ဒေါ်အောင်ဆန်းစုကြည်တင်တဲ့ အမှုပြင်ဆင်ချက်လျှောက်ထားမှုတွေ ပယ်ချခံရ

Aung San Suu Kyi, NLD

ဓာတ်ပုံ ရင်းမြစ်, Getty Images

ရေးသားခဲ့သည်။

အကျဥ်းထောင်ကနေ ရွှေ့ပြောင်းလိုက်တယ်လို့ သတင်းတွေထွက်နေပေမဲ့ လက်ရှိအချိန်အထိ  နေပြည်တော် အချုပ်ထောင်မှာသာ ဆက်လက်ထားရှိတယ်လို့ သိရ

 

ဒေါ်အောင်ဆန်းစုကြည်ကို ရဟတ်ယာဥ်ငှားရမ်းဝယ်ယူမှုနဲ့ပတ်သက်လို့ စွဲဆိုထားအမှုငါးမှုအတွက် စုစုပေါင်း ထောင်ဒဏ် ၇ နှစ်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ဒီဇင်ဘာလကုန်ပိုင်းမှာ ချမှတ်ခဲ့ပါတယ်။

 အဲဒီအမှုငါးမှုအမိန့်နဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က စွဲချက်အမိန့်ပြင်ဆင်ချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ထံ လျှောက်ထားခဲ့ပေမဲ့ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ (ဇန်နဝါရီ ၁၁ ရက်) မှာ ကြားနာခဲ့ပြီး ပယ်ချလိုက်တယ်လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံက သိရပါတယ်။

ဒီရဟတ်ယာဥ်အမှုနဲ့ပတ်သက်လို့ စွဲချက်ကိုပြင်ဆင်ချက်တက်ရာမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က အခုလို ပယ်လိုက်ပေမဲ့ မူလရုံးမှာချမှတ်ထားတဲ့ အမိန့်ကိုတော့အယူခံအဆင့်ဆင့် ဆက်တက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် အဲဒီနေ့တစ်ရက်တည်းမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ မောင်ဝမ်းကွဲတော်စပ်သူ ဦးစိုးအောင်တို့ရဲ့ ရန်ကုန် ခြံနံပါတ် ၅၄ အတွင်း နေအိမ်ပြင်ဆင်မှုနဲ့ပတ်သက်လို့ အချင်းများစဥ် ဖြစ်ခဲ့တဲ့အမှုနဲ့ပတ်သက်လို့ ပြင်ဆင်မှုတက်တာကိုလည်း ပယ်ချခဲ့ပါတယ်။

ဒီအမှုဟာ လွန်ခဲ့တဲ့ နှစ် ၂၀ က ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဦးစိုးအောင်က  ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တဲ့အမှုနဲ့ပတ်သက်လို့ နှစ်ဖက်အပြန်အလှန် တရားစွဲဆိုခဲ့ကြတဲ့အမှုမှာ ဗဟန်းတရားရုံးက နှစ်ဦးလုံးကို ဒဏ်ငွေချမှတ်ခဲ့တာပါ။

 အဲဒီအမိန့်ကို ဒေါ်အောင်ဆန်းစုကြည်ကမကျေနပ်တဲ့အတွက် အထက်အဆင့်ကိုပြင်ဆင်မှုတက်ခဲ့ပေမဲ့ ကြားမှာအနှစ် ၂၀ နီးပါး ဆုံးဖြတ်ခဲ့ခြင်းမရှိဘဲ ဆိုင်းငံ့ထားခဲ့တာပါ။

အဲဒီနောက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလမှာ မူလရုံးဆုံးဖြတ်ချက်အတိုင်း အနောက်ပိုင်းခရိုင်တရားရုံးက အတည်ပြုခဲ့တာကြောင့်ဒေါ်အောင်ဆန်းစုကြည်က ဒီအမိန့်ကို ပြင်ဆင်ချက် ထပ်တက်ခဲ့တာပါ။

ဒါကိုလည်း ထပ်မံပယ်ချခံရလို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်အဆင့်ကိုတက်ရာမှာ ဇန်နဝါရီ ၁၁ ရက်မှာ ပယ်ချခဲ့တယ်လို့သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက အမှုပေါင်း ၁၉ မှုနဲ့ ထောင် စုစုပေါင်း ၃၃ နှစ်ချမှတ်ထားပြီးအဲဒီအမှုအားလုံးကို ပြင်ဆင်မိန့်တွေနဲ့ အယူခံတွေတက်ထားပြီး အမှု တချို့က ပယ်ချခံထားရသလို ဆက်လက်ကြားနာရမယ့် အမှုတွေလည်း ကျန်ရှိနေပါတယ်။

ပယ်ချခံရတဲ့ပြင်ဆင်ချက်လျှောက်ထားတဲ့အမှုတွေကိုလည်း  ဥပဒေကြောင်းအရ ဆက်လက်လုပ်ဆောင်စရာရှိတာတွေကို ဆက်လုပ်မယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းထံက သိရပါတယ်။

Aung San Suu Kyi, NLD
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ကနေရွှေ့လိုက်ပြီလား

 

အမှုတွေ မပြီးပြတ်ခင်ကာလတွေမှာ နေပြည် တော် အချုပ်ထောင်တွင်း ထိန်းသိမ်းခံထားရတဲ့  ဒေါ်အောင်ဆန်းစုကြည်ကို တစ်ပတ်မှာနှစ်ကြိမ် ထောင်ဝင်စာ ပစ္စည်းပို့ဆောင်ခွင့်ရခဲ့ပေမဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ အမှုအားလုံးပြီးပြတ်သွားတဲ့နောက် အပတ်စဥ် တနင်္လာနေ့တစ်ရက်သာ ထောင်ဝင်စာပေးပို့ခွင့်ရှိတော့ကြောင်း သိရပါတယ်။  

လက်ရှိမှာ ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အချုပ်ထောင်ကနေ နောက်တစ်နေရာကို ပြောင်းရွှေ့လိုက်ပြီဆိုတဲ့ သတင်းတွေလူမှုကွန်ရက်မှာထွက်ပေါ်နေပေမဲ့ ဒီနေ့ဇန်နဝါရီ ၁၄ ရက်နေ့အထိတော့ နေပြည်တော် အချုပ်ထောင်တွင်းမှာသာ ရှိနေတယ်လို့ နီးစပ်တဲ့သတင်းရင်းမြစ်တွေထံက ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

“နေပြည်တော် အချုပ်ထောင်ထဲမှာ သူ့အတွက် သီးသန့်ဆောက်ပေးထားတဲ့အိမ်မှာပဲ​ထားရှိပါတယ်။ ဘယ်ကိုမှ ရွှေ့ပြောင်းတာမရှိပါဘူး”လို့ အထက်ပါသတင်းရင်းမြစ်က ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့ ဇန်နဝါရီ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်အတွက် ထောင်ဝင်စာ ပေးပို့ခဲ့ရာမှာ မူလပို့ဆောင်ပေးနေကျ နေပြည်တော် အချုပ်ထောင်ကို ပို့ဆောင်ခဲ့ရတယ်လို့ နီးစပ်တဲ့ သတင်းရင်းမြစ် တချို့ကလည်း ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ လာမယ့် ၂၀၂၃ ခုနှစ်၊ တနင်္လာနေ့ (ဇန်နဝါရီ ၁၆) ရက်မှာ ထောင်ဝင်စာပို့ရဖို့ရှိပြီး  ဒီကြားထဲမှာ  ဒေါ်အောင်ဆန်းစုကြည်ကိုထိန်းသိမ်းထားတဲ့နေရာအပြောင်းအလဲရှိတယ်ဆိုရင်  အဲဒီနေ့မှာ သိရနိုင်တဲ့အခြေအနေရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ချမှတ်ထားတဲ့ ပြစ်ဒဏ်တွေနဲ့ပတ်သက်လို့ ပြင်ဆင်ချက်တက်ထားတဲ့ကျန်ရှိတဲ့အမှုတွေနဲ့ပတ်သက်ပြီး လာမယ့် ဖေဖော်ဝါရီ ၈ ရက်နေ့မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ကြားနာဖို့ရှိပါတယ်။

Naypyidaw Prison