ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အောက်တိုဘာ ၂၃ရက် ဘီဘီစီရဲ့ထိပ်တန်းသတင်းများစုစည်းချက်
ရုပ်တု၂ရုပ်ကို သိဒ္ဓိတင်မှုဆိုပြီး ဆောင်ရွက်ခဲ့သူတွေကို တရားစွဲဆိုမယ်လို့ စစ်ကောင်စီကြေညာ
ရွှေတိဂုံဘုရား တောင်ဘက်မုခ် ကားကွင်း ကျောက်စာတိုင်အနီးမှာ သူရဿတီမယ်တော်နဲ့ သီရိဒေဝီမယ်တော်နာမည်တွေနဲ့ ရုပ်တုနှစ်ခုကို သိဒ္ဓိတင်မှုဆိုပြီးဆောင်ရွက်ခဲ့သူတွေကို သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီးဌာနကသာသနာတော်ညှိုးနွမ်းစေမှုနဲ့ တရားစွဲဆိုအရေးယူသွားမယ်လို့ စစ်ကောင်စီထိန်းချုပ်ရုပ်သံမီဒီယာတွေက ဒီကနေ့အောက်တိုဘာ ၂၃ရက် ညပိုင်းမှာထုတ်ပြန်လာပါတယ်။
မနေ့ အောက်တိုဘာ၂၂ရက် မနက်ပိုင်းက ရွှေတိဂုံစေတီတော်ဝတ္တုကံနယ်မြေအတွင်းအရုပ် ၂ရုပ်ကိုသိဒ္ဓိတင်မှုပြုလုပ်တဲ့အကြောင်း လောကီဝိဇ္ဇာဓိုရ် မိန်းမလှဒေဝီ အထက်ဂိုဏ်းချုပ်ကြီးဆိုတဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ထုတ်လွှင့်ခဲ့မှုကနေ စစ်ဆေးမှုတွေအရ အဲဒီသိဒ္ဓိတင်မှုဆိုတာကို ဦးဆောင်ခဲ့သူ ဦးရှိုင်းဇာနည်အောင်ဆိုသူအပါ လူ ၈ဦးကို စစ်ဆေးခဲ့ပြီး အခုလိုတရားစွဲဆိုတာလို့ဆိုပါတယ်။
ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကိုတင်ပြတာမရှိဘဲ မိမိဆန္ဒအလျောက်ခွင့်ပြုပေးခဲ့တဲ့ တာဝန်ရှိသူဝန်ထမ်းကိုလည်း ဝန်ထမ်းစည်းမျည်းစည်းကမ်းနဲ့အညီ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ကာပြင်းထန်စွာအရေးယူမယ်လို့ ဆိုပါတယ်။
ရွှေတိဂုံဘုရားတောင်ဘက်မုခ် ဘုရားပရဝုဏ်အတွင်း အောက်တိုဘာလ ၂၂ ရက်က အမျိုးသမီးရုပ်တုတချို့နဲ့ မယ်တော်ရင်ငွေ့လှုံပွဲဆိုပြီး အခမ်းအနားတစ်ခု ပြုလုပ်နေတဲ့ဓာတ်ပုံတွေလူမှုကွန်ရက်မှာကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်လာခဲ့တဲ့နောက် လူထုအကြား ဒီဖြစ်စဉ်ကိုပြောဆိုဝေဖန်မှုတွေမြင့်တက်ခဲ့တာပါ။
ကမ္ဘာ့အမွေအနှစ် ဟန်လင်းပျူမြို့ဟောင်းအနီး မီးလောင်
စစ်ကိုင်းတိုင်း၊ ဝက်လက် မြို့နယ်အပိုင်ထဲက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ယူနက်စကိုအသိအမှတ်ပြု ဟန်လင်းပျူမြို့ဟောင်းထဲက တောတွင်းအနီး(ဒေသအခေါ်တောတိုက်)မှာ ဒီကနေ့ အောက်တိုဘာ ၂၃ရက် နေ့လယ်ပိုင်းက မီးဖြစ်ပွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ လူမှုကွန်ရက်မှာထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေမှာတော့ ဟန်လင်းပျူမြို့ဟောင်းဆိုတဲ့ဆိုင်းဘုတ်အနီးမှာ မီးလောင်နေတဲ့ အခြေအနေပါ။
ဒေသခံအချို့ကတော့ စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေကြောင့် မီးလောင်ခဲ့တာလို့ပြောကြပါတယ်။ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ကြိုးစားနေပါတယ်။
မနေ့အောက်တိုဘာ ၂၂ရက်ကတည်း စစ်ကောင်စီတပ်တွေက အဲဒီတဝိုက်မှာတပ်စွဲနေရာယူထားတယ်လို့ ဆိုပါတယ်။ မြို့ဟောင်းဘေးပတ်ပတ်လည်မှာရှိတဲ့ မုဆိုးခြုံ၊ မန်ကျည်းသုံးပင်၊ ရွာသစ်ကုန်း စတဲ့ ရွာပေါင်း ၁၀ ရွာနီးပါးက ဒေသခံထောင်နဲ့ ချီဟာလည်းစစ်ကြောင်းကြောင့်ထွက်ပြေးနေကြရတယ်လို့ ပြောကြပါတယ်။
ဒီကနေ့အောက်တိုဘာ ၂၃ရက်မနက်ကလည်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကမြို့ဟောင်းထဲကနေ လက်နက်ကြီးနဲ့ပစ်နေတယ်လို့ ဝက်လက်ဒေသခံအချို့ကပြောပါတယ်။ '' မနက်က လက်နက်ကြီးနဲ့လေးချက်ပစ်တယ်။ဘုရားကုန်းပေါ်ကနေလက်နက်ကြီးတည်ပြီးပစ်တာ၊ရွာထဲမှာလည်း ပတ်သွားနေကြတာပါ'' လို့ ဝက်လက်ဒေသခံတစ်ဦးကပြောပါတယ်။
ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ယူနက်စကို စာရင်းဝင်ထားတဲ့ ဒီပျူမြို့ဟောင်းထဲကို အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်တွေဝင်ရောက်တပ်စွဲနေတာ သုံးကြိမ်ထက်မနည်း ရှိပြီဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။လက်ရှိအဲဒီနေရာမှာ ရှေးဟောင်းဌာနဝန်ထမ်းတွေလည်း မရှိတော့တာကြာပြီလို့ ဆိုပါတယ်။ ဒီကနေ့ပျူမြို့ဟောင်းအနီး မီးလောင်နေတဲ့ဓာတ်ပုံတွေ လူမှုကွန်ရက်မှာပျံ့နှံ့လာတဲ့နောက် ယူနက်စကို စာရင်းဝင်ထားတဲ့ နေရာတွေကို စစ်ရေးအတွက်အသုံးပြုတာတွေကို ဘက်အသီးသီးကမလုပ်ကြဖို့ ဆိုတာတင်းတင်းကြပ်ကြပ်လိုက်နာရမယ့်ကတိကဝတ်လို့ ရှေးဟောင်းသုတေသနပညာရှင် တွေကထောက်ပြပြောနေပါတယ်။
သမိုင်းအချက်အလက်နဲ့ရှေးဟောင်းအမွေအနှစ်ဆိုင်ရာပညာရှင်တွေကတော့ ဒီလို ကမ္ဘာ့အမွေအနှစ် နေရာတွေမှာ စစ်မက်ဖြစ်ပွားစေတဲ့အဖွဲ့အစည်း ဒါမှမဟုတ် လူပုဂ္ဂိုလ်တွေကို နိုင်ငံတကာရာဇဝတ်ခုံရုံး အိုင်စီစီ အထိတိုင်ကြားနိုင်သလို အရေးယူခံရတဲ့သာဓကတွေလည်းရှိတယ်လို့ ထောက်ပြနေကြတာပါ။
မလေးရှားမှာ လဝကဖမ်းဆီးမှုကိုရှောင်ဖို့ တိုက်ပေါ် ကနေခုန်ချ ထွက်ပြေးတဲ့မြန်မာတစ်ဦး ခြေထောက်ကျိုး
မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့မှာ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးမှုကို တိမ်းရှောင်ဖို့ တိုက်ပေါ်ကနေ ခုန်ချထွက်ပြေးတဲ့ မြန်မာအမျိုးသားတစ်ဦး ခြေထောက်ကျိုးမှုဖြစ်ခဲ့တယ်ပါတယ်။
စစ်တွေမှာနေထိုင်တဲ့အသက် ၂၀ ကျော်အရွယ် အဲဒီအမျိုးသားဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက မလေးရှား အာဏာပိုင်တွေက တရားမဝင် နေထိုင်သူတွေကို ဖမ်းဆီးစုံစမ်းဖို့ သူနေထိုင်တဲ့ တိုက်ခန်းသော့ကို ဖျက်ပြီး ဝင်ရောက်ချိန် ထွက်ပြေးရင်း တိုက်ပေါ်ကနေ ပြုတ်ကျကာ ညာခြေထောက်ကျိုးခဲ့တာလို့သိရပါတယ်။
သူဟာ မလေးရှားနိုင်ငံကို တရားမဝင်လမ်း ကြောင်းကနေ ရောက်နေတာ ၂ နီးနီးပါးရှိနေပြီဖြစ်ပြီး လေအေးပေးစက်ပြုပြင်လုပ်ငန်းမှာ လုပ်ကိုင် နေသူဖြစ်တယ်လို့ အကူအညီပေးတဲ့ မြန်မာလူမှုကူညီရေးအသင်း(မလေးရှား)က ပြောပါတယ်။
အခုတော့ အဲဒီအမျိုးသား အမြန်ဆုံးဆေးကုသမှုခံယူနိုင်ဖို့ မိဘများရှိရာ ရန်ကုန်မြို့က မင်္ဂလာဒုံလေဆိပ် အရောက် ဒီနေ့ ပို့ပေးခဲ့တယ်လို့လည်း အဲဒီအဖွဲ့က ပြောပါတယ်။
မလေးရှားနိုင်ငံမှာတော့ လာမယ့်လဆန်းမှာ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်တာကြောင့် လွှတ်တော်ကို ဖျက်သိမ်းထားလိုက်ပြီဖြစ်ပါတယ်။
ဒီလိုအာဏာလေဟာနယ်ဖြစ်နေချိန်မှာ မလေးရှားရဲတပ်ဖွဲ့နဲ့ လူဝင်မှုကြီးကြပ်ရေးပူးပေါင်းအဖွဲ့ဟာ လွှတ်တော်ရှိစဥ်က အကာကွယ်အနည်းငယ်ရရှိခဲ့တဲ့မြန်မာလုပ်သားတွေအပါအဝင် တရားမဝင်ရွှေ့ပြောင်းလုပ်သားတွေကို စီမံချက်နဲ့ဖမ်းဆီးပြီး နေရပ်ပြန်ပို့တာပြုလုပ်နေတယ်လို့ မလေးရှားရောက် မြန်မာတွေအရေး ကူညီပေးနေသူတွေက ပြောပါတယ်။
မြဝတီမြို့မှာ BGF ကြိုဆိုပွဲဆိုပြီး စစ်ကြောင်းတစ်ခုစီတန်းလှည့်လည်
ကရင်ပြည်နယ်၊ မြဝတီမြို့မှာ စစ်ကောင်စီတပ်လက်အောက်က နယ်ခြားစောင့်တပ်(BGF) တပ်ဖွဲ့ဝင်တွေကိုကြိုဆိုတယ်ဆိုပြီး ဒီနေ့မနက်ပိုင်းတုန်းက စစ်ကြောင်းတခုစီတန်းလှည့်လည်တာလုပ်သွားပါတယ်။
တဖက်မှာလည်း မြဝတီမြို့တွင်း လုံခြုံရေးအတွက်ဝင်ရောက်တာဝန်ထမ်းဆောင်နေတဲ့ BGF တပ်ဖွဲ့ဝင်တွေကို ဂုဏ်ပြုတယ်ဆိုတာမျိုးအမြင်ရအောင်လုပ်တာဆိုတဲ့ဝေဖန်ချက်တွေလည်းရှိနေပါတယ်။
နယ်ခြားစောင့်တပ်ကတပ်ဖွဲ့ဝင်တွေစီတန်းလှည့်လည်တာကို ထိုင်း-မြန်မာချစ်ကြည်ရေး တံတားအမှတ် ၁ အောက်မှာ ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။
ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်(BGF)ကို ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူကနေ ခွဲထွက်သွားတဲ့ ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်တဲ့တပ်ဖွဲ့ဝင်တွေကမြန်မာစစ်တပ် လက်အောက်ခံ တပ်အဖြစ် အသွင်ပြောင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။
BGF တပ်ဖွဲ့ဝင်တွေဟာ ပြည်တွင်းမှာ စစ်တပ်က စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် ကရင်ပြည်နယ်အတွင်း ကေအဲန်ယူတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ဖြစ်တဲ့ တိုက်ပွဲတွေမှာ စစ်တပ်ဘက်ကနေ ပူးပေါင်းပါဝင်နေပြီး စစ်တပ်နဲ့ မပူပေါင်းဖို့ ကရင်အခြေစိုက် လက်နက်ကိုင်အဖွဲ့တွေက BGF အဖွဲ့ကို တိုက်တွန်းတာတွေလည်း ရှိနေပါတယ်။
မြောင်နယ်မှာ စစ်ရှောင်စက်လှေ လက်နက်ကြီးထိမှန်နစ်မြုပ်ပြီး လူ ၅ ဦးပျောက်နေ
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက ရွှေပေါက်ပင်ရွာကို စစ်ကောင်စီတပ်က မနေ့ အောက်တိုဘာလ ၂၂ ရက်မနက်လင်းပိုင်းမှာ ဝင်ရောက် စီးနင်းချိန် ထွက်ပြေးခဲ့ကြတဲ့ ဒေသခံတွေထဲက အချို့ရဲ့ လှေဟာ လက်နက်ကြီးထိမှန်ပြီး နစ်မြုပ်ခဲ့တာကြောင့် လူ ၅ ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် ဝင်ရောက်ချိန် မြစ်ကြောင်းအတိုင်း ထွက်ပြေးကြတဲ့ဒေသခံတွေထဲက လူ ၆ဦးပါ စက်လှေဟာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ထိမှန်ပြီး ပျောက်ဆုံးနေတာလို့ မြောင် PDF အဖွဲ့တစ်ခုဖြစ်တဲ့ Myaung PDF CDSOM က ထုတ်ပြန်ထားပါတယ်။
"မိသားစု ၆ ဦး လှေနဲ့ ထွက်ပြေးတာ ၊ ၁၅ နှစ်အရွယ် မိန်းကလေးတစ်ယောက်ပဲ အသက်ရှင်လျှက် ပြန်တွေ့တယ်။ ကျန် ၅ ဦးက ပျောက်ဆုံးနေတယ်။ လှေကတော့ ပြန်တွေ့ပါတယ်" လို့ မြောင်ဒေသခံ တစ်ဦးက အတည်ပြုပြောဆိုပါတယ်။
မနေ့တစ်နေ့တည်းမှာ မြင်းမူနယ်ထဲကနေ ဝင်လာတဲ့ စစ်ကြောင်းက ရွှေပေါက်ပင်ရွာကို ဝင်ရောက်ခဲ့တာဖြစ်ပြီး နောက်ထပ်တစ်ကြောင်း တစ်ကြောင်းဟာ ကျောက်ရစ်စခန်းကနေ နနွန်းကိုင်း၊ ဆူးလေကုန်းနဲ့ သနပ်ကုန်းရွာတို့ကို ဝင်ရောက်ခဲ့တာလို့ ဒေသခံတွေကပြောပါတယ်။
ကျောက်ရစ်ဘက်မှာတော့ စစ်ကြောင်းကို ပြည်သူတွေ အချိန်မီ ရှောင်တိမ်းနိုင်လိုက်ကြတဲ့အတွက် သေကြေထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။
မြောင်မြို့နယ် သတင်းပြန်ကြားရေးအဖွဲ့ကတော့ " ရွာသားတွေ ၂၀၀၀ နဲ့ ၂၅၀၀ ကြားလောက်မှာ ပြေးနေရတယ်။ မနက်ကတည်းက စစ်ကြောင်းထိုးနေတာ ရွှေပေါက်ပင်၊ နနွင်းကုန်း၊ဆူးလေကုန်းတို့ကို တောက်လျှောက်စစ်ကြောင်းထိုးခဲ့တယ်။ နေ့လယ်ပိုင်းမှာ အိမ်တွေကို မီး ရှို့ ခဲ့တာ ၁၀ လုံးလောက်ပါသွားတယ်’’လို့ အခြေအနေကို ပြောပြပါတယ်။
ကျောက်ရစ်ဘက်က စစ်ကြောင်းကတော့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ထိတွေ့မှုဖြစ်ပွားခဲ့တယ်လို့ သိရပြီး စစ်ကောင်စီဘက်က အကျအဆုံးအချို့ရှိတယ်လို့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။
၅ ရက်ကြာ ပိတ်ထားခဲ့တဲ့အာရှလမ်းမကြီး ပြန်ဖွင့်
ကရင်ပြည်နယ်ထဲက ထိတွေ့တိုက်ပွဲတွေကြောင့် ပိတ်ထားခဲ့တဲ့ အာရှလမ်းမပေါကြီးပေါ်က မြဝတီ-ကော့ကရိတ်သွားလမ်းပိုင်းကို အောက်တိုဘာလ ၂၂ ရက် ညနေပိုင်းကစလို့ ပြန်ဖွင့်ထားလိုက်ပြီလို့ သိရပါတယ်။
ထိတွေ့တိုက်ပွဲတွေကြောင့် အဲဒီလမ်းပိုင်းကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်ကတည်းက ယာဥ်သွားလာမှုပိတ်ထားခဲ့တာဖြစ်ပါတယ်။
ရက်နဲ့ချီအောင် ကားလမ်းပိတ်ခဲ့တာချိန် ကားအစီးရေ ရာနဲ့ချီ ပိတ်မိခဲ့တာကြောင့် ပြန်လည်ဖြတ်သန်းခွင့်ပေးတဲ့အခါမှာ ယာဥ်ကြောပိတ်ဆို့မှုအချို့ရှိနေတယ်လို့လည်း သိရပါတယ်။
အခုပြန်လည်လမ်းဖွင့်လိုက်တဲ့ မြဝတီ-ကော့ကရိတ် ဒေါနတောင်လမ်းသစ်ဟာ အာရှလမ်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်ညနေပိုင်းမှာ ဒေါနတောင်လမ်း တော်နော်ရေတံခွန်အနီးမှာ တိုက်ပွဲဖြစ်ခဲ့တာကြောင့် လမ်းအသုံးပြုခွင့်ကို ယာယီပိတ်ထားခဲ့တာဖြစ်ပါတယ်။
ကော့ကရိတ်မှာ စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းအဖွဲ့တွေ အင်အားအလုံးအရင်းနဲ့ ကင်းလှည့်စစ်ဆေးနေ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်က စစ်ကောင်စီရုံးလို့ခေါ်တဲ့ ဌာနဆိုင်ရာရုံးအများစုရှိတဲ့ နေရာမှာ တိုက်ခိုက်ခံရမှုတွေဖြစ်ပြီးတဲ့နောက် လက်ရှိအချိန်မှာ စစ်ကောင်စီနဲ့ သူ့လက်အောက် နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းအဖွဲ့တွေ မြို့အတွင်းမှာ စစ်အင်အားအလုံးအရင်းနဲ့ လှည့်ပတ်စစ်ဆေးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အောက်တိုဘာလ ၂၁ ရက် မနက်ပိုင်းမှာ KNU တပ်မဟာ ၆ KNLA ပူးပေါင်းတပ်များ၊ KTLA ကော်သူးလေ တပ်မတော် ပူးပေါင်းတပ်တွေရဲ့ ကော့ကရိတ်မြို့က စစ်ကောင်စီတပ်စခန်းနဲ့ ဌာနဆိုင်ရာရုံးအချို့တိုက်ခိုက်ခံရပြီးတဲ့နောက် အခုလို စစ်ကြောင်းပုံစံနဲ့ စစ်ဆေးနေတာလို့ မြို့ခံတွေကပြောပါတယ်။
အောက်တိုဘာလ ၂၁ ရက် ကော့ကရိတ် မြို့တွင်း တိုက်ပွဲ ဖြစ်စဉ် ရပ်သွားချိန် ကရင်ဒေသထဲက နယ်ခြားစောင့်တပ်အသီးသီးကို စစ်ကောင်စီဘက်ကစုဖွဲ့ ခေါ်ယူ ကာ ကော့ကရိတ်၊ မြ၀တီ ၊ဘားအံ မြို့တွေကိုလုံခြုံရေးအင်အားတိုးမြှင့်ချထားတယ်လို့ စစ်တပ်နဲ့ နီးစပ်သူတွေကပြောပါတယ်။
KNU တပ်မဟာ ၆ ကော့ကရိတ်-မြ၀တီဒေသအတွင်းမှာတော့ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တွေဟာ ဖလူး-ဝေါလေ လမ်းပိုင်း၊ ကော့ကရိတ် -ကြာအင်းဆိပ်ကြီး လမ်းပိုင်း၊ ကော့ကရိတ် -ကျုံဒိုး လမ်းပိုင်းတွေက စစ်ကောင်စီဂိတ်ကင်းစခန်းကတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီ ဘက်ကတော့ လေကြောင်းကင်းထောက်ပျံသန်းဗုံးကြဲပစ်ခတ်တာ၊မြေပြင်လက်နက်ကြီးကုန်းတွေကပစ်ခတ်တိုက်ခိုက်တာတွေဆက်ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ထားဝယ်မှာ ၂ရက်အတွင်း ဖမ်းဆီးခံရတဲ့ ပြည်သူ ၁၂ဦးရှိလာ
တနင်္သာရီတိုင်း ထားဝယ်ခရိုင် ၊လောင်းလုံးမြို့နယ်၊ အောက်ရေဖြူကျေးရွာအုပ်စုထဲက ရွာအချို့မှာ ဒေသခံပြည်သူ ဖမ်းဆီးခံရမှုဟာ အောက်တိုဘာလ ၂၁ရက်နဲ့ ၂၂ရက် ၂ရက်အတွင်းမှာ စုစုပေါင်း ၁၂ ဦးရှိလာပြီလို့ ထားဝယ်ခရိုင်အတွင်းဖမ်းဆီးသေဆုံးခံရသူတွေရဲ့ အချက်အလက်ကိုကောက်ယူတဲ့ ထားဝယ်သတင်းအချက်အလက်စင်တာအဖွဲ့ ထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းက ကျောက်ဖြူရွာကအမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ကိုဖမ်းသွားသလို ဂေါ့အင်းရွာက အသက် ၅၀ ကျော်အရွယ် ဦးအောင်ကျော်ငြိမ်းကိုလည်း သူ့ရဲ့နေအိမ်မှာ စစ်ကောင်စီတပ်တွေကလာရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
အောက်တိုဘာလ ၂၁ ရက်တုန်းကလည်း လောင်းလုံးမြို့ မှာ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၄ ဦး စုစုပေါင်း ၉ ဦး ဟာလည်း စစ်ကောင်စီတပ်တွေရဲ့လာရောက်ဖမ်းဆီးမှုကိုခံထားရတယ်လို့ ပြောလာပါတယ်။
ထားဝယ်သတင်းအချက်အလက်စင်တာကတော့ ဖမ်းဆီးခံရသူတွေဟာ အကြောင်းပြချက်မဲ့ ဖမ်းဆီးခံရတာဖြစ်သလို သာမန်ပြည်သူတွေသာဖြစ်ပြီး မှားယွင်း ဖမ်းဆီးခံရတာလို့ ပြောပါတယ်။
လက်ရှိအချိန်မှာဖမ်းဆီးခံရသူတွေကို လောင်းလုံးမြို့မရဲစခန်းထဲမှာချုပ်နှောင် စစ်ဆေးနေဆဲဖြစ်ပြီး ပြန်လည်လွတ်မြောက်တာမရှိသေးဘူးလို့ ဆိုပါတယ်။
ငွေကြေးဆိုင်ရာနာမည်ပျက်စာရင်းသွင်းခံရမှုကို မစိုးရိမ်ဖို့ ဗဟိုဘဏ်ပြော
နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေပိုထွက်ခွာနိုင်သလို ကုန်သွယ်ရေးလုပ်ငန်းတွေမှာ အခက်အခဲတွေဖြစ်လာမယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေ ထောက်ပြနေကြ
မြန်မာနိုင်ငံကို ကမ္ဘာ့ဘဏ္ဍာရေးစောင့်ကြည့်အဖွဲ့ရဲ့ (Financial Action Task Force-FATF) နာမည်ပျက်စာရင်း သွင်းလိုက်ပေမဲ့ စိုးရိမ်ဖို့ မလိုအပ်တဲ့အကြောင်း ဗဟိုဘဏ်က ထုတ်ပြန်ပြောဆိုလာပါတယ်။
မြန်မာနိုင်ငံအနေနဲ့ တရားမဝင် ငွေကြေးစီးဆင်းမှုတွေကို ဖြေရှင်းရာမှာ တိုးတက်မှု မရှိတာကြောင့် အခုလို နာမည်ပျက်စာရင်းသွင်းတာလို့ FATF ဥက္ကဋ္ဌတာဝန်ယူထားတဲ့ စင်္ကာပူကိုယ်စားလှယ် T. Raja Kumar ကပြောထားတာပါ။
ဗဟိုဘဏ်ဘက်ကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး FATF အကြံပြုထားတဲ့ စံနှုန်းတွေကို ပြည့်မီအောင် လုပ်ဆောင်နေပေမဲ့ ကိုဗစ်ကပ်ဘေးကြောင့် ကြုံရတဲ့ အခက်အခဲ၊ လိုအပ်တဲ့နည်းပညာအခက်အခဲကို ပြည်ပက မရဘဲ ပြည်တွင်းအင်အားစုတွေရဲ့ အကြုံပြုချက်တွေကိုတတ်စွမ်းသရွေ့ လိုက်နာဆောင်ရွက်တာ၊ အခြေခံ အဆောက်အဦပိုင်းမရှိတာတွေကြောင့် အခုလို နာမည်ပျက်စာရင်းဝင်သွားခဲ့တာလို့ ဆိုပါတယ်။
မြန်မာဟာ အခုလိုနာမည်ပျက်စာရင်းထဲ ထည့်သွင်းခံရပေမဲ့ မြောက်ကိုရီးယားနဲ့ အီရန်နိုင်ငံတို့လို FATF အဖွဲ့ဝင်နိုင်ငံတွေ၊ တခြားနိုင်ငံတွေက တိုးမြှင့်အရေးယူဆောင်ရွက်ဖို့ တောင်းဆိုခံရတဲ့နိုင်ငံစာရင်းထဲ မဝင်သေးဘူးလို့ ဗဟိုဘဏ်ဘက်က ဆိုပါတယ်။
အခုလို အမည်ပျက်စာရင်းသွင်းရတဲ့အဓိက အကြောင်းရင်းဟာ မြန်မာက ကာဆီနို လောင်းကစားရုံတွေနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုတွေကြောင့်ဖြစ်တယ်ဆိုပြီး ဒီအခြေအနေကိုသိရှိတဲ့ FATF အရာရှိတွေဆီက သိရတယ်လို့ နစ်ကီအေးရှားသတင်းက သတင်းဖော်ပြပါတယ်။
FATF ရဲ့ အမည်ပျက်စာရင်းထဲကို မြန်မာနိုင်ငံရောက်ရှိသွားမယ်ဆိုရင် နိုင်ငံတကာနဲ့ ဆက်သွယ်လုပ်ဆောင် နေတဲ့ငွေရေးကြေးရေးစီးဆင်းမှုတွေအပါအဝင် ကုန်သွယ်ရေးလုပ်ငန်းတွေ နိုင်ငံတကာမှာ ဖွင့်လှစ်ရှိပြီးသား မြန်မာနိုင်ငံသားဘဏ်အကောင့်တွေက ငွေစီးဆင်းမှုတွေမှာ အရင်ထက်များပြားတဲ့ အဆင့်တွေကို ဖြတ်ကျော် လုပ်ကိုင်ရမယ့် အခက်အခဲတွေ ရှိလာနိုင်မယ်လို့ ပြည်တွင်းလုပ်ငန်းရှင်တွေဘက်က ထောက်ပြထားကြပါတယ်။
တဖက်မှာလည်း ကန့်သတ်မှုများလာမယ့် ဘဏ္ဍာရေး စနစ်တွေကြောင့် ပြည်တွင်းမှာလာရောက်လုပ်ကိုင်နေတဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေအခုထက်ပိုထွက်ခွာမှုများလာမယ်လို့ပြောလာတာပါ။
၂၀၁၈ ခုနှစ်ကတည်းက သတိပေးခံထားရတဲ့ မြန်မာနိုင်ငံဟာ အာဏာသိမ်းပြီးနောက် စစ်ကောင်စီလက်အောက်ဗဟိုဘဏ်အနေနဲ့ FATF ရဲ့ စောင့်ကြည့်နိုင်ငံစာရင်းကနေ လွတ်မြောက်စေရေး နဲ့အမည်ပျက်စာရင်းမှာမပါဖို့လိုက်နာဆောင်ရွက်ရမယ့် Action Plan ပါ အချက်တွေထဲက ဘဏ်တွေရဲ့ ဆုံးရှုံးနိုင်ခြေမြင့်မားတဲ့ အပိုင်းတွေ အပါအဝင် Onsite နဲ့ Offsite စစ်ဆေးတာတွေကိုလုပ်ခဲ့ပေမဲ့ အောင်မြင်မှုမရှိခဲ့တာ ဖြစ်ပါတယ်။
ဒီမိုကရေစီအစိုးရသက်တမ်း ၂ခုမှာကုန်သွယ်မှုလိုငွေပြခဲ့တယ်လို့ စစ်ခေါင်းဆောင်ပြော
၂၀၁၈- ၁၉ ခုနှစ်တွေက စပြီး ကုန်သွယ်မှုလိုငွေပြကာစီးပွားရေးကျဆင်းခဲ့တယ်လို့ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပြောလိုက်ပါတယ်။မနေ့အောက်တိုဘာ ၂၂ရက်က နေပြည်တော်မှာလုပ်တဲ့ အသေးစား၊အလတ်စားလုပ်ငန်းရှင်တွေနဲ့တွေ့ဆုံပွဲမှာပြောတာလို့ စစ်ကောင်စီထိန်းချုပ်တဲ့သတင်းစာတွေကဖော်ပြပါတယ်။
စစ်ခေါင်းဆောင်ရဲ့ ပြောကြားချက်အရ စီးပွားရေးကျဆင်းခဲ့တာဟာ ပြည်တွင်းစီးပွားရေးလုပ်ငန်းတွေနဲ့ ပြည်တွင်း ကုန်ထုတ်လုပ်မှုကို အားပေးတာမရှိလို့ဖြစ်ပြီး ပြည်ပသွင်းကုန်တွေများခဲ့တာကြောင့် ကုန်သွယ်မှုလိုငွေပြပြီးစီးပွားရေးကျဆင်းတာလို့ ဆိုပါတယ်။
ပထမဒီမိုကရေစီအစိုးရ သက်တမ်း နဲ့ တတိယဒီမိုကရေစီအစိုးရသက်တမ်းနှစ်ခုမှာအမေရိကန်ဒေါ်လာ ၂၄ ဘီလီယံကျော်ခန့် ကုန်သွယ်မှုလိုငွေများပြခဲ့ပြီး အဲဒီငွေတွေကို ပြည်ပ ချေးငွေများ၊ ထောက်ပံ့ငွေများ၊ အခြားရငွေများနဲ့ ဖြေရှင်း ဆောင်ရွက်ခဲ့တာကိုတွေ့ရတယ်လို့ ပြောပါတယ်။ ပြည်တွင်းကစီးပွားရေးလုပ်ငန်းရှင်အချို့ကတေ့ အဲဒီကာလက NLD အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းကပဋိပက္ခတွေနဲ့ ရိုဟင်ဂျာအရေးကြောင့် နိုင်ငံတကာဖိအားကိုခံနေရချိန်ဖြစ်ခဲ့တာက အဲဒီအချိန်စီးပွားရေးကိုအနည်းငယ်ထိခိုက်ခဲ့ပေမဲ့ အခုအာဏာသိမ်းကာလလို ကန့်သတ်ချက်တွေနဲ့အဘက်ဘက်ကဖိအားတွေမရှိခဲ့လို့ စီးပွားရေးလုပ်ကိုင်ရတာအဆင်ပြေခဲ့တယ်လို့ ထောက်ပြပါတယ်။
ကမ္ဘာ့ဘဏ်နဲ့ အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့ရဲ့ ၂၀၁၈-၂၀၁၉ စစ်တမ်းတွေမှာတော့ မြန်မာနိုင်ငံ ရဲ့ စီးပွားရေး တိုးတက်မှုနှုန်းဟာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှာ ၆ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တိုးတက်မှုနှုန်းဟာ ၆ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့တာကြောင့် တိုးတက်မှုနှုန်းအနည်းငယ်မြင့်မားကြောင်း ကမ္ဘာ့ဘဏ်ရဲ့ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာက ပြောခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာ အမေရိကန်ဒေါ်လာငွေလဲနှုန်းဟာ တစ်ဒေါ်လာကို ကျပ်၁၆၀၀ ခန့်သာအမြင့်ဆုံးဖြစ်ခဲ့ဖူးပေမဲ့ နောက်ပိုင်းနှစ်တွေမှာ အာဏာမသိမ်းခင်ဇန်နဝါရီအထိတစ်ဒေါ်လာကို ကျပ်၁၃၀၀ ကျော်နဲ့ တည်ငြိမ်ခဲ့တဲ့ အခြေအနေလို့ ငွေကြေးစျေးကွက်စောင့်ကြည့်သူတွေရဲ့မှတ်တမ်းတွေကဖော်ပြပါတယ်။ လက်ရှိမှာတော့ အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ ငွေကြေးဖောင်းပွမှုနှုန်းမြင့်တက်နေသလို နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေထွက်ခွာမှုများနေတယ်လို့ စစ်တမ်းတွေကဖော်ပြနေတာပါ။ အမေရိကန်ဒေါ်လာငွေလဲနှုန်းကလည်း ဗဟိုဘဏ်ရဲ့ တရားဝင်သတ်မှတ်ချက်အရ တစ်ဒေါ်လာကို ကျပ် ၂၁၀၀ ရှိနေပြီး ပြင်ပပေါက်စျေးကတော့ ၂၉၀၀ နဲ့ ၃၀၀၀ ကြားရှိနေတာပါ။ တဆက်တည်းမှာပဲ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတွေရဲ့ အကူအညီတွေလည်းရပ်ဆိုင်းခံထားရပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ရက်ကလည်း နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) က မြန်မာနိုင်ငံကို အမည်မဲစာရင်း(Black List)သွင်းလိုက်တာဖြစ်လို့ စီးပွားရေးလုပ်ငန်းတွေကို အထိနာလာမယ်လို့ ပြည်တွင်းလုပ်ငန်းရှင်တွေက ပြောနေတာပါ။