံး သွားကြည့် ဖို့ ရှိပါတယ်။
ကမ္ဘောဒီးယားနိုင်ငံဟာ သူတို့နိုင်ငံမှာ နှစ်ပေါင်းများစွာဖြစ်ပွားခဲ့တဲ့ ပြည်တွင်း ပဋိပက္ခတွေအတွင်း ဘုရားကျောင်းတွေက ခိုးယူသွားတဲ့ ရှေးဟောင်းပစ္စည်းတွေ ပြန်လည်ရရှိရေးအတွက် ကြိုးစားနေပြီး အဲ့လိုပြန်ရဖို့အတွက် ယူကေရဲ့ အကူအညီကို လိုအပ်နေပါတယ်။
သူတို့ပြတိုက်တွေမှာရှိနေတဲ့ ကမ္ဘောဒီးယားက ပစ္စည်းတွေ ဘယ်လိုရောက်လာလဲဆိုတဲ့ မူလအစကို ဗြိတိသျှပြတိုက်နဲ့ ဗစ်တိုးရီးယား အဲ့လ်ဘတ် V&A ပြတိုက်နှစ်ခုစလုံးက ပွင့်ပွင့်လင်းလင်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
ဒါပေမဲ့ ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့က ပြတိုက်နှစ်ခုမှာရှိနေတဲ့ ကမ္ဘောဒီးယားနိုင်ငံက ပစ္စည်းတွေနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေပိုသိရဖို့ လူကိုယ်တိုင် ကြည့်ရှု စစ်ဆေးချင်တဲ့ အတွက် ပြတိုက်တွေကို သွားကြည့်ဖို့ စီစဥ်ခဲ့တာပါ။
"ကျွန်တော်တို့အတွက် စိန်ခေါ်မှုက အဝေးက သုတေသနလုပ်နေရတဲ့ အချက်ပါ။ ပြတိုက်တွေရဲ့ ဝဘ်ဆိုဒ်တွေမှာ လူသိရှင်ကြားထုတ်ပြန်ထားတာတွေကိုပဲ ကျွန်တော်တို့ ကြည့်ခွင့်ရတယ်။ ကျွန်တော်တို့ကြည့်ချင်တဲ့ ပစ္စည်းတွေကို ရှုထောင့်အမျိုးမျိုးကနေ ကြည့်ခွင့်မရဘူး " လို့ ကမ္ဘောဒီးယား စုံစမ်းစစ်ဆေးရေးအဖွဲ့ အကြီးအကဲ ဘရက်ဂေါ်ဒန်က ပြောပါတယ်။
ကမ္ဘောဒီးယားအစိုးရနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေမှာ ပါဝင်ခွင့်ရတာကို ကျေနပ် ကြိုဆိုကြောင်းနဲ့ သူတို့ ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ ပစ္စည်းတွေနဲ့ပတ်သက်တဲ့ အထောက် အထား အချက်အလက်အသစ်တွေကိုလည်း ရလိုတဲ့ အကြောင်း V&A ပြတိုက်ရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ကမ္ဘောဒီးယားအဖွဲ့ကို တရားဝင်လာရောက်လည်ပတ်ကြည့်ရှုဖို့ ဗြိတိသျှပြတိုက်က လည်း ဖိတ်ကြားထားပါတယ်။
၁၉၉၀ခုနှစ် အစောပိုင်းကနေ ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်းက ကမ္ဘောဒီးယားက ခွင့်ချက်မရဘဲ ယူလာတဲ့ ပစ္စည်း ဒါဇင်နဲ့ချီ ယူကေက အကြီးဆုံးပြတိုက် ဗြိတိသျှပြတိုက်ထဲမှာ ရှိနေတယ်လို့ ကမ္ဘောဒီးယားတွေက ယုံကြည်နေကြပါတယ်။

ယခုနှစ်အစောပိုင်းကလည်း ကမ္ဘောဒီးယားယဉ်ကျေးမှုဝန်ကြီး Phoeurng Sackona က သူတို့ နိုင်ငံက ပျောက်သွားတဲ့ရှေးဟောင်းပစ္စည်းတွေပြန်ရဖို့ ယူကေအစိုးရကို အကူ အညီတောင်းခံခဲ့ပါသေးတယ်။
သူတို့နိုင်ငံက ဘုရားကျောင်းတွေမှာထားထားတဲ့ အရေးကြီးတဲ့ ယဉ်ကျေးမှုဆိုင်ရာ အဖိုးတန်ပစ္စည်းတွေ ခိုးယူခံရပြီး အဲ့ဒီပစ္စည်းတွေဟာ လန်ဒန်ပြတိုက်နှစ်ခုနဲ့ ဂိုဒေါင်တွေ အဆောက်အဦးတွေထဲမှာ ရောက်နေတယ်လို့ သူက ပြောထားပါတယ်။
သူတို့ နိုင်ငံကနေ အပြင်ကို တရားမဝင်ထုတ်သွားတဲ့ ပစ္စည်းတွေနောက်ကို ခြေရာခံလိုက်ကြည့်တဲ့ အခါမှာလည်း ပစ္စည်း ပို့ဆောင်မှုနဲ့ အရောင်းမှတ်တမ်းတွေအရ ပစ္စည်းအများစုဟာ ၂၀၂၀ခုနှစ်က သေဆုံးသွားတဲ့ ယူကေနိုင်ငံက အနုပညာပစ္စည်း အရောင်းကိုယ်စားလှယ် ဒေါက်ဂလပ်စ် လက်ချ်ဖို့ဒ်ရဲ့ ဆီကနေ ဖြတ်သွားတယ်ဆိုတာ တွေ့ရှိခဲ့ပါတယ်။

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သူတို့အဖွဲ့ရဲ့လက်ထဲမှာ ပြတိုက်တစ်ခုစီနဲ့ ဆွေးနွေးရမယ့် ဦးစားပေး ပစ္စည်းစာရင်းတစ်ခုစီ ရှိပါတယ်။ ဗြိတိသျှပြတိုက်မှာ ကမ္ဘောဒီးယားရှေးဟောင်းပစ္စည်း အပိုင်းအစ ၁၀၀ လောက် ရှိမယ်လို့ သူတို့ကခန့်မှန်းထားပြီး အားလုံးကို တစ်နေရာထဲ သိမ်းဆည်းထားပုံရတယ်လို့ ဆိုပါတယ်။
V&A ပြတိုက်မှာတော့ ကမ္ဘောဒီးယားက ယူသွားတဲ့ ပစ္စည်း ၅၀ကျော် ရှိနေတယ်လို့ ယူဆထားကြ ပါတယ်။ အဲ့ဒီပစ္စည်းတွေထဲက အပိုင်းတစ်ပိုင်းကိုတော့ ပြတိုက်မှာ ပြထားတာတွေ့ရပါတယ်။
ဒီလို အဖိုးတန်ပစ္စည်းမျိုး တွေကို အရင်က အနီးကပ်မမြင်ဖူးတဲ့ ကမ္ဘောဒီးယားနိုင်ငံသား အချို့အတွက်တော့ ဒီကိစ္စက စိတ်လှုပ်ရှားစရာ အတွေ့အကြုံတစ်ခု ဖြစ်ပါလိမ့်မယ်။
ကမ္ဘောဒီးယား ကိုယ်စားလှယ်အဖွဲ့နဲ့ အတူအလုပ်နေတဲ့ လူငယ်သုတေသီ ဆိုလီဒါတာ့ဒ်Soklida Tek ကလည်း "ပြတိုက်တွေမှာ ဘာတွေ သိမ်းထားလဲဆိုတာ အရမ်းကြည့်ချင်နေပြီ။ပြီးတော့ ကျွန်တော်တို့ ဘိုးဘွားတွေကို သူတို့ရှိနေတဲ့ နေရာကနေ ဖယ်ရှားပြီး ဘာလို့ ဒီ ပြတိုက်တွေမှာ ဘာလို့ ဖွက်ထားရတာလဲဆိုတဲ့ အကြောင်းရင်းကိုလဲ သိချင်နေတယ် ” လို့ ဆိုပါတယ်။
ယူကေမှာရောက်ရှိနေတဲ့ သူတို့နိုင်ငံက အဖိုးတန်ရှေးဟောင်းရုပ်တုတွေကို ပြန်ရဖို့ နောက်ဆုံး အဆင့်အနေဲ့ ကမ္ဘောဒီးယားက ကြိုးစားနေပြီး၊ အနောက်တိုင်းက ပြတိုက်တွေနဲ့ ပုဂ္ဂလိက စုဆောင်းသူတွေလက်ထဲက ရုပ်တုတွေနဲ့ ပစ္စည်းတွေကိုလည်း ပြန်ရဖို့ ကြိုးစားနေကြပါတယ်။
ကမ္ဘောဒီးယားက ပစ္စည်းတွေ လုယက်ခံရမှု အများစုဟာ ပြည်တွင်းစစ်နဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ဆယ်စုနှစ် သုံးခုကျော်ကာလအတွင်း ဖြစ်ပွားခဲ့တာပါ။ ၁၉၇၅ ခုနှစ်မှ ၁၉၇၉ ခုနှစ်အထိ အာဏာရခဲ့တဲ့ ခမာနီအစိုးရဟာ သူတို့အုပ်စိုးစဥ်ကာလမှာ လူပေါင်း နှစ်သန်းကျော်ကို သတ်ဖြတ်ခဲ့ တယ်လို့ ယူဆရပြီး၊ ၁၉၉၀ ပြည့်လွန်နှစ်နှောင်းပိုင်းအထိ ကမ္ဘောဒီးယားနိုင်ငံရဲ့ အစိတ်အပိုင်းတော်တော်များများကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ကမ္ဘောဒီးယားအဖွဲ့အနေနဲ့ လတ်တလောအောင်မြင်မှုအနေနဲ့ အမေရိကန်နဲ့ အခြားနိုင်ငံအချို့က ရုပ်တုတွေကို ကမ္ဘောဒီးယားနိုင်ငံကို ပြန်ပို့ထားနိုင်ပါပြီ။
ဒေါက်ဂလက်စ်ရက်စ်ဖို့ကနေတဆင့် အမေရိကန်ကို မှောင်ခိုတင်သွင်းခဲ့တဲ့ ရှေးဟောင်း ပစ္စည်း ၃၀ဟာ သြဂုတ်လတုန်းက ကမ္ဘောဒီးယားကို ပြန်ရောက် သွားပြီလို့ သိရပါတယ်။

"အောင်မြင်မှု ရလဒ်အနေနဲ့ V&Aပြတိုက်မှာ သိမ်းစည်းထားတဲ့ ခမာပစ္စည်းတွေနဲ့ ပတ်သက်တဲ့ သဘောသဘာဝအားလုံးကို ပိုနားလည်သဘောပေါက်လာပါလိမ့်မယ်" လို့ ပြတိုက်တွေ သွားကြည့်မယ့် ကမ္ဘောဒီးယားက အဖွဲ့မှာပါတဲ့ လန်ဒန်အခြေစိုက် ကမ္ဘောဒီးယား ရှေးဟောင်း ပစ္စည်းကျွမ်းကျင်သူ ပါမောက္ခ အက်စ်လေ သွန်မဆင်က ရှင်းပြပါတယ် ။
အက်စ်လေသွန်မဆင်ဟာ လန်ဒန်က အရှေ့တိုင်းနှင့် အာဖရိကလေ့လာရေးကျောင်းက ပါမောက္ခ တစ်ဦးလည်း ဖြစ်ပါတယ်။
သူတို့ဆီမှာ စုဆောင်း သိမ်းစည်းထားတဲ့ ကမ္ဘောဒီးယားက ပစ္စည်းတွေ ပြဖို့ V&A ပြတိုက်က သူတို့ အဖွဲ့ကို ဖိတ်ကြားထားပြီး၊ အဲ့ဒီပစ္စည်းတွေကို နောက်ခံအချက်အလက်တွေကို ဖလှယ်ဖို့ သဘောတူထားတယ်လို့ သူက ပြောပါတယ်။
"V&A ပြတိုက်မှာ တွေ့ဆုံရမယ့် တွေ့ဆုံမှုကနေ ကမ္ဘောဒီးယားအစိုးရက တောင်းဆိုထားတဲ့ ပစ္စည်းတွေပြန်ရဖို့ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်တစ်ခု ရရှိဖို့အတွက်လည်း သူက မျှော်လင့်ထားပါတယ်။








