ရာထူးရရေး ကြိုးစားပုံ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကြောင့် ဘီဘီစီ ဥက္ကဋ္ဌ နုတ်ထွက်

ဘီဘီစီ ဥက္ကဋ္ဌ ရစ်ချတ် ရှာ့ပ်
ရေးသားခဲ့သည်။

ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ဘောရစ် ဂျွန်ဆင် ငွေချေးခွင့်ရဖို့ ကိစ္စမှာ ဘီဘီစီ ဥက္ကဋ္ဌ ရစ်ချတ် ရှာ့ပ် ကြားဝင် ဆောင်ရွက်ပေးခဲ့တယ်ဆိုတာကို ဖော်ပြဖို့ ပျက်ကွက်ခဲ့မှုရှိမရှိ စစ်ဆေးခဲ့တဲ့ အစီအရင်ခံစာနဲ့ ပတ်သက်ပြီး မစ္စတာ ရှာ့ပ် နုတ်ထွက်သွားပါတယ်။

သူ့ရဲ့ ပါဝင်ပတ်သက်ခဲ့မှုကို ဖော်ပြဖို့ ပျက်ကွက်ခဲ့တာဟာ ပြည်သူ့ ဝန်ဆောင်မှု ရာထူး ခန့်အပ်ရေးဆိုင်ရာ စည်းကမ်းကို ဖောက်ဖျက်ခဲ့တယ်ဆိုတာကို တွေ့ရှိခဲ့တယ်လို့ အဲဒီအစီရင်ခံစာက ဆိုပါတယ်။

မစ္စတာ ရှာ့ပ်ကတော့ ဒီချိုးဖောက်မှုက “တမင်ရည်ရွယ်ပြီးလုပ်တာမဟုတ်သလို အရေးကြီးတဲ့ ချိုးဖောက်မှုလည်း မဟုတ်ဘူး “ လို့ ပြောပါတယ်။

အဲဒီ အစီရင်ခံစာကို ရှေ့နေ အဒမ် ဟပ်ပင်စတောလ်က သောကြာနေ့ မနက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

Sunday Times သတင်းစာထဲမှာ ဖော်ပြခဲ့တဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ အထူးရှေ့နေအဖွဲ့ကို ပြည်သူ့ဝန်ဆောင်မှု ကော်မရှင်နာအဖွဲ့က ခန့်အပ်ခဲ့ပါတယ်။

မစ္စတာရှာ့ပ် က သူဟာ ၂၀၂၀ နှစ်နှောင်းပိုင်းတုန်းက အမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဘောရစ် ဂျွန်ဆင်အတွက် ချေးငွေရအောင် ယူကေနိုင်ငံရဲ့ အဆင့်အမြင့်ဆုံး အရပ်ဖက်ဝန်ထမ်း ကက်ဘိနက်ဝန်ကြီး ဆိုင်မွန် ကေ့စ်နဲ့ မစ္စတာ ဂျွန်ဆင်ရဲ့ ဆွေမျိုးနီးစပ်တော်သူ ဆမ် ဘလစ်သ် တို့ တွေ့ဆုံဖို့ သူစီစဉ်ပေးခဲ့တယ်ဆိုတာကို အစောပိုင်းက ဝန်ခံထားပါတယ်။

သူတို့ တွေ့ဆုံခဲ့စဉ် အချိန်တုန်းက ရင်းနှီးမြှုပ်နှံမှု ဘဏ်လုပ်ငန်းရှင်တစ်ဦးလည်းဖြစ် ကွန်ဆာဗေးတစ်ပါတီအတွက် အလှူငွေ ထောက်ပံ့ပေးသူလည်းဖြစ်တဲ့ မစ္စတာ ရှာ့ပ်ဟာ ဘီဘီစီ ဥက္ကဋ္ဌအဖြစ် အလုပ်လျှောက်ထားပြီး ဖြစ်ပါတယ်။

သူဟာ အကျိုးစီးပွား ပဋိပက္ခ ဖြစ်စေနိုင်တဲ့ အချက်နှစ်ချက်ကို ထုတ်ဖော်ပြဖို့ ပျက်ကွက်ခဲ့တယ်ဆိုတာကို စုံစမ်းစစ်ဆေးမှုအရ တွေ့ရှိခဲ့ပါတယ်။

ပထမအချက်က သူအလုပ်မလျှောက်ခင်မှာ သူ ဘီဘီစီ ဥက္ကဋ္ဌရာထူး လျှောက်ချင်တယ်ဆိုတာကို မစ္စတာ ဂျွန်ဆင်ကို ထုတ်ပြောပြခဲ့တာ ဖြစ်ပြီး ဒုတိယအချက်ကတော့ မစ္စတာ ဘလင့်သ်နဲ့ မစ္စတာ ကေ့စ်တို့ တွေ့နိုင်အောင် သူစီစဉ်ပေးဖို့ ရည်ရွယ်ထားတယ်ဆိုတာကို ဝန်ကြီးချုပ်ကို ပြောခဲ့တဲ့ အချက် ဖြစ်ပါတယ်။

စုံစမ်းစစ်ဆေးမှု အစီရင်ခံစာထဲမှာ မစ္စတာ ရှာ့ပ်ဟာ ဝန်ကြီးချုပ်ရဲ့ ပုဂ္ဂိုလ်ရေး ငွေကြေးကိစ္စကို ကူညီဆောင်ရွက်ပေးဖို့ လုပ်ခဲ့တဲ့အတွက် ဒါမှမဟုတ် အလုပ်လျှောက်စာမတင်ခင် သူအလုပ်လျှောက်မယ်ဆိုတာကို ထောက်ခံချက်ပေးဖို့ ဝန်ကြီးချုပ်ကို သိမ်းသွင်းပြောဆိုခဲ့တဲ့အတွက် ဒီရာထူးရဖို့ ထောက်ခံချက် ရခဲ့တာလို့ ယူဆနိုင်ဖွယ် ရှိတယ်လို့ ဖော်ပြထားပါတယ်။

မစ္စတာ ရှာ့ပ်ဟာ ဝန်ကြီးချုပ်ဟောင်း ဘောရစ် ဂျွန်ဆင်အပေါ် သြဇာသက်ရောက်ဖို့ ကြိုးစားတဲ့ ရည်ရွယ်ချက်မျိုး ရှိမရှိ ဆိုတာနဲ့ ပတ်သက်လို့တော့ အစီရင်ခံစာမှာ ဆုံးဖြတ်ဖော်ပြမထားပါဘူး။

မစ္စတာ ရှာ့ပ်ဟာ သူ့နေရာ ဆက်ဆံမယ့်သူ ရှိလာမယ့် အထိ ဇွန်လအထိ ရာထူးမှာ ဆက်ရှိနေမှာ ဖြစ်ပါတယ်။