“ ကျွန်တော့်သမီးလေး ထမင်းလေး တစ်ဇလုံမှ စားလိုက်ရရဲ့လား ”

ဓာတ်ပုံ ရင်းမြစ်, Social Media
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်း ၂ နှစ်အတွင်း အစစ အရာရာ ရှားပါးကျပ်တည်းလှတဲ့ ခုအချိန်မှာ မနက်စောစော ထမင်းကျွေးတဲ့ ကြုံတောင့်ကြုံခဲပွဲမို့ သူတို့အားခဲပြီး ရောက်လာခဲ့ကြပါတယ်။
မနက်စောစောထပြီး သမီးလေးကို ပါးမှာသနပ်ခါးတွေ ကိုယ်တိုင် ကိုရဲနိုင် လိမ်းပေးခဲ့ပါတယ်။
"အဖေရယ်၊ အမေရယ်၊ ကျွန်တော်ရယ်၊ သမီးလေးရယ် အတူသွားခဲ့ကြတာ"လို့ သူက ပြောပြပါတယ်။
ဒါပေမဲ့ စကားတီတီတာပြောတတ်ကာစ ၃ နှစ်အရွယ် သမီးလေးဟာ ဧပြီ ၁၁ ရက်နေ့ မနက်ခင်း ပဇီကြီး ရွာအပြင်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရုံးခန်းဖွင့်ပွဲ ထမင်းစားဖို့ပြင်နေချိန်မှာ ကျယ်လောင်တဲ့ ဗုံးသံနဲ့အတူ မီးခိုတွေဖုံးပြီး ပျောက်ကွယ်သွားခဲ့ပါတယ်။
“ထမင်းကျွေးရုံကို ကျွန်တော့်အမေက သမီးလေးကို ခေါ်သွားချိန်မှာ ဗုံးကျတာပဲ၊ ကျွန်တော့် သမီးလေး ထမင်းလေးတစ်ဇလုံ၊ ဟင်းလေးတစ်ဖတ်မှ စားလိုက်ရရဲ့လား၊ ရေလေးတစ်ခွက်မှ သောက်လိုက်ရရဲ့လား မသိဘူး"လို့ ကိုရဲနိုင်က ငိုသံတစ်ဝက်နဲ့ ပြန်ပြောပြပါတယ်။
ပဇီကြီးရွာက ကိုရဲနိုင်ရဲ့ သမီးအငယ် ၃ နှစ်အရွယ် မနှင်းယုဝေဟာ ပဇီကြီးရွာမှာ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့တဲ့ ကလေးငယ် ၃၀ ကျော်အနက် တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ပဇီကြီးရွာကို ဧပြီလ ၁၁ ရက်နေ့က စစ်ကောင်စီလေကြောင်းက တိုက်ခိုက်မှုကြောင့် ကလေးငယ် ၃၀ ကျော် အပါအဝင် လူပေါင်း ၁၃၀ ကျော် သေဆုံးကြောင်း အတည်ပြုနိုင်ပြီလို့ အလောင်းတွေကို ကောက်ယူပြီး သင်္ဂြိုဟ်ပေးနေတဲ့ အဖွဲ့တွေက တစ်ဆင့်သိရပါတယ်။
“သမီးနဲ့ပါသွားတဲ့ ကျွန်တော့်အဖေကို ခါးတစ်ပိုင်းပြတ်နေတဲ့ အလောင်းတွေ့တယ်၊ ကျွန်တော့် အမေအလောင်းနဲ့ သမီးအလောင်းကတော့ အခုထိ မတွေ့ရဘူး၊ ဗုံးကျပြီး စစ်ရဟတ်ယာဥ် လာမပစ်ခင်လည်း ကျွန်တော်လည်းရှာတယ်၊ အခုထိ မတွေ့သေးဘူး၊ တချို့ခန္ဓာကိုယ်အပိုင်းအစတွေက ရုံးတစ်ဝိုက် ပြန့်ကျဲနေပြီး သစ်ပင်မှာချိတ်နေတုန်းပဲ” လို့ ကိုရဲနိုင်က ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ ပဇီကြီးရွာ ပြည်သူ့ကာကွယ်ရေး အဖွဲ့ရုံးကို လေကြောင်းအကန့်အသတ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဒီဖြစ်စဥ်မှာ သေဆုံးခဲ့သူတွေဟာ PDF အကြမ်းဖက်သမားတွေနဲ့ အကြမ်းဖက်သမားအဖွဲ့တွေမှာ ဆက်စပ်ပါဝင်နေသူတွေဖြစ်တယ်လို့ ဧပြီလ ၁၃ ရက်နေ့ မနက်က ထုတ်ပြန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ဒီပဲယင်းမြို့နယ် သတင်းမှန်ပြန်ကြားရေး
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီနေ့က ပဇီကြီးရွာ ဗုံးကြဲတိုက်ခိုက်မှု သေဆုံးသူတွေထဲမှာ ကိုရဲနိုင်ရဲ့ အဖေ၊ အမေ နဲ့ ၃ နှစ်အရွယ် သမီးအပါအဝင် ဦကြီး၊ ဒေါ်ကြီး မိသားစုဝင် စုစုပေါင်း ၇ ဦးခန့် ပါသွားခဲ့တယ်လို့ သူက ပြောပြပါတယ်။
“အဲဒီနေ့က ထမင်းကျွေးနေတာဆိုတော့ အကုန်လုံးက ဝိုင်းပြီးလုပ်ကိုင်နေကြတာ။ ကလေးတွေကိုလည်း ထမင်းကျွေးနေကြတာ”လို့ အဲဒီနေရာကို ရောက်လာခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကိုရဲနိုင်က ပြန်ပြောပြပါတယ်။
“လူက ၁၅၀ လောက် ရှိမယ်၊ ရောက်ပြီး ၁၅ မိနစ်လောက်နေရော အုန်းခနဲ ပစ်ချလိုက်တာ၊ ဘာမှ မမြင်ရတော့ဘူး မီးခိုလုံးကြီးကြား ထွက်ပြေးရတာ”လို့ ဗုံးပစ်ချချိန်ရှိနေခဲ့တဲ့ မျက်မြင်သက်သေတစ်ဦးက ပြန်ပြောပြပါတယ်။
“အပြင်ရောက်လို့ ပြန်ကြည့်တော့ ရုံးက မီးလောင်နေပြီ၊ လူတွေ အတုံးအရုံးပဲ၊ ခြေပြတ်လက်ပြတ် ကယ်ပါယူပါ အော်နေကြတာလည်း အများကြီးပဲ”လို့ သူက ပြောပြပါတယ်။
စစ်ကောင်စီဘက်ကထုတ်ပြန်တဲ့ ဧပြီလ ၁၃ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာတော့ အကြမ်းဖက် PDFခေါင်းဆောင် သန့်ဇင်နဲ့ အကြမ်းဖက် အဖွဲ့ဝင်တွေ သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် အကြမ်းဖက်စခန်းမှာ ပြသထားတဲ့ မိုင်းနဲ့ လက်နက်တွေထပ်မံပေါက်ကွဲမှုကြောင့် လူသေဆုံးမှုများပြားခဲ့ပြီး အကြမ်းဖက်အားပေးသူတွေဟာ လေယာဥ်သံကြားလို့ရှောင်တိမ်းစဥ်မှာ အခမ်းအနား နေရာ ပတ်လည်တစ်ဝိုက် ထောင်ထားတဲ့မိုင်းကွင်းက လက်လုပ်မိုင်းတွေထပ်မံပေါက်ကွဲခဲ့လို့ ထိခိုက်သေဆုံးခဲ့တာလို့လည်း ထုတ်ပြန်ပါတယ်။
“အပြင်ရောက်မှ ပြန်ကြည့်လိုက်တော့မှ စခန်းက အကုန်လုံးပြာကျသွားတာ ကျွန်တော်တစ်ယောက်ပဲ ကျန်နေခဲ့တာ မိုင်းက အဲဒီအချိန်မပေါက်ဘူး။ ရဟတ်ယာဥ်ကနောက်ထပ်ရောက်လာပြီး လာပစ်တော့မှ အကုန်ပေါက်တာ နောက်ပြန်ဆုတ်လိုက် ပြန်ဆုတ်လိုက်နဲ့ ပစ်မှ ပေါက်တာ”လို့ ကိုရဲနိုင်က ပြောပြပါတယ်။
“စခန်းက ဗုံးကျလို့ မိုင်းပေါက်ပြီး သေမယ်ဆို ကျွန်တော်သေမှာပေါ့ မိုင်းနားမှာ ကျွန်တော် ရှိနေတာပဲ သမီးကို ပတ်ရှာနေတာပဲလေး ငါးပတ်လောက်ရှိမယ်”လို့ သူက ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Socail Media
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာမှာ မြန်မာစစ်တပ်ကနေ မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုကို အာဆီယံက ပြင်းပြင်းထန်ထန် ရှုတ်ချတယ်လို့ အာဆီယံ ဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်အဖြစ် ဧပြီလ ၁၃ရက် ဒီကနေ့မှာ ထုတ်ပြန်လာပါတယ်။
လက်ရှိ အာဆီယံရဲ့ အလှည့်ကျ ဥက္ကဋ္ဌ အဖြစ် အင်ဒိုနီးရှားနိုင်ငံက တာဝန်ယူဆောင်ရွက်နေသလို၊ အင်ဒိုနီးရှား သမ္မတဂျိုကိုဝီဒိုဒို က အာဆီယံအလှည့်ကျ ဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။
အထူးသဖြင့် အရပ်သားတွေအပေါ်ကို အင်အားသုံးပြီး အကြမ်းဖက်မှုပုံစံအားလုံးကို ချက်ချင်းရပ်ပစ်ရမယ်လို့လည်း ထုတ်ပြန်ပါရှိပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ၁၅ နိုင်ငံပါဝင်တဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးကို ဒီကနေ့ ကြာသပတေးနေ့မှာ ခေါ်ယူဖို့ ဗြိတိန်အစိုးရက တောင်းဆိုထားပါတယ်။
အင်္ကျီအဖြူ၊ ဘောင်းဘီ အနက်ရောင်ဝတ်ထားတဲ့ သမီးက "အဖေ သမီး ထမင်း သွားစားလိုက်ဦးမယ်ပြောပြီး ထမင်းကျွေးရုံဘက်ကို ထွက်သွားခဲ့တာ နောက်ဆုံး မြင်လိုက်ရတယ်" လို့ ကိုရဲနိုင်က ပြောပြပါတယ်။
"ကျွန်တော့် အမေက သမီးလေး ထမင်းဆာလို့ ဆိုပြီး ခေါ်သွားတာ။ ဘေးနားရွာက ဧည့်သည်တွေရော ရွာက ဧည့်သည်တွေရော ထမင်းစားချိန်မှာ လာပြီးပစ်တာ မနက် ၈ နာရီခွဲလောက်ရှိမယ်" လို့ သူက ပြောပါတယ်။
ဧပြီလ ၁၃ ရက်နေ့ မနက်ပိုင်းအထိ သေဆုံးသူတွေထဲမှာ ကလေး ရုပ်အလောင်း ၃၈ လောင်းကျော်ကို ရှာတွေ့ထားတယ်လို့ မြေပြင်မှာ ရှာဖွေရှင်းလင်းရေးလုပ်နေသူတွေက ပြောပါတယ်။
ထမင်းကျွေးရုံမှာ ဗုံးကျတဲ့အချိန်မှာ ထမင်းဝိုင်း ၁၇ ဝိုင်းခန့် ရှိနိုင်တယ်လို့ အခင်းဖြစ်တဲ့နေရာကိုရောက်နေခဲ့သူ တချို့က ပြောပြပါတယ်။
အခုဗုံးကြဲတိုက်ခိုက်မှုဟာ စစ်ကောင်စီက တိုက်ခိုက်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေထဲ လူအသေအပျောက်အများဆုံးနဲ့ ကလေးငယ်တွေ အများဆုံးပါဝင်နေတဲ့ ဗုံးကြဲတိုက်ခိုက်မှုလည်း ဖြစ်ပါတယ်။
“အလောင်းတွေကို အခုထိ သင်္ဂြိုဟ်လို့ မရသေးဘူး။ သင်္ဂြိုဟ်မယ်လုပ်လိုက် လာပစ်လိုက်နဲ့ “လို့ ကိုရဲနိုင်က ပြောပါတယ်။
စစ်ကောင်စီကလည်း ပဇီကြီးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အပြီးသတ် ရှင်းလင်းသွားဖို့ ဆောင်ရွက်နေတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ ဒီကနေ့ ညနေပိုင်းမှာတော့ အလောင်း ၁၃၀ ခန့်အထိ သင်္ဂြိုဟ်နိုင်ခဲ့ပြီလို့ အကူအညီပေးရေးလုပ်နေသူတွေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ကိုရဲနိုင်ရဲ့ သုံးနှစ် အရွယ် သမီးနဲ့ သူ့အမေကိုတော့ အခုချိန်အထိ အလောင်းမတွေ့ရသေးပါဘူး။
“ကျွန့်တော်အဖေက ဘုရားခန်းနားက ဆင့်လေးမှာ ထိုင်လျက်ခါးပြတ်အနေအထားနဲ့တွေ့တယ်”လို့ ကိုရဲနိုင်က ပြောပါတယ်။
ကိုရဲနိုင်က ကိုယ်တိုင်လည်း သူ့ခါးနဲ့ခေါင်းမှာ လက်နက်ကြီးထိမှန်တဲ့ ဒဏ်ရာရထားခဲ့တယ်လို့ သူက ပြန်ပြောပြပါတယ်။
အနည်းဆုံးလူ ၅၀ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီပေးရေး ဆောင်ရွက်နေသူတွေက ပြောပါတယ်။
ဒဏ်ရာရရှိသူတွေထဲမှာ တစ်ကိုယ်လုံးနီးပါး မီးလောင်ကျွမ်းသွားတဲ့ ရှစ်နှစ်အရွယ်ကလေးငယ်တစ်ဦး၊ လက်တစ်ဖက် ဖြတ်လိုက်ရတဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးတို့ ပါဝင်တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရက ပြောပါတယ်။
လက်ရှိအချိန်မှာတော့ ပဇီကြီးရွာမှာ လူမရှိတော့ဘဲ အနီးနားကရွာတွေပါ စစ်ဘေးရှောင်နေကြပြီလို့ အလောင်းတွေကို ဒီကနေ့မှာ သွားရောက် မီးသင်္ဂြိုဟ်ပေးနေသူ တွေထံက သိရပါတယ်။
"ကျွန်တော့်ရွာမှာ မိသားစုလိုက် ၇ ယောက်သေတာနဲ့ ၅ ယောက်သေတာနဲ့ ၃ ယောက်သေတာနဲ့ တခြားရွာ မပါသေးဘူး ကျွန်တော်ရွာ တစ်ရွာတည်းကို မနည်းဘူးသေတာ။ တချို့အလောင်းတွေ ဒီအတိုင်းကျန်နေတုန်းပဲ"လို့ ကိုရဲနိုင်ကပြောပါတယ်။

ဧပြီလ ၁၃ ရက်နေ့အထိရရှိတဲ့ အချက်အလက်တွေအရ လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်အနက် ပထမအကြိမ်ပစ်ခတ်မှုမှာ စုစုပေါင်း ၁၆၅ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရက ထုတ်ပြန်ထားပါတယ်။
"စစ်အာဏာသိမ်းပြီး ကတည်းက ရွာမှာ မင်္ဂလာဆောင်တောင် မရှိဘူး။ အခုပွဲက ကြာဆန်နဲ့ ဝက်သားရယ်၊ အငန်ကျော်ရည် ၊အချဥ်သုတ်ရယ် ကျွေးတာမို့လို့ လူတွေက ရောက်လာကြတာ" လို့ ပြောပါတယ်။
စစ်ကောင်စီက ထုတ်ပြန်တဲ့ သတင်းထဲမှာတော့ အခုတိုက်ခိုက်တဲ့နေရာကို ဒေသခံပြည်သူ တချို့က အချိန်နဲ့နေရာကို အတိအကျသတင်းပေးခဲ့တာလို့ ဆိုပါတယ်။
စစ်ကောင်စီ စစ်ကြောင်းထိုးတာတွေ အေးချမ်းသွားရင်တော့ စစ်ကောင်စီ ဗုံးကြဲမှုမှာ သေဆုံးခဲ့ရတဲ့ သမီး၊ အဖေ ၊အမေနဲ့ ဦးကြီး၊ ဘကြီး၊ ဒေါ်လေး တို့အတွက်ပါ ရက်လည်ဖို့ စဥ်းစားထားတယ် အခုတော့ ရှောင်နေတုန်းပဲ လို့ ကိုရဲနိုင်က ပြောပါတယ်။
“ကျွန်တော့်မိသားစုက သမီးအပါအဝင် အဖေ၊ အမေ စုစုပေါင်း ၇ ဦးပါတယ်၊ ကျွန်တော်ကတော့ ဇွဲမလျှော့ဘူး။ နေရင်းထိုင်ရင်း ကလေးတွေတောင် အသတ်ခံရ သေးတာပဲ။ အသေနဲ့အကျိုး နှစ်မျိုးပဲ ရှိတယ်၊ ကျွန်တော်တတ်နိုင်သလောက် မတရားအာဏာသိမ်းတဲ့ စစ်တပ်ကို တော်လှန်ရေး ဆက်လုပ်မှာပဲ”လို့ ကိုရဲနိုင်က ပြောပါတယ်။








