ဒီဇင်ဘာ ၂၆ ရက် ထိပ်တန်းသတင်းများ - ကော့ကရိတ်တိုက်ပွဲတွေ ကျုံဒိုးနယ်အထိ စစ်မျက်နှာကျယ်ပြန့်လာ

ရေးသားခဲ့သည်။

ကရင်ပြည်နယ်၊ ကော့ကရိတ်ဒေသအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူရဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA)ပူးပေါင်းတပ်တို့ကြား နှစ်ဖက်တိုက်ပွဲတွေဖြစ်သွားတာ ၁၀ ရက်ရှိလာပြီဖြစ်သလို  ကျုံဒိုးကျေးနယ်အထိစစ်မျက်နှာ ကျယ်ပြန့်လာနေတယ်လို့ စစ်ရေးနယ်မြေသတင်းအရင်းအမြစ်ကပြောပါတယ်။

 ''ဒီဇင်ဘာ ၂၄ရက်က ကျုံဒိုး-ကော့ကရိတ်ကြားမှာရှိတဲ့ ၇တိုင်ကျေးရွာတံတား ပေါက်ကွဲမှုဖြစ်ပြီး တံတားကြမ်းခင်းအပေါက် ကြီး ဖြစ်သွားတယ်။ ကျုံဒိုး ၅၄၆ နဲ့ ၅၄၅ တပ်တွေမှာ စစ်ကူတပ်တွေ ရောက်တယ်။ ပြီးရင်ကျုံဒိုးဘက်ကနေ ကော့ကရိတ် ကို စစ်ကြောင်းတွေက ရွာတွေဘက်ကနေ ပတ်ထွက်တာ KNLA ပူးပေါင်း အဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်နေတယ်။ စစ်တပ်ကလည်း သူတို့ တပ်စွဲထားတဲ့နေရာစုံကနေ လက်နက်ကြီး ပစ်တာ။ကျုံဒိုး-ကော့ကရိတ် -တောင်ကြာအင်းဘက်ကရွာတွေ ကိုလည်းပစ်တယ်၊ အခု ကျုံဒိုး နားကကော့ဝါလဲရွာရာဘာခြံတွေဘက်တွေမှာ စစ်ရေး တင်းမာ နေတာကြောင့် ရွာသားတွေ ရှောင်နေကြပြီ'' လို့  ကျုံဒိုးဒေသ စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောပါတယ်။

ဒီဇင်ဘာ ၁၆ ရက်က KNLA ပူးပေါင်းတပ်တွေက စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ) ၁၂ လက်အောက်ခံ ခလရ ၂၃၁ တပ်ကို ၀င်ရောက်တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ ကော့ကရိတ်ဒေသအနီး၀န်းကျင်ကျေးရွာတွေနဲ့ ကော့ကရိတ် -မြ၀တီ အာရှ လမ်းသစ် ၊ ကော့ကရိတ်-ကျုံဒိုး လမ်းပိုင်းတို့မှာ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လေယာဉ်၊ သံချပ်ကာယာဉ်တွေသုံးပြီး KNLAပူးပေါင်းတပ်တွေနဲ့ နေ့ဘက်မှာရော ညဘက်မှာပါ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

အတိုင်ပင်ခံနဲ့ သမ္မတတို့ရဲ့ ရဟတ်ယာဥ်အမှုတွေကို ဒီဇင်ဘာ ၃၀ မှာ အမိန့်ချမယ်

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ ပူးတွဲ စွပ်စွဲခံထားရတဲ့ ရဟတ်ယာဥ် အဂတိအမှုတွေကို လာမယ့် ဒီဇင်ဘာလ ၃၀ ရက်မှာ အမိန့်ချမှာဖြစ်တယ်လို့ သိရပါတယ်။

 ဒီနေ့ နေပြည်တော်အချုပ်ထောင်မှာပြုလုပ်တဲ့ရုံးချိန်းမှာ နှစ်ဖက်လျှောက်လဲချက်ပေးခဲ့အပြီးမှာ ဒီဇင်ဘာလ ၃၀ ရက်မှာ အမိန့်ချဖို့ ထောင်တွင်းအထူးတရားရုံးက ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။

 အတိုင်ပင်ခံနဲ့ သမ္မတတို့ဟာ သဘာဝဘေးတုံ့ပြန်ရာမှာ သုံးဖို့ အီတလီနိုင်ငံထုတ် ရဟတ်ယာဥ်တစ်စီးကို ဌားရမ်း ဝယ်ယူရာမှာ လုပ်ထုံးလုပ်နည်းနဲ့အညီ မပြုလုပ်ခဲ့လို့ နိုင်ငံတော် ငွေကြေးနစ်နာတယ်ဆိုပြီး စစ်ကောင်စီ လက်အောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရဲ့ အမှုဖွင့်တိုင်ကြားတာခံထားရတာပါ။

 ဒီရဟတ်ယာဥ်တစ်စီးတည်းကို အကြောင်းပြုပြီး ရဟတ်ယာဥ် ဝယ်ယူတာ၊ ပြုပြင်ထိန်းသိမ်းရေးစာချုပ်ချုပ်တာ စတဲ့ အမှု ၅ မှုကို နှစ်ဦးစလုံး ပူးတွဲ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

 အမှုအတွက် စစ်တပ်အာဏာမသိမ်းခင်အထိ ဒုတိယသမ္မတ တာဝန်ယူခဲ့သလို၊ အမျိုးသားအဆင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌတာဝန်လည်း ယူခဲ့တဲ့ ဦးဟင်နရီ ဗန်ထီးယူ၊ နောက် ပြီးခဲ့တဲ့ သီတင်းပတ်မှာ သက်သေအဖြစ်လာရောက် ထွက်ဆိုထားပါတယ်။

 သမ္မတနဲ့ အတိုင်ပင်ခံတို့ကတော့ သူတို့ အပေါ် စွပ်စွဲထားတာကို ငြင်းဆိုသလို ရဟတ်ယာဥ် ဝယ်ယူရာမှာ အမှားအယွင်း တစ်စုံတရာမလုပ်ဘဲ လုပ်ထုံးလုပ်နည်းနဲ့အညီသာ ဆောင်ရွက်ခဲ့တဲ့အကြောင်း တရားရုံးကြားနာမှုတွေမှာ ထွက်ဆိုထားတယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောထားပါတယ်။

မြန်မာ-ထိုင်းနယ်စပ်ကနေ စိတ်ကြွဆေးပြား ၁၆ သန်းကျော် ဖမ်းမိတယ်လို့ ထိုင်းရဲပြော

ခရစ္စမတ်ကာလအတွင်းမှာ မြန်မာ- ထိုင်း နှစ်နိုင်ငံနယ်စပ်က မူးယစ်ဆေးဝါး သယ်ယူနေတဲ့လမ်းကြောင်းတွေကို ပိတ်ဆို့ ဖမ်းဆီးချိန် စိတ်ကြွဆေး ၁၆ သန်းကျော်၊ ice မူးယစ်ဆေး ကီလို ၇၀၀ ခန့်ကို သိမ်းဆည်းမိခဲ့တယ်လို့ ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။

အဲဒီမူးယစ်ဆေးဝါးတွေကို ဒီဇင်ဘာလ ၂၃ ရက်နဲ့ ၂၄ ရက်မှာ ဖမ်းမိခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့က မနေ့ ဒီဇင်ဘာလ ၂၅ ရက်မှာ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်ကနေ ဝင်လာတဲ့ ကုန်ကားတွေကို စစ်ဆေးရာကနေ အခုလိုဖမ်းမိခဲ့တာလို့လည်း ထိုင်းမူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့က ပြောပါတယ်။ အခုဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေဟာ ကာလတန်ဖိုး ထိုင်းဘတ်ငွေ သန်းပေါင်း ၁၅၀၀ ကျော်အထိ ရှိနေပါတယ်။ ထိုင်းရဲတပ်ဖွဲ့ကတော့ မူးယစ်သယ်ဆောင်မှုနဲ့ အခုတစ်ကြိမ်ဖမ်းဆီးမိသူတွေဟာ အရင်ကလည်း ရာဇဝင်ရှိဖူးသူတွေဖြစ်ပြီး သူတို့နောက်ကွယ်မှာ ပါဝင်ပတ်သတ်နေသူတွေကိုလည်း ဖမ်းဆီးဖို့ လုပ်မယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကော်ဘရာစစ်ကြောင်း စစ်သင်တန်းဆင်းပွဲကို NUG ဝန်ကြီးချုပ် တက်ရောက်

ကရင်အမျိုးသားအစည်းအရုံး- ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေ အတွင်းက ကော်ဘရာစစ်ကြောင်းရဲ့ စစ်သင်တန်းဆင်းပွဲကို မနေ့က ပြုလုပ်ခဲ့ရာမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း တက်ရောက်ခဲ့သလို သေနတ် အလက် ၅၀ လည်း လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်

NUG ဝန်ကြီးချုပ်က တိုင်းရင်းသားမဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု၊ သံခင်းတမန်ခင်း ချိတ်ဆက် ထားနိုင်မှု၊ တိုင်းရင်းသားမဟာမိတ်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ် ပူးပေါင်းပြီး စစ်ဆင်ရေး ဆောင်ရွက်ထားနိုင်တာတွေကို ပြည်သူ့ကာကွယ်ရေးဖွဲ့ဝင်တွေကို ရှင်းပြခဲ့တယ်လို့ NUG ကာကွယ်ရေး ဌာန သတင်းထုတ်ပြန်လာတာပါ။

 အဲဒီစစ်သင်တန်းဆင်းပွဲမှာ လွှဲပြောင်းပေးခဲ့တဲ့ သေနတ်အလက် ၅၀ ကတော့ တောင်ပိုင်းစစ်ဒေသကို ပေးမယ့်လက်နက်တွေထဲကဖြစ်တယ်လို့လည်း ဆိုပါတယ်။

 စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာကနေပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ကောင်စီတပ်ကို ခုခံဖို့ ပြည်သူ့ခုခံကာကွယ်တွန်းလှန်စစ်ကို ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)ကို မြန်မာလူထုရဲ့ အလှူငွေတွေနဲ့သာ ဖွဲ့စည်းထောက်ပံ့နေပြီး ပြည်ပနိုင်ငံတွေရဲ့အကူအညီ မရထားသေးဘူးလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက အခုနှစ်အစောပိုင်းက ပြောဆိုထားပါတယ်။

မြန်မာစစ်ရှောင်တွေနေထိုင်ရာ ဘန်တုံယန်း ဒုက္ခသည်စခန်းမီးလောင်

မြန်မာစစ်ဘေးရှောင်တွေနေထိုင်တဲ့ ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်ထဲက ဘန်တုံယန်း ဒုက္ခသည်စခန်းမှာ မနေ့ ဒီဇင်ဘာလ ၂၅ ရက် ခရစ္စမတ်ညမှာ မီးလောင်ခဲ့တာကြောင့် စစ်ရှောင်စခန်းထဲက နေအိမ် အလုံး ၂၀ ကျော် မီးလောင်ပြာကျခဲ့တယ်လို့ သိရပါတယ်။

စံခလပူရီမြို့နယ်ထဲက ဒုက္ခသည်စခန်းမှာ မနေ့ည သန်းခေါင်ယံအချိန်မှာ မီး‌လောင်ခဲ့ပြီး နေအိမ် ၂၀ လောက် မီးလောင်ခဲ့တယ်လို့ ထိုင်းအာဏာပိုင်တွေဘက်က ပြောပါတယ်။

ခရစ္စမတ်ည ဆင်နွှဲနေချိန် ဖြစ်တာကြောင့် လူထိခိုက်မှုမရှိခဲ့ဘူးလို့တော့ ထိုင်းအာဏာပိုင်တွေဘက်က ပြောပါတယ်။

ထိုင်းအာဏာပိုင်တွေကတော့ မီးဟာ မီးဖိုချောင်တစ်ခုကနေ စလောင်ပြီး အဲဒီနောက် သစ်သားတန်းတွေနဲ့ သက်ကယ်တန်းတွေဆီ ကူးကာ လောင်ကျွမ်းခဲ့တာလို့ ယူဆနေပါတယ်။

လက်ရှိမှာ ထိုင်းက မြန်မာစစ်ရှောင်စခန်းတွေကို အကူအညီပေးနေတဲ့ The Border Consortium အဖွဲ့ကတော့ မီးဘေးသင့် ဒုက္ခသည်တွေကို အကူအညီပေးမယ့်အကြောင်း ပြောထားပါတယ်။

အခုတော့ မီးဘေးသင့်သူတွေကို အာဏာပိုင်တွေက စခန်းအပြင်မှာရှိတဲ့ စာသင်ကျောင်းမှာ နေရာချထားပေးတယ်လို့ သိရပါတယ်။

မြန်မာပြည်နယ်စပ်၊ မွန်ပြည်နယ်နဲ့ ကပ်နေတဲ့ အဲဒီဒုက္ခသည်စခန်းကို ၁၉၉၇ ခုနှစ်ကတည်းက ဖွင့်ထားတာဖြစ်ပြီး မြန်မာစစ်ရှောင် ၃၄၀၀ ကျော်နေထိုင်နေပါတယ်။

မုံရွာအမှတ် ၂ ရဲစခန်းက ရဲတွေ ပစ်ခတ်တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ် ၂ ရဲစခန်းက ရဲတွေလိုက်ပါလာတဲ့ကားကို ဒီနေ့ ဒီဇင်ဘာလ ၂၆ ရက် မနက်ပိုင်းမှာ တိုက်ခိုက်ခဲ့တယ်ဆိုပြီး မုံရွာအခြေစိုက်ပြောက်ကျားအဖွဲ့တွေက သတင်းထုတ်ပြန်လာပါတယ်။

အမှတ် ၂ ရဲစခန်းက စခန်းမှူးအပါအဝင် ရဲ ၇ ယောက် လိုက်လာတဲ့ကားဟာ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်၊ သမ္မစိတ္တလမ်းပေါ် မှာ ရပ်ထားချိန် တိုက်ခိုက်ခံရတာလို့ ဒေသခံအချို့ကပြောပါတယ်။

ဒီကနေ့မနက် ရဲတွေတိုက်ခိုက်ခံရမှုမဖြစ်ခင် မနေ့ညပိုင်းတုန်းက သမ္မစိတ္တလမ်းမှာပဲ စစ်ကောင်စီသတင်းပေးဆိုသူ‌ တိုက်ခိုက်ခံရတဲ့ဖြစ်စဥ်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စခန်းမှူးအပါအဝင် ရဲ ၃ ယောက် သေဆုံးပြီး နောက်ထပ် ၂ ဦးလည်း အပြင်းအထန် ဒဏ်ရာရသွားတယ်လို့လည်း တိုက်ခိုက်မှုလုပ်ခဲ့တဲ့ မုံရွာခရိုင်တပ်ရင်း -၇ (Lightning PDF) နဲ့ Black Falcon မြို့ပြပျောက်ကြားအဖွဲ့က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ပြောက်ကျားတပ်ဖွဲ့ဝင်တစ်ဦးလည်း လည်ပင်းကျည်ထိခဲ့ပေမဲ့ စိုးရိမ်စရာအခြေအနေတော့ မရှိဘူးလို့ ဆိုပါတယ်။

ပစ်ခတ်မှုအပြီးမှာ အကူရောက်လာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အနီးနားက လူငယ်တချို့ကို ဖမ်းဆီးတာတွေလည်းရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

နေ့လယ်ပိုင်းမှာတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စစ်ဆေးမေးမြန်းတာ မရှိတော့ပေမဲ့ အခင်းဖြစ်တဲ့နေရာမှာ လူသူအသွားအလာကင်းမဲ့နေတယ်လို့ အနီးနားမှာနေထိုင်သူတွေက ပြောပါတယ်။

စခန်းမှူးအပါအဝင် ရဲ ၃ ယောက်သေဆုံးတယ်ဆိုတာကိုတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဖမ်းဆီးခံရတဲ့ KBZ Tai သတင်းအယ်ဒီတာချုပ် အဆက်အသွယ်ပြတ်နေ

 ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့ အခြေစိုက် ကမ္ဘောဇတိုင်း(KBZ Tai) သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးကျော်ဇေယျဟာ မနေ့ ဒီဇင်ဘာလ ၂၅ ရက် မနက်ပိုင်းမှာ ဖမ်းဆီးခံရပြီးနောက် ဒီနေ့အထိ အဆက်အသွယ်ပြတ်တောက်နေတယ်လို့ သိရပါတယ်။

 စစ်တပ်နဲ့ရဲ ပူးပေါင်းအဖွဲ့တွေက ဦးကျော်ဇေယျကို ပဲခူးတိုင်း၊ ကြို့ပင်ကောက်မှာရှိတဲ့ သူ့ရဲ့ မိဘတွေ အိမ်မှာ မနေ့ မနက်ပိုင်း ၃ နာရီကျော်က ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

 အဲဒီနောက် စစ်တပ်က သူ့ကို ကြို့ပင်ကောက်ရဲစခန်းမှာ ဖမ်းဆီးထားပြီးနောက် အုတ်ဖို စရဖဆီ လွှဲပြောင်းတာ ခံခဲ့ရတယ်လို့လည်း မိသာစုဝင်တွေကို ကိုးကားပြီး လုပ်ဖော်ကိုင်ဖက်တွေက ဘီဘီစီကိုပြောပါတယ်။

‘’မနေ့ကတည်းက အုတ်ဖို စရဖကို ခေါ်သွားတယ်။ အဲဒီနောက်ပိုင်း ဒီနေ့အထိ အဆက်အသွယ် မရသေးဘူး။ စစ်ကြောရေးမှာ ခြေလွန်လက်လွန်တွေဖြစ်ကုန်မှာကို အတော်လေးစိုးရိမ်နေပါတယ်’’ လို့ ဦးကျော်ဇေယျရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတစ်ဦးက ဘီဘီစီကို သိပါတယ်။

 ဦးကျော်ဇေယျဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်က လိုက်လံ ဖမ်းဆီးနေတာကြောင့် ၂၀၂၁ ခုနှစ်၊ မတ်လကတည်းက တောင်ကြီးကနေ တိမ်းရှောင်နေရသူဖြစ်ပါတယ်။

 သူ့မတိုင်ခင်ကလည်း ကမ္ဘောဇတိုင်းသတင်းဌာနက တာဝန်ခံအယ်ဒီတာအမျိုးသမီးအပါအဝင် ၄ ဦးဟာ ၂၀၂၁ ခုနှစ်၊ မတ်လ ကတည်းက ဖမ်းဆီးခံရပြီး ပုပ်မ ၅၀၅(က)နဲ့ ထောင်ဒဏ် ၃ နှစ်စီချမှတ်ခံခဲ့ရပါတယ်။

 အဲဒီ ၄ ဦးကတော့  အမှုအတွက် အယူခံနိုင်ခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့လပိုင်းကမှ ပြန်လွတ်လာကြပြီဖြစ်ပါတယ်။

 မြန်မာမှာ စစ်အာဏာသိမ်းမှု ၂ နှစ်ထဲ ဝင်လာချိန်မှာ စစ်တပ်က သတင်းသမားတွေအပေါ် ဖိနှိပ်မှုတွေဟာ ပိုမြင့်တက်လာနေပြီး လက်ရှိမှာ မြန်မာအကျဥ်းထောင်တွေထဲ အကျဥ်းချ၊ ဖမ်းဆီးခံထားရတဲ့ သတင်းသမား ၄၀ ကျော်အထိရှိနေတယ်လို့ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က ပြောထားပါတယ်။

ရိုဟင်ဂျာလှေတစ်စီးကို အင်ဒိုနီးရှားကယ်ဆယ်

အင်ဒိုအစိုးရက အကူအညီပေးပြီးနောက် အရပ်ဘက်အဖွဲ့အစည်းတွေကလက်ခံစောင့်ရှောက်ထား

အစာရေစာပြတ်လပ်ပြီးအားနည်းနေတဲ့ ရိုဟင်ဂျာ ၅၈ယောက်ပါတဲ့ လှေအငယ်စားတစ်စီးဟာ အင်ဒိုနီးရှားနိုင်ငံ အာချေးဘီဆာခရိုင်က အင်ဒရာပတ်ထရာ ကမ်းခြေကို မနေ့ ဒီဇင်ဘာ ၂၅ရက်က ကမ်းကပ်လာလို့ ဒေသခံရွာသားတွေက ကယ်ဆယ်ခဲ့ကြပါတယ်။

 ဒေသခံရွာသားတွေရဲ့ အပြောအရ သစ်သားလှေပေါ်မှာ မွတ်ဆလင်အမျိုးသားတွေပါလာတာကိုတွေ့လို့ သူတို့ကို ကုန်းပေါ်‌ရောက်အောင် ကူညီပေးပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ကို သတင်းပို့ခဲ့တာလို့ဆိုပါတယ်။

“ သူတို့ မှာဆာလောင်မှုနဲ့ ရေဓာတ်ခန်းခြောက်မှုကြောင့် အလွန်အားနည်းနေပုံရပါတယ်။ သူတို့ထဲက တချို့က ပင်လယ်ပြင်မှာ ကြာရှည်စွာနဲ့ ပြင်းထန်စွာ ခရီးထွက်လာရလို့ ဖျားနာနေကြတယ်” လို့ အာချေးဘီဆာခရိုင်ကရဲတာဝန်ရှိသူက ပြောပါတယ်။

ကယ်ဆယ်ပြီးနောက် သူတို့ထဲက အနည်းဆုံး ၃ယောက်ကို ဆေးကုသမှုပေးခဲ့ပြီးလူဝင်မှုကြီးကြပ်ရေးနှင့် ဒေသဆိုင်ရာ တာဝန်ရှိသူတွေထံက နောက်ထပ် ညွှန်ကြားချက်ကို စောင့်ဆိုင်းနေချိန်မှာပဲ ကယ်ဆယ်ခဲ့သူတွေကို အစာ‌နဲ့ ရေလို အာဟာရကျွေးမွေးတာတွေလုပ်ခဲ့တယ်လို့ အင်ဒိုနီးရှားကလာတဲ့သတင်းတွေကဖော်ပြပါတယ်။

 လက်ရှိမှာ လှေပေါ်ပါ ရိုဟင်ဂျာ တွေကို အင်ဒိုနီးရှားအစိုးရက ကူညီကယ်ဆယ်ရေး လုပ်ထားပေးပြီးနောက် အင်ဒိုရှိ ကုလသမဂ္ဂရုံး နဲ့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ လက်ခံစောင့်ရှောက်ထားမယ်လို့ နားလည်ရကြောင်း NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူ့အခွင့်အရေးဆိုင်ရာအကြံပေးအဖွဲ့၀င်တစ်ဦးဖြစ်သူ ဦးအောင်ကျော်မိုးက သူနဲ့အဆက်အသွယ်ရရှိထားချက်တွေကို ကိုးကားကာ

ဘီဘီစီကိုပြောပြပါတယ်။

 ဒီဇင်ဘာ ၂၄ရက်ကပဲ ကုလသမဂ္ဂရဲ့ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တောင်အာရှ ဌာနရဲ့ တွစ်တာမှာ ဖော်ပြချက်အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံကနေ နိုဝင်ဘာလမှာထွက်ခွာလာပြီး၊ ပင်လယ်ပြင်မှာ သီတင်းပတ်တွေနဲ့ချီ မျောနေခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် ၁၈၀ ထက်မနည်းဟာ အဆက်အသွယ်ပြတ်တောက်နေလို့ အခုအခါ သေဆုံးသွားလောက်ပြီလို့ ရေးသားထားပါတယ်။

 ပင်လယ်ထဲဖြတ်နိုင်တဲ့အထိ ခိုင်ခန့်မှုမရှိတဲ့ စက်လှေငယ်ပျောက်ဆုံးနေပြီးပင်လယ်ပြင်မှာ နစ်မြုပ်သွားနိုင်တဲ့ အခြေအနေရှိတယ်လို့ အတည်မပြုနိုင်သေးတဲ့သတင်းတွေကို ကိုးကားပြီး ပြောဆိုထားတာပါ။

အင်းတော်မှာ စစ်တပ်ဖမ်းဆီးခံခဲ့ရသူတွေရဲ့ မြေမြှုပ်ထားတဲ့ အလောင်းတွေ ပြန်တွေ့

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်၊ နတ်မဟုတ်ကြီးရွာကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ် ဆောင်သွားတာခံခဲ့တဲ့ အမျိုးသားတွေ ၈ ဦး ရုပ်အလောင်းကို ပြန်တွေ့ပြီလို့ မြေပြင်သတင်းတွေကို ဖော်ပြနေတဲ့ Indaw Rrvolution-IR က ပြောပါတယ်။

ဒီအမျိုးသားတွေကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၂၈ ရက်ညနေပိုင်းမှာ ဖမ်းဆီးသွားတာဖြစ်ပြီး ကျင်း ၂ ကျင်းနဲ့ မြေမြှုပ်ထားတဲ့အလောင်းတွေကို ကမ်းနီရွာအနီးမှာ တွေ့ခဲ့ရတာလို့ ဆိုပါတယ်

သေဆုံးသူတွေထဲက ၂ ဦးဟာ ဦးခေါင်းဖြတ် သတ်ဖြတ်ခံထားရပြီး ကျန်တဲ့ ၆ ဦးကတော့ ရိုက်နှက်ခံရပြီးနောက် သေဆုံးတဲ့ပုံစံနဲ့ အလောင်းတွေကိုတွေ့ခဲ့တယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။

သေဆုံးခဲ့သူတွေထဲမှာ အသက် ၆၀ ကျော်အရွယ်အမျိုးသားတွေလည်းပါဝင်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေရဲ့ ဖခင်တွေနဲ့ အကိုဖြစ်သူတွေလည်း ပါဝင်တယ်လို့သိရပါတယ်။