သြဂုတ် ၂၄ ရက်ထိပ်တန်းသတင်းများ - ဆိုးရွားနေတဲ့မြန်မာ့လူ့အခွင့်အရေးကိုအာရုံစိုက်ဖို့အလှည့်ကျလုံခြုံရေးကောင်စီဥက္ကဋ္ဌပြော

ရေးသားခဲ့သည်။

မြန်မာရဲ့ ဆိုးရွားနေတဲ့လူ့အခွင့်အရေးအခြေအနေဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အာရုံစိုက်မှုအပြည့်အဝရသင့်တယ်ဆိုပြီး ကောင်စီအလှည့်ကျဥက္ကဋ္ဌ ကုလသမဂ္ဂဆိုင်ရာအမေရိကန်သံအမတ်ကြီး လင်ဒါသောမတ် ဂရင်းဖီးဒ်က ပြောလာပါတယ်။

စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဆက်လက်ဖြစ်ပွားနေတာနဲ့ ထိတ်လန့်ဖွယ်ရက်စက်မှုတွေကိုရပ်တန့်ရမှာဖြစ်ပြီး လုံခြုံရေးကောင်စီအနေနဲ့ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကိုအပြည့်အဝအကောင်အထည်ဖော်ဖို့ကိုလည်းတောင်းဆိုသလိုဒီ့ထက်ကျော်လွန်အားထုတ်ဖို့ကိုလည်း သူက တိုက်တွန်းပါတယ်။

၂၀၂၂ ဒီဇင်ဘာလကဆုံးဖြတ်ခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၂၆၆၉ မှာတော့ အကြမ်းဖက်မှုများချက်ချင်းရပ်ဖို့ ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအား လုံးကိုလွှတ်ပေးဖို့ ၊ အာဆီယံသဘောတူညီချက်တွေကိုအကောင်အထည်ဖို့ ၊ မြန်မာပြည်သူတွေရဲ့ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကိုလေးစားလိုက်နာဖို့ နဲ့ လူသားချင်းစာနာမှုအကူအညီတွေကိုအကန့်အသတ်မရှိပေးခွင့်ပြုဖို့တို့ပါဝင်တာပါ။

မြန်မာ့အကျပ်အတည်းပြေလည်ဖို့ကြိုးစားနေတဲ့အာဆီယံရဲ့ လုပ်ဆောင်ချက်တွေကိုထောက်ခံပံ့ပိုးရာမှာ လုံခြုံရေးကောင်စီကသုံးနိုင်တဲ့လုပ်ပိုင်ခွင့်အားလုံးကိုအသုံးချဖို့ကိုလည်း သူကထောက်ပြပါတယ်။

မြန်မာစစ်တပ်က အရပ်သားတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေသလို လူနေထူထပ်တဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေဆက်လုပ်နေတယ်ဆိုတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးရုံးက နောက်ဆုံးထုတ်ပြန်ထားတဲ့အစီရင်ခံစာကို ကိုးကားပြီး မြန်မာ့အရေး အာရုံစိုက်ဖို့ ထိုက်တန်တဲ့အကြောင်း သံအမတ်ကြီးက ပြောလိုက်တာဖြစ်ပါတယ်။

လူ့အခွင့်အရေးကော်မရှင်ရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က မကြာသေးခင်ကထုတ်တဲ့ အစီရင်ခံစာမှာလည်း မြန်မာစစ်ကောင်စီနဲ့ သူနဲ့ ဆက်နွယ်နေတဲ့လက်နက်ကိုင်အဖွဲ့တွေဟာ အရပ်သားနေရာတွေကို အင်အားအလွန်အကျွံသုံးပြီးလေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာအပါအဝင် စစ်ရာဇဝတ်မှုတွေကိုပိုတိုးကျူးလွန်နေတဲ့အခြေအနေကိုခိုင်လုံတဲ့ အထောက်ထားတွေ ရှိနေတယ်လို့လည်း ထောက်ပြပါတယ်။

ဒီသြဂုတ်လဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်တဲ့ ‌ခြောက်နှစ်မြောက်နှစ်ပတ်လည်ဖြစ်ပြီး သိန်းနဲ့ချီတဲ့သူတွေဘင်္ဂလားဒေ့ရှ်ကိုထွက်ပြေးရတာ၊ အိမ်မီးရှို့ခံရတာနဲ့ စစ်တပ်ကျူးလွန်ခဲ့တာတွေကို မေ့မထားသင့်တဲ့အကြောင်းကိုလည်း သူက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးမူဝါဒဟာ လူ့အခွင့်အရေးကိုရှေ့တန်းတင်တာဖြစ်တာနဲ့အညီ မြန်မာရဲ့ လူ့အခွင့်အရေးအခြေအနေကို လုံခြုံရေးကောင်စီကနေ အပြည့်အဝအာရုံစိုက်ခံရမှုရသင့်တယ်လို့ ပြောပါတယ်။

ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ ပြန်ရဖို့ တောင်းဆိုသလို မြန်မာပြည်သူတွေနဲ့ အတူရပ်တည်နေတယ်လို့ လည်း သူ့ရဲ့ကြေညာချက်မှာဖော်ပြပါတယ်။

မုံရွာမှာ ဓားပြတိုက်မှုကျုးလွန်သူတွေကို ပုဒ်မ ၃ ခုနဲ့ တရားစွဲဆိုအရေးယူမယ်လို့ဆို

ကိုယ်ဝန်ဆောင် အမျိုးသမီးနဲ့သန္ဓေသားပါအသက်ဆုံးရှုံးခဲ့ရတဲ့ဓားပြတိုက်မှုကျူးလွန်ခဲ့တဲ့ ၇ ဦးကို NUG အစိုးရတရားရုံးမှာတရားစွဲဆိုထားပြီးအရေးယူဆောင်ရွက်နေတယ်လို့ မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လ ၁၀ ရက်ညနေပိုင်းကဖြစ်ခဲ့တဲ့အဲဒီဓားပြတိုက်မှုမှာ စစ်ကိုင်းတိုင်း၊ မုံရွာမြို့တောင်ဘက်ခြမ်း ထန်းတောရပ်ကွက်ကအသက် ၂၄ နှစ်အရွယ်ကိုယ်ဝန်ဆောင်အမျိုးသမီးမ​အေးငြိမ်းသူ ဦးခေါင်းသေနတ်ထိမှန် သေဆုံးခဲ့ပါတယ်။

မုံရွာ ပ.က.ဖ ရဲ့ ထုတ်ပြန်ချက်အရ လူသတ်မှုကျူးလွန်သူတွေကို မြေပြင်အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ကာ မုံရွာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကဖမ်းဆီးအမှုတည်ဆောက်ကာ ရာဇသတ်ကြီးပုဒ်မ ၃၉၅ ၊ ၃၉၆ ၊ ၃၉၇ တွေဖြစ်တဲ့ လုယက်မှု၊ဓားပြမှု၊လူသေစေမှုတွေနဲ့ တရားစွဲဆိုမယ်လို့ဆိုပါတယ်။

ဖြစ်စဥ်ဖြစ်တဲ့သြဂုတ် ၁၀ရက် ၂၄ နာရီမပြည့်ခင်မှာပဲ တရားခံတွေ ဖမ်းဆီးမိကြောင်း မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ GUARDIAN FORCE (ပလဖ) ကနေ လူမှုကွန်ရက်မှာ တိုက်ရိုက်ထုတ်လွှင့် Live ပြသခဲ့တာပါ။

“သေနတ်နဲ့ ပစ်ခတ်ခဲ့တဲ့သူတွေက Local (ဒေသကာကွယ်ရေးအဖွဲ့) လိုလို၊ UG (မြို့ပြပြောက်ကျား) လိုလိုနဲ့ တော်လှန်‌ရေးကို ပုံဖျက်နေတဲ့ကောင်တွေ” လို့ ပလဖခေါင်းဆောင် ကိုအာကူးက အဲဒီကာလက ဘီဘီစီကိုပြောခဲ့ပါတယ်။

စစ်တပ်ကိုအရေးယူဖို့ လုံခြုံရေးကောင်စီ ကို ဦးကျော်မိုးထွန်း ထပ်မံတောင်းဆို

မြန်မာစစ်တပ်ကို လက်နက်၊ လေယာဉ်ဆီနဲ့ ငွေကြေးစီးဆင်းမှုမရှိစေရေးဖြတ်တောက်ဖို့မြန်မာအရေးလုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးအပြီးမှာကုလသမဂ္ဂမြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းကတိုက်တွန်းတောင်းဆိုပါတယ်။

စစ်တပ်ကလေကြောင်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်တာတွေကိုလုပ်နေတဲ့အတွက်တောင်းဆိုတာလို့ဆိုပြီး မြန်မာပြည်သူတွေရဲ့ အသက်ကိုကယ်တင်ဖို့ဘယ်လိုအခြေအနေနဲ့ အကြောင်းအရာကိုစောင့်ဆိုင်းနေလဲဆိုပြီးလည်းလုံခြုံရေးကောင်စီကိုမေးခွန်းထုတ်ပါတယ်။

တံခါးပိတ် အစည်းအဝေးကို သြဂုတ် ၂၃ ရက်က နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာပြုလုပ်တာဖြစ်ပြီးအဲဒီအစည်းအဝေးအပြီး မီဒီယာတွေနဲ့တွေ့ဆုံချိန်မှာ ဦးကျော်မိုးထွန်းကပြောခဲ့တာပါ။

လုံခြုံရေးကောင်စီ ရဲ့ ဆုံးဖြတ်ချက်အဆိုဟာ ဥပဒေကြောင်းအရစည်းနှောင်မှုအားရှိပြီးအကျိုးသက်ရောက်မှုရှိသောကြောင့် နောက်ထပ်ဆုံးဖြတ်ချက်အဆိုအသစ်ထပ်မံချမှတ်ဖို့ကိုလည်း တိုက်တွန်းတယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ တံခါးပိတ်အစည်းအဝေးမှာ အဖွဲ့ဝင်နိုင်ငံတွေအပြင်မြန်မာအရေးကိစ္စကို အဓိကညှိနှိုင်းဆောင်ရွက်တဲ့ဗြိတိန်နိုင်ငံနဲ့ အခုလရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့အမေရိကန်ပြည်ထောင်စုတို့ကဦးဆောင်ဆွေးနွေးခဲ့တာပါ။

တံခါးပိတ်အစည်းအဝေးကနေ လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၃) နိုင်ငံကိုယ်စား လုံခြုံရေးကောင်စီရဲ့ ပူးတွဲကြေညာချက် (Joint Statement) ကိုထွက်လာခဲ့ပြီး အရင်ဆုံးဖြတ်ချက်အဆို 2669 (2022) ကို အပြည့်အဝအကောင်အထည်ဖော်ဆောင်ရွက်ဖို့ ထပ်မံတောင်းဆိုထားသလိုမြန်မာပြည်သူတွေကို ထောက်ခံအားပေးတယ်လို့ ထပ်လောင်းအတည်ပြုဖော်ပြထားပါတယ်။

၂၀၂၂ ဒီဇင်ဘာလကဆုံးဖြတ်ခဲ့တဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် 2669 (2022) မှာတော့ အကြမ်းဖက်မှုများချက်ချင်းရပ်ဖို့ ၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင်နိုင်ငံရေးအကျဉ်းသားအား လုံးကိုလွှတ်ပေးဖို့ ၊ အာဆီယံသဘောတူညီချက်တွေကိုအကောင်အထည်ဖို့ ၊ မြန်မာပြည်သူတွေရဲ့ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးကိုလေးစားလိုက်နာဖို့ နဲ့ လူသားချင်းစာနာမှုအကူအညီတွေကိုအကန့်အသတ်မရှိပေးခွင့်ပြုဖို့တို့ပါဝင်တာပါ။

ကန့်ကွက်သူမရှိ အတည်ပြုခဲ့တဲ့အဲဒီမြန်မာ့အရေးဆုံးဖြတ်ချက်ကိုလက်မခံကြောင်း အဲဒီကာလတုန်းက စစ်ကောင်စီကထုတ်ပြန်ပြောဆိုခဲ့ပါသေးတယ်။

အင်းတော်မြို့နယ်မှာအရပ်သား ၄ ဦးသေဒဏ်ချမှတ်ခံရ

စစ်ကိုင်းတိုင်းအထက်ပိုင်းအင်းတော်မြို့နယ်မှာဖမ်းဆီးခံထားရတဲ့အရပ်သား ၄ ဦးကိုအင်းတော်စစ်ခုံရုံးကသေဒဏ်ချမှတ်လိုက်တယ်လို့အင်းတော်တော်လှန်ရေးအဖွဲ့ - Indaw Revolution-IR က သတင်းထုတ်ပြန်ပါတယ်။

သေဒဏ်ချမှတ်ခံရသူတွေဟာ မုံရွာ - မြစ်ကြီးနားခရီးသည်တင်ကားမောင်းတဲ့ကိုဇော်မျိုးထွန်း၊ထီးချိုင့်မြို့နယ်ကကိုကျော်စွာဝင်း နဲ့ မမြင့်မြင့်အေး ၊ အင်းတော်မြို့ကကိုအောင်ကျော်ကျော်မိုးတို့ဖြစ်တယ်လို့ နာမည်နဲ့ တကွဖော်ပြပါတယ်။

ကိုဇော်မျိုးထွန်းဟာ ပြီးခဲ့တဲ့ဧပြီလပိုင်းက အင်းတော်စစ်ဆေးရေးဂိတ်မှာဖမ်းဆီးခံခဲ့ရပြီးကျန်တဲ့ ၃ ဦးလုံးကလည်း အင်းတော်မြို့ထဲမှာဖမ်းဆီးခံရတာလို့ ဆိုပါတယ်။ သူတို့ ၄ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၄၉(က)၊ ၅၂(က) တို့ နဲ့ တရားစွဲဆိုခဲ့ပြီး ဩဂုတ်လ ၁၈ ရက်မှာအမိန့်ချမှတ်ခဲ့တာလို့သိရပါတယ်။

နေ့စဥ်အရပ်သားဖမ်းဆီးခံရမှုတွေရှိနေတဲ့ အင်းတော်မြို့နယ်မှာ ထောင်ဒဏ်တသက်တကျွန်းချမှတ်ခံရတဲ့အရပ်သား ၁၀ ဦးထက်မနည်းရှိလာပြီလို့လည်း Indaw Revolution-IR ကပြောပါတယ်။

နိုင်ငံ‌ရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအဖွဲ့ AAPP ရဲ့ သြဂုတ် ၂၃ရက်ကထုတ်ပြန်ထားတဲ့စာရင်းမှာတော့ ဩဂုတ် ၁၈ ရက်နေ့မှာ ၃ ဦးသေဒဏ်ချမှတ်ခံခဲ့ရတာကိုအတည်ပြုနိုင်တယ်လို့ပြောထားပါတယ်။ အာဏာသိမ်းပြီးတဲ့နောက်သေဒဏ်ချမှတ်ခံထားရပြီးအကျဉ်းထောင်ထဲမှာထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၀၁) ဦး ရှိပြီဖြစ်ကာ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၃) ဦး ရှိတယ်လို့ဖော်ပြထားပါတယ်။

စစ်ကောင်စီသတင်းတွေကိုဖော်ပြတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာတော့ အခုသေဒဏ်ချမှတ်ခံရသူတွေဟာ လက်နက်ခဲယမ်းတွေကိုအကြိမ်ကြိမ် သယ်ယူပို့ဆောင်တာတွေကိုလုပ်ခဲ့လို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခဲ့တာလို့ဖော်ပြနေကြပါတယ်။

အင်းတော်မြို့နယ်မှာ အရပ်သား ၄ ဦးသေဒဏ်ချမှတ်ခံရတယ်ဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးအေးလှိုင်ကိုဆက်သွယ်ခဲ့ပေမယ့် ဖုန်းကိုင်ဖြေဆိုတာမရှိသေးပါဘူး။

အဆိုတော်ဗျူဟာကို ပုဒ်မ ၂ ခုနဲ့ ထောင်ဒဏ်နှစ် ၂၀ ချမှတ်

အချိန်ကြာမြင့်စွာလျှပ်စစ်မီးပြတ်‌တောက်မှုကိုဝေဖန်ခဲ့တာကြောင့် ဖမ်းဆီးတရားစွဲဆိုခံရတဲ့ ဟစ်ဟော့အဆိုတော်ဗျူဟာကို ပုဒ်မ ၂ ခုစွဲဆိုပြီး ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်တယ်လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။

စတင်ဖမ်းဆီးခံရတဲ့ မေလကနိုင်ငံတော်တည်ငြိမ်အေးချမ်းမှုကိုပျက်ပြားစေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ၅၀၅ - က နဲ့ ဖမ်းဆီးစွဲဆိုခဲ့ပေမဲ့ အမိန့်ချမှတ်တဲ့သြဂုတ် ၂၃ ရက်နေ့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နဲ့ပါအမိန့်ချခဲ့လို့ ပုဒ်မ ၂ ခုအတွက် ထောင်ဒဏ်အနှစ် ၂၀ လို့သိရကြောင်း မိသားစုဝင်တစ်ဦးကပြောပါတယ်။

အဆိုတော် ဗျူဟာကို ရန်ကုန် မြောက်ဒဂုံရဲစခန်းမှာအမှုဖွင့်အရေးယူခဲ့တာဖြစ်ပြီး အင်းစိန်ထောင်ရဲ့ မြောက်ဒဂုံစစ်ခုံရုံးကနေအမိန့်ချခဲ့တာလို့ ဆိုပါတယ်။ လက်ရှိအခြေအနေအရ အဆိုတော်ဗျုဟာရဲ့ ကျန်းမာရေးကောင်းမွန်ပေမဲ့ မိသားစုကထောင်ဝင်စာအနေနဲ့ တွေ့ခွင့်မရသလို ဆက်သွယ်ခွင့်လည်းမရှိဘူးလို့ နီးစပ်သူတစ်ဦးကပြောပါတယ်။

အဆိုတော်ဗျူဟာကို ရန်ကုန် မြောက်ဒဂုံနေအိမ်မှာ မေလ ၂၄ ရက် မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ရဲ့ ဆိုရှယ်စာမျက်နှာမှာအချိန်ကြာမြင့်စွာလျှပ်စစ်မီးပြတ်တောက်မှုကို ပြီးခဲ့တဲ့အရပ်သားအစိုးရလက်ထက်နဲ့ နှိုင်းယှဥ်ဝေဖန်ခဲ့တာကနေဖမ်းဆီးခံရတာဖြစ်ပါတယ်။