အင်ဒိုနီးရှား ဘောလုံးပွဲမှာ လူရာနဲ့ချီ ဘာကြောင့်သေဆုံးခဲ့တာလဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
ပြိုင်ဘက်အသင်းနှစ်သင်းကစားကြတဲ့ ဘောလုံးပွဲကနေ အားကစားသမိုင်းမှာ အဆိုးရွားဆုံး လူရာနဲ့ချီသေဆုံးမှုဖြစ်ပွားခဲ့ရတာ ဘာကြောင့်လဲဆိုတဲ့ အဖြေကို အင်ဒိုနီးရှားက လူတွေ သိချင်နေကြပါတယ်။
အင်ဒိုနီးရှားနိုင်ငံအရှေ့ဂျာဗား မာလန်မြို့ က ကန်ဂျူရူဟမ်ကွင်းမှာ စနေနေ့ညပိုင်းမှာကျင်းပခဲ့တဲ့ အိမ်ရှင် အသင်းရှုံးနိမ့်တဲ့ ပွဲအပြီးမှာ ပရိသတ်ထောင်နဲ့ချီ ကွင်းထဲကို ပြေးဝင်လာကြပြီး အဲ့ဒီလူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ပစ်ခတ် ဖြိုခွင်းခဲ့ပါတယ်။
မျက်ရည်ယိုဗုံးနဲ့ပစ်ခံရတာကြောင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လူတွေက ထိတ်လန့်တကြား နီးစပ်ရာထွက်ပေါက်တွေ ထွက်ပြေးကြတာကြောင့် လူအုပ်ပိမိတဲ့အတွက် ၃ နှစ်သား ကလေး ငယ်အပါအဝင် အနည်းဆုံး ၁၂၅ ဦး သေဆုံးခဲ့တယ်လို့ အင်ဒိုနီးရှား အအာဏာပိုင်တွေက ပြောပါတယ်။
တချို့ပရိသတ်တွေဆိုရင် ကစားသမားတွေ လက်ထဲမှာ အသက်ဆုံးရှုံးခဲ့ရတယ်လို့ အိမ်ရှင်အသင်း အာရီမာ အက်ဖ်စီArema FC နည်းပြက ပြန်ပြောပြပါတယ်။
"တကယ့်ကို ကြောက်စရာကောင်းတဲ့ မြင်ကွင်းပါ” လို့ အိမ်ရှင်အသင်း အာရီမာရဲ့ ပေါ်တူဂီကစားသမား ဆာဂျီယို ဆေးလ်ဗားကလည်း ပြောပါတယ်။
“ရဲကားတွေ မီးလောင်ပြီး အကုန်လုံး ပျက်စီးကုန်တယ်၊ စင်္ကြံတလျှောက်မှာလည်း သွေးတွေ၊ လူတွေရဲ့ ဖိနပ်တွေကလည်း ပြန့်ကြဲနေတာပဲဗျ ။ လူတွေက ကြောက်လန့်ပြီး လုပ်မိ လုပ်ရာစွတ်လုပ်ကြတာ။ လူတွေသေနေတာကို မြင်နေရတာတောင် ထွက်ပြေးဖို့ ကြိုးစားခဲ့ ကြတယ်" လို့ ပေါ်တူဂီ အားကစားသတင်းစာ A Bola ကို သူက ပြန်ပြောပြပါတယ်။
ဒီကိစ္စကို ရဲကကိုင်တွယ်ဖြေရှင်းတာဟာ ကြမ်းလွန်းတယ်လို့ စွပ်စွဲချက်တွေ ထွက်လာပြီးနောက်ပိုင်း အင်ဒိုနီးရှား အာဏာပိုင်တွေက စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို တနင်္လာနေ့က စတင်လိုက်ပါတယ်။
အင်ဒို အာဏာပိုင်တွေကို “လူသတ်သမားတွေ ”လို့ လူတွေက ဒေါသတကြီးနဲ့ ငိုကြွေးစွပ်စွဲခဲ့ ကြပါတယ်။ ကွင်းအတွင်းက သူတို့ လုပ်ဆောင်ခဲ့မှုတွေနဲ့ ပြီး ရဲအရာရှိ ၁၈ ဦးထက်မနည်းကို စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။
ဒါဆိုရင် အဲ့ဒါတွေ အားလုံးက ဘယ်လိုဖြစ်ခဲ့တာလဲ။ သိထားသမျှကို ဒီမှာ ပြန် ပြောပြပေးပါမယ်။
ကြမ်းတမ်းတဲ့ သမိုင်း
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အာရီမာအက်ဖ်စီ ဘောလုံးအသင်းနဲ့ အရှေ့ဂျာမားအခြေစိုက် ပါဆီဘာရာ ဆူရာဘာရာ ဘောလုံးအသင်းတို့ဟာ အရင်ကတည်းက ထိပ်တိုက်တွေ့ခဲ့ကြတဲ့ ပြိုင်ဘက်အသင်းတွေ ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သူတို့နှစ်သင်းတွေ့ကြတဲ့ ပွဲတွေကလည်း မထင်မှတ်ထားတဲ့ အကြမ်းဖက်မှုတွေ ဖြစ်လေ့ရှိပါတယ်။
အဲ့ဒါကြောင့် “ကြိုတင်ကာကွယ်တဲ့အနေနဲ့ လုံခြုံရေးအပါအဝင် နောက်ထပ် ဖြစ်လာနိုင်တာ တွေအတွက်လည်း ကြိုတင်သတိထားစီစဥ်မှုတွေ လုပ်ခဲ့တယ်” လို့ အင်ဒိုနီးရှား ဘောလုံးအဖွဲ့ချုပ် လက်ထောက်အထွေထွေအတွင်းရေးမှူး မီကီအီရာပူစပီတာက ဘီဘီစီကို ပြောပါတယ်။
အကြမ်းဖက်မှုတွေမဖြစ်လာအောင် ကြိုတင်ပြင်ဆင်တဲ့အနေနဲ့ အိမ်ကွင်းပရိသတ် ၄၂၀၀၀ ကျော်ကိုသာ ကွင်းထဲဝင်ခွင့်ပေးခဲ့ပြီး ဧည့်သည်အသင်းပရိသတ်တွေကို ပွဲလာကြည့်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
အင်ဒိုဘောလုံးအချုပ်ကလည်း အဲဒီပွဲအတွက် ရဲတွေ အပိုထပ်ချထားပါတယ်။ ပထမပိုင်း ကစားနေ တဲ့ အချိန်တွင်းမှာ ပွဲက အေးအေးဆေးပါပဲ။ “လုံခြုံရေးအခြေအနေကလည်း ပုံမှန်အတိုင်းပဲ။ ပွဲအချိန်တစ်ဝက်လောက်ထိ အဆင်ပြေနေတယ်"လို့ မစ္စပူစပီတာက ပြောပါတယ်။
မျက်မြင်သက်သေတွေကတော့ သူပြောတာကို လက်မခံပါဘူး။ ဒုတိယပိုင်းမှာ တင်းမာမှုတွေ ဖြစ်လာခဲ့ပြီး အချိန်တစ်ဝက်မှာ ရန်ဖြစ်ခဲ့ကြတယ်လို့ ဘီဘီစီကို ပြောပါတယ်။
ပွဲပြီးတော့ အိမ်ရှင်အသင်း အာရီမာ ၃ ဂိုး ၂ဂိုးနဲ့ ရှုံးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
"အဲ့ဒါကြောင့် ပွဲပြီးတဲ့အချိန်မှာ အိမ်ရှင်အသင်းပရိသတ် တချို့ကွင်းထဲကို ပြေးဝင်သွားတဲ့ အချိန်ကစပြီး အကြမ်းဖက်မှုတွေ စဖြစ်ခဲ့တာ”လို့ ဟု မစ္စ ပူစပီတာက ထောက်ပြပါတယ်။
အဲ့ဒီနောက်ပိုင်း ဘာတွေဆက်ဖြစ်လဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရတော့ပါဘူး။ ကွင်းထဲမှာ ဘယ်အချိန်ဘာတွေဖြစ်ခဲ့လဲဆိုတဲ့ အချိန်အတိအကျကို မေးပေမယ့် အာဏာပိုင်တွေဘက်က ဖြေချင်တဲ့ ဆန္ဒမရှိဘူးဆိုတာ တွေ့ရပါတယ်။
“စုံစမ်းစစ်ဆေးရေးအဖွဲ့က ရတဲ့အဖြေကို စောင့်တာက ကျွန်မတို့အားလုံးအတွက် ပိုကောင်း မယ်ထင်တယ်” လို့ မစ္စပူစပီတာက ဘီဘီစီကို ပြောပါတယ်။
ဒါပေမယ့် သိရသလောက်တော့ နောက်ဆုံး ပွဲပြီး ဝီစီမှုတ်တဲ့အချိန် အာရီမာ ပရိသတ်တွေ ဘောလုံးသမားတွေစုနေကြတဲ့ ကွင်းလယ်ထဲကို ရောက်လာပါတယ်။
အဲ့ဒီအချိန်မှာ ရဲတွေက ပါဆီဘာယာအသင်းက ကစားသမားတွေကို သူတို့ အဝတ်လဲတဲ့အခန်းကို ပို့ထားပြီးပြီဆိုတာ ဘီဘီစီအင်ဒိုနီးရှားဌာနရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။
ကွင်းထဲကို ဝင်လာတဲ့သူတော်တော်များများဟာ အကြမ်းဖက်တိုက်ခိုက်ဖို့မဟုတ်ဘဲ အားပေးဖို့ ဝင်လာကြတာလို့ ဆာဂျီယိုဆေးလ်ဗား က ပြောပါတယ်။ ဒါပေမယ့် အခြေအနေတွေ ပိုဆိုးလာတာကို သတိထားမိတဲ့အတွက် သူတို့အသင်းကလူတွေလည်း အဝတ်လဲခန်းကို သွားခဲ့ကြတယ်လို့ သူ့အပြောအရ သိရပါတယ်။
နောက်ပိုင်းမှာ ကွင်းထဲရောက်နေတဲ့ လူတွေကို လူစုခွဲဖို့ ရဲတွေက ထောင်နဲ့ချီတဲ့ လူအုပ်ထဲကို မျက်ရည်ယိုဗုံးတွေနဲ့ စတင်ပစ်ခတ်ခဲ့ပါတယ်။ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ဆက်တိုက် ပစ်ခတ်ခဲ့တယ်ဆိုတာကို မျက်မြင်သက်သေတစ်ဦးက ဘီဘီစီကို ပြောပြပါတယ်။
ရဲတပ်ဖွဲ့ဟာ မလိုအပ်ဘဲ ရက်ရက်စက်စက် လုပ်ဆောင်ခဲ့တယ်ဆိုတာကို မျက်ရည်ယိုဗုံးနဲ့ ပစ်ပြီး ပရိသတ်တွေကို နံပါတ်တုတ်တွေနဲ့ ရိုက်ခဲ့တဲ့အကြောင်း မျက်မြင်သက်သေတွေ ပြောပြချက်အရ သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
မျက်ရည်ယိုဗုံးက ထွက်လာတဲ့ အငွေ့တွေကြောင့် ကွင်းထဲရောက်နေတဲ့ ပရိသတ်တွေလည်း ကြောက်လန့် ပြီး အဲ့ဒီနေရာကလွတ်နိုင်တဲ့ ကွင်းအပြင်ကိုထွက်တဲ့ ထွက်ပေါက် ကျဥ်းကျဥ်းလေးတွေဆီ ဦးတည်ပြေးကြပါတယ်။
ဒါပေမယ့် ပြေးတဲ့လူက ထောင်နဲ့ချီရှိတော့ တယောက်နဲ့တယောက်တိုးတိုက်မိပြီး အများစုကလည်း မျက်ရည်ယိုဗုံးက အငွေ့တွေ ရှူထားရတဲ့အတွက် ဂိတ်ပေါက်တွေမှာ အရမ်းကျပ်ပိတ်သိပ် ကုန်ပါတယ်။
အပေါက်ဝတွေမှာ ပိတ်မိနေတဲ့လူတွေက အဲ့ဒီကနေ ရတဲ့နည်းနဲ့ထွက်နိုင်ဖို့ နံရံတွေကို အပေါက်တွေ ဖောက် ကုတ်ခြစ်ထွက်ဖို့ ကြိုးစားကြပါတယ်။ သံတခါးတွေကို လူအုပ်နဲ့ ဝိုင်းတွန်းတော့ သံတံခါးတွေ ပိမိကုန်တာလည်း ရှိပါတယ်။ အဝတ်လဲခန်းတွေထဲမှာလည်း ပြွတ်သိပ်ကျပ်ညပ်ပြီး သေတဲ့သူတွေ ရှိပါတယ်။
ဆေးလ်ဗားဟာ အဲ့ဒီအချိန်မှာ သူ့ အသင်းက အခြားကတစားဖော်တွေနဲ့ အတူ သော့ပိတ်ထားတဲ့ အခန်းထဲမှာ ရှိနေပြီး အပြင်မှာလူတွေ လူစုလူဝေး ကြောက်လန့်တကြား အော်ဟစ်နေတဲ့ အသံတွေကြားရတယ်လို့ သူတို့ ကြားနေရတယ်လို့ ပြောပါတယ်။
" သူတို့ရှေ့မှာတင် လူတွေသေတာကို မြင်နေရတော့ လူတွေက အရမ်းကြောက်ပြီး အဲ့ဒီနေရာကနေ လွတ်ဖို့ ကြိုးစားခဲ့ကြတာ။ အဲဒီလူတွေထဲကတချို့ လွတ်အောင် ကျွန်တော်တို့ လုပ်ပေးလိုက်ရတယ်" လို့ သူက ပြောပါတယ်။
ဘောလုံးပွဲလိုမဟုတ်တော့ဘဲ စစ်ပွဲတစ်ခုပုံစံမျိုးဖြစ်ခဲ့တဲ့ အဲ့ဒီ မြင်ကွင်းကို အခုအချိန်ထိ သူ့ စိတ်ထဲက ဖျောက်လို့ မရသေးဘူးလို့ သူက ပြန်ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
"ကစားသမားတွေရဲ့ လက်ထဲမှာပဲ ပရိသတ်တွေ သေကုန်ကြတာ " လို့ အာရီမာနည်းပြ Javier Roca ကလည်း စပိန်ရုပ်သံလွှင့်ဌာန Cadena Ser ကို ပြောပြပါတယ်။
"ကျွန်တော် အရမ်းကြေကွဲရတယ်ဗျာ။ စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးကြီးတခု ပိနေသလိုခံစားရပြီး အဲ့ဒီအတွက် ကျွန်တော့်မှာ ကြီးလေးတဲ့ တာဝန်ရှိနေတယ်လို့လည်း ခံစားနေရတယ်ဗျ "လို့ ပြောပါတယ်။
ပြီးတော့ ရဲတွေက သူတို့ လုပ်သင့်လုပ်ထိုက်တာထက် ဘောင်ကျော်လုပ်သွားတယ်လို့ သူထင်တဲ့အကြောင်း ထပ်ဖြည့်ပြောပါတယ်။
အခုအချိန်ထိတော့ သေဆုံးသူ အတိအကျကို အတည်မပြုနိုင်သေးပါဘူး။ ဒဏ်ရာရထားတဲ့ ပရိသတ်အများစု ဆေးကုသမှု ခံယူနေကြဆဲဖြစ်ပြီး တချို့ဆို ဦးနှောက်ကို ထိခိုက်မိသွားကြတာပါ။
ရဲတပ်ဖွဲ့က စစ်ဆေးနေ
ရဲတပ်ဖွဲ့ဝင်နှစ်ဦးပါ သေဆုံးခဲ့တဲ့အတွက် အခုအဖြစ်အပျက်ကို အဓိကရုဏ်းအဖြစ် ရဲတပ်ဖွဲ့က သတ်မှတ်ထားပါတယ်။ ပရိသတ်တွေက ရဲအရာရှိတွေကို တိုက်ခိုက်၊ ကားတွေကိုဖျက်ဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က စွပ်စွဲထားပြီး မီးလောင်ပျက်စီးနေတဲ့ ရဲကားတွေလည်း ဓာတ်ပုံတွေထဲမှာ တွေ့ရပါတယ်။
ဒါပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး လူတွေက အာဏာပိုင်တွေ အပေါ် မကျေမနပ် ဒေါသဖြစ်မှုတွေ ပိုတိုးလာနေပြီး ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ တာဝန်ခံဖို့ တောင်းဆို ဆန္ဒပြမှုတွေလည်း နိုင်ငံတစ်ဝန်းမှာ ဖြစ်နေပါတယ်။
မြို့တော် ဂျကာတာမှာဆိုရင်လည်း လူတွေက "လူသတ်သမား၊ လူသတ်သမား " လို့ အော်ခဲ့ကြပြီး ခြံစည်းရိုးနံရံတွေပေါ်မှာလည်း "ကန်ဂျူရူဟန်ကွင်း အစုအလိုက်အပြုံလိုက် သတ်ဖြတ်မှု " လို့ ရေးထားတဲ့စာတွေ ကပ်ထားကြပါတယ်။
မာလန်မြို့ ကန်ဂျူရူဟန် အားကစားကွင်းက နံရံတွေမှာလည်း ရဲတွေကို မကျေနပ် ဆန့်ကျင်တဲ့ စာတွေ ရေးထားတာတွေ့ရပါတယ်။
ဒီအဖြစ်အပျက်မှာ ရာဇဝတ်မှု ကျူးလွန်တဲ့သူတွေကို ဖော်ထုတ်ပေးဖို့ အင်ဒို အစိုးရက ရဲတပ်ဖွဲ့ကို ဖိအားပေးတိုက်တွန်းထားကြောင်း အင်ဒိုနီးရှားနိုင်ငံ နိုင်ငံရေး၊ တရားရေးနဲ့ လုံခြုံရေးဆိုင်ရာဝန်ကြီး မိုဟာမက်မာဖက်မာမိုဒင်က တနင်္လာနေ့က ပြောပါတယ်။
သူတွေ့ထားတဲ့ ဘယ်ဟာလဲဆိုတာ မဖော်ပြပေမယ့် စစ်သားတစ်ဦးရဲ့ တာဝန်မဲ့ လုပ်ဆောင်မှုတစ်ခုကို တွေ့ထားတယ်လို့ သူက ပြောပါတယ်။
သီးခြားအနေနဲ့ “ပစ်ခတ်ခဲ့တဲ့ လက်နက်တွေကို ကိုင်ဆောင်တဲ့” ရဲအရာရှိ ၁၈ ဦးကို စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အင်ဒိုနီးရှားဟာ ပြိုင်ဘက်ဘောလုံးအသင်းရဲ့ နှစ်ဖက် ပရိသတ်တွေ ကြားမှာ ပြင်းထန်တဲ့ တိုက်ခိုက်မှုတွေ ဖြစ်တာနဲ့ ပတ်သက်ပြီး နာမည်ကြီးပါတယ်။
အင်ဒိုနီးရှားရဲတပ်ဖွဲ့မှာ လူစုလူဝေးကို ကိုင်တွယ် ထိန်းချုပ်မှုတွေနဲ့ပတ်သက်လို့ ရက်ရက်စက်စက်လုပ်ခဲ့တဲ့ မှတ်တမ်းတွေ အရင်ထဲကရှိနေပြီး ကမ္ဘာ့ဘောလုံး အုပ်ချုပ်ရေးအဖွဲ့ FIFAက တားမြစ်ထားတဲ့ကြားက မျက်ရည်ယိုဗုံးတွေ မကြာခဏ အသုံးပြုနေတာနဲ့ ပတ်သက် ပြီးတော့လည်း ဝေဖန်ခံနေရပါတယ်။
“ဘောလုံးကွင်းတွေက အဓိကရုဏ်းတွေ အများအပြားကို နှိမ်နင်းထိန်းချုပ်တာမှာ အင်ဒိုရဲတွေက မျက်ရည်ယိုဗုံးတွေ အသုံးပြုလေ့ရှိပြီး ဒါဟာ မလုပ်သင့်မလုပ်ထိုက်တဲ့၊ ပုံမှန်မဟုတ်တဲ့ အခြေအနေ တစ်ခုဖြစ်တယ်”လို့ Universitas Muhammadiyah Yogyakarta က ကထိကနဲ့ ဘောလုံး သုတေသီ Fajar Junaedi ကလည်း ပြောပါတယ်။
ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ်မှုကြောင့် ပရိသတ်တစ်ဦး သေဆုံးခဲ့ရတဲ့ ၂၀၁၂ခုနှစ် ကိစ္စကို သူက ထောက်ပြခဲ့ပြီး အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ နောက်ဆက်တွဲစုံစမ်းမှုတွေလည်း မလုပ်ခဲ့ဘူးလို့ သူက ပြောပါတယ်။
အင်ဒိုနီးရှား ဘောလုံးပြိုင်တွေမှာ ရဲတွေကို မျက်ရည်ယိုဗုံး အသုံးပြုခွင့်ပေးထားလား ဆိုတာ နဲ့ပတ်သက်ပြီး အင်ဒိုနီးရှားဘောလုံးအဖွဲ့ ချုပ်က တာဝန်ရှိတဲ့သူ မစ္စပူစပီတာကို ဘီဘီစီက မေးခဲ့တာမှာလည်း အစောပိုင်းမှာ ဖြေဖို့ သူက ငြင်းဆိုခဲ့ပါတယ်။
ပရိသတ်တွေကို ဘယ်လို ထိန်းချုပ်ရမလဲဆိုတာနဲ့ပတ်သက်ပြီး ဒီနှစ်အစောပိုင်းက ကလပ်အသင်းက လူတွေကို သင်တန်းပေးခဲ့ပြီး အဲ့ဒီထဲမှာ ပထမတန်းလိဂ်က ကလပ်အသင်းတွေနဲ့ ရဲတပ်ဖွဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ရမလဲဆိုတဲ့ အလုပ်ရုံဆွေးနွေးပွဲတွေလည်းပါတယ်လို့ သူက ပြောပါတယ်။
"ဒီအချိန်မှာ ဘယ်သူက တရားခံလဲဆိုတာ လက်ညှိုးထိုးပြတာက တရားမျှတမှု မရှိပါဘူး။ ဒါက ကျွန်မတို့အားလုံးအတွက် ကြေကွဲစရာ အလွန်ကောင်းတဲ့ ဖြစ်ရပ်တစ်ခုပါပဲ"လို့ သူက ပြောပါတယ်။
ဘီဘီစီ အင်ဒိုနီးရှားက ရာဂျာလွန်ဘန်ရူရဲ့ သတင်းပေးပို့ချက် ဖြစ်ပါတယ်။








