မတ်လ ၂၂ ရက် ထိပ်တန်းရောက်သတင်းများ - မဲဆောက်မှာ မြန်မာတွေ ခိုလှုံနေတဲ့ တိုက်တန်းကို ထိုင်းစစ်တပ် ဝင်ရောက်စစ်ဆေး

ရေးသားခဲ့သည်။

မြန်မာနယ်စပ်အနီး ထိုင်းနိုင်ငံ မဲဆောက်ဒေသထဲမှာ မြန်မာတွေ ခိုလှုံနေတဲ့ လေးထပ် တိုက်တန်းကို ထိုင်းအာဏာပိုင်တွေက ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ ဝင်ရောက်စစ်ဆေးသိမ်းဆည်းတာတွေ လုပ်ခဲ့တယ်လို့ တာ့ခ်ခရိုင်ထဲက ဘီဘီစီထိုင်းသတင်းဌာန သတင်းထောက်က ပြောပါတယ်။

သိမ်းဆည်းသွားတဲ့ အထဲမှာ စစ်ဘက်ဆိုင်ရာပစ္စည်းတွေ၊ ယူနီဖောင်းတွေ၊ ဒရုန်းတွေနဲ့ ဆေးပစ္စည်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

ဝင်ရောက်စစ်ဆေးတဲ့ ထိုင်းအာဏာပိုင်တွေထဲမှာ ထိုင်းစစ်တပ်၊ ထိုင်းရဲ၊ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေး အရာရှိတွေနဲ့ မဲဆောက်ဒေသန္တရအာဏာပိုင်တွေ ပါဝင်ပါတယ်။

စစ်ဆေးမေးမြန်းခံရသူအများစုက လူငယ်နဲ့ လူလတ်ပိုင်းတွေ ဖြစ်ကြပါတယ်။

ဒီအဆောက်အအုံတွေဟာ အရင်က လူမနေတာကြာနေပြီ ဖြစ်တဲ့အဆောက်အအုံတွေ ဖြစ်ပြီး ပြန်လည်ပြုပြင်ကာ မြန်မာတွေကို ငှားရမ်းထားတာလို့လည်း သိရပါတယ်။

မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းဘက်ကို ထွက်ပြေးလာကြတဲ့ မြန်မာတွေထဲမှာ မဲဆောက်နဲ့အနီးဝန်းကျင်မှာ လက်ရှိ ခိုလှုံနေသူ ၅ သောင်းလောက်ရှိမယ်လို့ ထိုင်းလုံခြုံရေးအရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

UPDATE: နောက်ထပ်သိရတဲ့အချက်အလက်အရ ကလေးငယ်တွေအပါအဝင် အမျိုးသား ၅၃ ဦးနဲ့ အမျိုးသမီး ၄၀ ဦးကို ထိုင်းနိုင်ငံထဲ တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ ထိုင်းအရာရှိတွေက ပြောပါတယ်။

မုံရွာက ပေါ်ဦး ရွှေဆိုင် ဓားပြတိုက်ခံရ

မုံရွာမြို့ပေါ်၊ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ ပေါ်ဦးရွှေဆိုင်ကို မနေ့က နေ့ခင်းဘက်အချိန် ဓားပြတိုက်သွားတယ် လို့ မျက်မြင်တွေ့ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

ရွှေဆိုင်ထဲကို လူတွေဝင်သွားတာ တွေ့ပေမယ့်သတိမထားမိခဲ့ဘဲ ပြန်ထွက်လာတဲ့အခါမှသာ ဓားပြတိုက်မှန်း သိရတာလို့ မျက်မြင်တွေ့ ရှိသူတစ်ဦးက ပြောပါတယ်။

‘’ဘေးဖယ်၊ ဘေးဖယ်ဆိုပြီး ပြောမှသိတာ။ သေနတ်က အတိုရောအရှည်ရော’’ ပါတယ် လို့ သူကပြောပါတယ်။

ဓားပြတိုက်မှုမှာ ကားတစ်စီး၊ ဆိုင်ကယ် ၆ စီးလောက် နဲ့ လူ ၁၀ ယောက်ဝန်းကျင်ပါဝင်ပြီး အမျိုးသမီးတချို့ကို လည်းတွေ့လိုက်တယ်လို့ သူကပြောပါတယ်။

‘’ဆိုင်ကယ်တွေပေါ်မှာ သေနတ်တွေလွယ်ပြီး ထန်းတော၊ အင်းဖြတ်လမ်းဘက်ကို မောင်းထွက်သွားတာ’’ လို့ မုံရွာမြို့ခံက ဆက်ပြောပါတယ်။

ရွှေထည်တွေရော ၊ ငွေတွေပါ ပါသွားတယ်လို့ သိရပေမယ့် ဓားပြတိုက်ခံရတဲ့ တန်ဖိုးအတိအကျကိုတော့ မသိရပါဘူး။

မုံရွာမြို့ကို စစ်ကောင်စီဥက္ကဋ္ဌ ရောက်လာလို့ တစ်ပတ်နီးပါး လုံခြုံရေးအပြည့်ယူထားရာကနေ စစ်ကောင်စီဥက္ကဋ္ဌပြန်သွားလို့ လုံခြုံရေးတွေ တန်းဖြုတ်ပြီးအချိန် ဒီဓါးပြမှုကို အချိန်ကိုက်လုပ်ဆောင်သွားတာလို့ မြို့ခံတွေက သုံးသပ်နေကြတာပါ။

လက်နက်ကြီးကျလို့ အရပ်သား နှစ်ဦးသေပြီး နှစ်ဦးဒဏ်ရာရတယ်လို့ KNU ထုတ်ပြန်

လေကြောင်းပစ်ခတ်မှုကြောင့် လူ ၃ ထောင်ကျော် စစ်ရှောင်နေရတယ်လို့ဆို

ကရင်ပြည်နယ်ထဲက ကော်သူးလေအုပ်ချုပ်နယ်မြေ၊ ကျိုက်ထိုမြို့နယ် ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ရက်ပိုင်းက လက်နက်ကြီးကျလို့ အရပ်သား (၂) ဦး သေဆုံးခဲ့ပြီး (၂)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ် လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

မတ်လ(၂၀)ရက် ညပိုင်းမှာ အမြှောက်တပ်-၆၀၂ က လက်နက်ကြီးတွေပစ်လို့ အလူးကျေးရွာထဲ ၄ လုံး ကျရောက်ပေါက်ကွဲပြီး အရပ်သား (၂) ဦး ထိခိုက်သေဆုံးကာ အမျိုးသမီးတစ်ဦး ဦးခေါင်းထိမှန်ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ပါတယ်။

အလားတူ ခမရ-၂၀၇ နဲ့ အမြှောက်တပ်-၃၁၀ ကနေ လက်နက်ကြီး ၄ လုံး ပစ်ခတ်ခဲ့လို့ မတ်လ (၁၆)ရက် ညနေပိုင်းကလည်း အသက်(၅၁)နှစ်အရွယ် ရာဘာခြံလုပ်သား တစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ပဲခူးဆေးရုံမှာ ဆေးကုသမှုခံယူနေရတယ်လို့ KNU ထုတ်ပြန်ချက်မှာပါဝင်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ တိုက်လေယာဉ်တွေ ဗုံးကြဲတိုက်ခိုက်လို့ မူလတန်း ကျောင်း (၁) ကျောင်းအပါအဝင် နေအိမ် (၅) လုံးမီးလောင်ခဲ့ပြီး လူ သုံးထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ကထုတ်ပြန်ပါတယ်။

ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ (၃) ဆောထိမြို့နယ်နှင့် လယ်ဒိုမြို့နယ် (ရွှေကျင်မြို့နယ်၊ ကျောက်ကြီးမြို့နယ်) ထဲက ကျေးရွာတွေကို မတ်လ (၂၀) ရက်နေ့ ညနေက တိုက်လေယာဉ်တွေနဲ့ (၉)ကြိမ် လာရောက်ဗုံးကြဲခဲ့ပြီး ဗုံး (၂၈)လုံး ထက်မနည်းကြဲချခဲ့တယ်လို့ KNU ကထုတ်ပြန်ပါတယ်။

မှော်ဘီလေတပ်အနီး ပေါက်ကွဲသံတွေကြားရ

ရန်ကုန်မြို့မှာရှိတဲ့ မှော်ဘီလေတပ်စခန်းအနီးမှာ မတ်လ ၂၁ ရက် ညပိုင်းက ပေါက်ကွဲသံတွေဆက်တိုက်ကြားခဲ့ရတယ်လို့ လေတပ်စခန်းအနီးကရပ်ကွက်မှာနေထိုင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

‘’သေနတ်ပစ်သံမဟုတ်ဘူး။ ပေါက်ကွဲသံ’’ လို့ သူကပြောပါတယ်။

မနေ့က ပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ ဘယ်သူဘယ်ဝါရဲ့လက်ချက်ဆိုတာ မသိရသေးသလို ပေါက်ကွဲရတဲ့အကြောင်းအရင်းကိုလည်း အသေအချာမသိရသေးပါဘူး။

မနှစ်က ဖေဖော်ဝါရီလတုန်းကလည်း မှော်ဘီလေတပ်စခန်းမှာ ဗုံးခွဲ တိုက်ခိုက်ခံရတာမျိုး ရှိခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကတော့ People’s Force ဆိုတဲ့ အဖွဲ့က သူတို့လုပ်ဆောင်ခဲ့တာလို့ထုတ်ပြန်ခဲ့ပါတယ်။

စီမံကိန်းလျာထားချက်တွေမပြည့်မီခဲ့ဘူးလို့ စစ်ကောင်စီဥက္ကဋ္ဌ ပြော

အခွန်အကောက်တွေရအောင်ကောက်ဖို့ တိုက်တွန်း

ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်အတွက် လျာထားခဲ့တဲ့ အမျိုးသားစီမံကိန်းတွေကိုပြန်ကြည့်ရင် လျာထားချက်များမပြည့်မီခဲ့တာကို တွေ့ရတယ်လို့ အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

လာမယ့် ဧပြီလ ၁ ရက်မှာ စတင်မယ့် ဘဏ္ဍာရေးနှစ်သစ်အတွက် အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးနဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးကို မနေ့က ပြုလုပ်ခဲ့ကြတာပါ။

နိုင်ငံစီးပွားရေးမြှင့်တင်ရေးရန်ပုံငွေအဖြစ် တိုင်းဒေသကြီးနဲ့ပြည်နယ်တွေကို ဘဏ္ဍာငွေကျပ် ဘီလီယံ ၄၀၀ ပေးအပ်ခဲ့ပြီး ကာလတိုအတွင်း ငွေပြန်ပေါ်နိုင်တဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် စစ်ကောင်စီက မတည်ပေးခဲ့တာဖြစ်ပါတယ်။

နေရာဒေသအလိုက် အခြေအနေမတူပေမယ့် နည်းလမ်းရှာပြီး လျာထားချက်ပြည့်မီအောင် ကြိုးစားဖို့ သူကပြောပါတယ်။

စစ်ကောင်စီဒုတိယဥက္ကဋ္ဌကလည်း စီမံကိန်းလျာထားချက်တွေ အချိန်မီပြီးဖို့ နဲ့ အကန့်အသတ်ဖြစ်နေတဲ့ ဘဏ္ဍာရန်ပုံငွေကနေ ခွဲဝေသုံးစွဲတာဖြစ်လို့ အကျိုးရှိရှိသုံးဖို့ ပြောပါတယ်။

ဒါ့အပြင် လျာထားတဲ့ ရငွေတွေရှာဖွေပြီး သုံးစွဲ ကြဖို့နဲ့ အခွန်အကောက်တွေ အပြည့်အဝကောက်ခံရရှိနိုင်အောင် ကြိုးပမ်းဖို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌကတိုက်တွန်းပါတယ်။

အခွန်အကောက်မဟုတ်တဲ့ ရငွေတွေဖြစ်တဲ့ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတွေရဲ့ ဝင်ငွေတွေတိုးတက်လာဖို့ ဝန်ကြီးဌာနတွေက အထူးကြိုးပမ်းကြဖို့ သူကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ အရအသုံးဆိုင်ရာဘတ်ဂျတ်မှာ ကာကွယ်ရေးဘတ်ဂျတ်ကို အများဆုံးအသုံးပြုလေ့ရှိပြီး လာမယ့် ဘတ်ဂျတ်နှစ်မှာလည်း ကာကွယ်ရေးဘတ်ဂျတ်ကိုပဲ အများဆုံးသုံးစွဲဦးမယ်လို့ ဘတ်ဂျတ်ရေးရာ ကျွမ်းကျင်သူတွေက သုံးသပ်နေကြပါတယ်။