ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြန်မာ့အရေး ပြေလည်မယ့်အလားအလာမရှိဘူးလို့ ကုလအထူးကိုယ်စားလှယ်ပြော
နှစ်ဖက်လုံးက အင်အားသုံးဖြေရှင်းဖို့ ရည်ရွယ်ပြီး စေ့စပ်ညှိနှိုင်းအဖြေရှာဖို့အလားအလာမရှိဟု ဆို
စစ်တပ်က အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအရပြေလည်မှုရဖို့ အလားအလာမရှိကြောင်း ကုလအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက မနေ့ မတ်လ ၁၆ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ မြန်မာ့အရေး တင်ပြချက်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
“နှစ်ဖက်လုံးက အင်အားသုံးပြီး ဖြေရှင်းဖို့ ရည်ရွယ်ချက် ရှိပြီး စေ့စပ်ညှိနှိုင်းဖြေရှင်းဖို့အလားအလာမရှိဘူး” လို့ သူက ပြောခဲ့တာပါ။
မြန်မာမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကစလို့ ထိန်းမနိုင်သိမ်းမရ အခြေအနေဖြစ်ခဲ့ပြီးအကြမ်းဖက်မှုတွေထဲနစ်မွန်းနေခဲ့တယ်လို့ ဆိုပါတယ်။ လူ့အခွင့်အရေးအဖွဲ့တွေပြောကြားချက်အရ ဖြိုခွင်းမှုတွေအတွင်း ကလေးငယ်အမြောက်အမြားအပါအဝင် အရပ်သားထောင်နဲ့ချီ သတ်ဖြတ်ဖမ်းဆီးခံရခဲ့ပြီး အရပ်သားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့အစိုးရအဖွဲ့အဆင့်မြင့်တာဝန်ရှိသူတွေကို ဖမ်းဆီးထောင်ချတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
“ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အရေးပေါ်အခြေအနေကို သက်တမ်းတိုးခဲ့အပြီးမှာ အာဏာကို ဆက်ပြီး ဆုပ်ကိုင်ထားနိုင်ဖို့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ အရပ်ဖက်အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးတာနဲ့ တခြားသောကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအပါအဝင် တပ်အင်အားအသုံးပြုမှုကို တိုးမြှင့်လုပ်ဆောင်လာခဲ့တယ်”လို့ သူက ပြောသွားပါတယ်။
ကုလအထူးကိုယ်စားလှယ်က စစ်ကိုင်းတိုင်းအတွင်း မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ PDF တပ်ဖွဲ့ဝင်တချို့ ကို ခေါင်းဖြတ်ကိုယ်လက်အင်္ဂါဖြတ်တောက်သတ်ခံရမှုတွေနဲ့ ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့က ဘုန်းကြီးကျောင်းဝင်းတစ်ခုအတွင်း စစ်တပ်က အရပ်သား ၂၈ ဦး အစုလိုက်အပြုံလိုက် အသတ်ဖြတ်ခံရမှုနဲ့ပတ်သက်တဲ့ အစီရင်ခံစာတွေလည်း ရရှိခဲ့တယ်လို့ သူကဆိုပါတယ်။
ပင်လောင်းဖြစ်စဥ်နဲ့ပတ်သက်လို့တော့ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား အပြန်အလှန်စွပ်စွဲမှုတွေရှိထားပါတယ်။
နိုင်ငံတဝန်း တိုင်းရင်းသားဒေသအများအပြားမှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ခုခံတော်လှန်မှုတွေဟာ အကြမ်းမဖက်နည်းနဲ့ရော လက်နက်စွဲကိုင်တဲ့နည်းကိုပါ အသုံးပြုလာတဲ့အဓိပ္ပာယ်ကို တွေ့ရတယ်လို့လည်း သူက ဆက်ပြောသွားပါတယ်။
“မြန်မာနိုင်ငံရဲ့ အရင်က ပွင့်လင်းမြင်သာမှုကနေ အကျိုးကျေးဇူးရရှိခဲ့တဲ့ မျိုးဆက်တွေ အထူးသဖြင့် လူငယ်တွေဟာ အခုအချိန်မှာ စိတ်ပျက်လက်ပျက်ဖြစ်ပြီး နာတာရှည် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး စစ်အုပ်ချုပ်ရေးကို တိုက်ဖျက်ဖို့ လက်နက်ကိုင်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိတော့ဘူးလို့ ခံစားနေကြရပါတယ်” လို့ ဆိုပါတယ်။
စစ်အုပ်ချုပ်ရေးသတ်မှတ်လိုက်တဲ့မြို့နယ်ပေါင်း ၄၇ မြို့နယ်အထိ ရှိလာခဲ့သလို အရပ်သားတွေကို လက်နက်ကိုင်ဆောင်ခွင့်ကိုလည်း အာဏာသိမ်းစစ်တပ်က ပြန်လည်ခွင့်ပြုလိုက်တာ တွေ့ရတယ်လို့လည်း ဆိုပါတယ်။
စစ်တပ်က အရပ်သားတွေရဲ့ ပစ်မှတ်ထားတဲ့ အစားအစာ၊ ငွေကြေး၊ သတင်းအချက်အလက်နဲ့ လူသူစုဆောင်းမှု စတာတွေ မလုပ်နိုင်အောင် ဖြတ်လေးဖြတ်ဗျူဟာကို ကျင့်သုံးနေတယ်လို့ပြောသွားပါတယ်။
ခုခံတော်လှန်ရေးအင်အားစုတွေကို အကြမ်းဖက်တွေလို့ စွပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်မှုတွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဆက်လက်ထောက်ပြနေသလို တစ်ဖက်မှာလည်း NUG ကပြည်သူ့ကာကွယ်ရေးတပ်တွေရဲ့ သတ်ဖြတ်မှုတွေကို ရှုံ့ချပြီး လူမဆန်တဲ့လုပ်ရပ်တွေ မလုပ်ဖို့ တော်လှန်ရေး အဖွဲ့တွေကို သတိပေးမှုတွေပြုလုပ်နေပါတယ်လို့ မစ္စ နိုလင်းဟေဇာက ဆိုပါတယ်။
အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှု မပါဝင်တဲ့ စစ်ကောင်စီက အဆိုပြုထားတဲ့ ရွေးကောက်ပွဲဟာ လွတ်လပ်တဲ့အခြေအနေအောက်မှာ အကြောက်တရားကင်းစွာနဲ့ ကျင်းပနိုင်တဲ့အခြေအနေမျိုးမှာ မရှိရင် အကြမ်းဖက်မှုတွေပိုတိုးလာမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။ မစ္စနိုလင်းဟေဇာကမြန်မာမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးနဲ့ ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ အဖြေရှာနေသူတွေကို ထောက်ခံဖို့လည်း နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။
နိုင်ငံတဝန်း လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်မှုတွေ မြင့်တက်နေပြီး စစ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကစလို့ ၂၀၂၃ ခုနှစ် မတ်လ ၁၆ ရက်အထိ မြန်မာပြည်သူ ၁၇.၆ သန်းကျော်ဟာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေလိုအပ်နေသလို နေရပ်စွန့်ခွာထွက်ပြေးရသူ ၁.၆ သန်းကျော်၊ အရပ်သား အဆောက်အဦ ငါးသိန်းငါးသောင်းဝန်းကျင် ဖျက်ဆီးခံခဲ့ရတယ်လို့ ကုလအထူးကိုယ်စားလှယ်က ဆိုပါတယ်။
ပဋိပက္ခတွေဒေသတွေမှာ ဆိုးရွားတဲ့ ထိခိုက်မှုအဖြစ် အနည်းဆုံး အိမ်ထောင်စု ၂၉ ရာခိုင်နှုန်းဟာ အစားအစာမဖူလုံမှုနဲ့ အစာရေစာပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပြီး ရိုဟင်ဂျာတွေနဲ့ တခြားတိုင်းရင်းသားလူနည်းစုတွေ၊ နေရပ်စွန့်ခွာထွက်ပြေးရသူတွေနဲ့ကလေးငယ်တွေအမျိုးသမီးတွေအပါအဝင် မြန်မာမှာ အထိခိုက်အလွယ်ဆုံးအုပ်စုတွေဟာ ဆိုးရွားတဲ့အခြေအနေကိုကြုံနေရတယ်လို့လည်း သူကဆိုပါတယ်။
ဒါကိုအရေးအရေးတကြီးမဆောင်ရွက်ရင် မြန်မာမှာ လူ့အခွင့်ရေးအရ လူသားချင်းစာနာထောက်ထားမှုနဲ့ လူမှုစီးပွားအကျပ်အတည်းများ ပိုမိုပြင်းထန်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။