ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
သြဂုတ် ၂၅ ရက် ဘီဘီစီထိပ်တန်းသတင်းများ - စစ်ကောင်စီ ထောက်ပို့ယာဥ်တန်းတိုက်ခိုက်ခံရပြီး လက်နက်တွေသိမ်းဆည်းခံရ
ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ ကယား (ကရင်နီ) အစပ်က မေလယုမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းအဖွဲ့တို့ကြား သြဂုတ် ၂၃ ရက်က တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီရဲ့ လက်နက်တွေ သိမ်းဆည်းရမိခဲ့တယ်လို့ ကရင်နီတပ် KA ကနေ သိရပါတယ်။
"မယ်စဲ့ဘက်ကိုသွားမယ့် သူတို့ယာဉ်တန်းကို တိုက်ခိုက်တာပါ။ ရိက္ခာလက်နက်တွေ ပါတာပေါ့လေ။ လက်နက်ဘယ်လောက်သိမ်းဆည်းရမိလဲ၊ သေဆုံးမှုအခြေအနေကတော့ အတိအကျမသိရသေးဘူးနော်" လို့ စစ်ရေးသိရှိသူ KA တပ်မှူးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အဲဒီနေ့မှာပဲ စစ်ကောင်စီဘက်က လေကြောင်းကနေ လက်နက်ကြီးနဲ့ လာရောက်ပစ်ခတ်တာတွေရှိခဲ့ပြီး သြဂုတ် ၂၄ ရက်မှာတော့ တနေကုန်နီးပါး ကင်းထောက်လေယာဉ်တွေပျံဝဲနေတယ်လို့ ဆိုပါတယ်။ ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့ သိရပါတယ်။
သြဂုတ်လ တတိယအပတ်အထိ ထိုင်း - မြန်မာနယ်စပ်က မယ်စဲ့မြို့ကို တော်လှန်ရေးအင်အားစုတွေက ဆက်လက်ထိန်းသိမ်းနိုင်ဆဲဖြစ်သလို စစ်ကောင်စီဘက်ကလည်း မယ်စဲ့မြို့ကို ပြန်သိမ်းပိုက်နိုင်ဖို့ လနဲ့ချီစစ်ကြောင်းထိုးနေတာလည်းဖြစ်ပါတယ်။
တခါ လွိုင်ကော် - မော်ချီးလမ်းပိုင်းမှာလည်း တိုက်ပွဲဖြစ်တာ တပတ်နီးပါးရှိလာပြီဖြစ်ပြီး ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ရှိနေတယ်လို့ စစ်ရေးအရင်းအမြစ်တွေဆီက သိရပါတယ်။
စစ်ကောင်စီကတော့ ကရင်နီဒေသတကြောက တိုက်ပွဲတွေနဲ့ပတ်သက်လို့ ဒီကနေ့ ညနေ ၅ နာရီအထိ တစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။
ရိုဟင်ဂျာတွေအပေါ် လူမျိုးသုဉ်းသတ်ဖြတ်မှု ၆ နှစ်မြောက် အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်
ဒီကနေ့ သြဂုတ် ၂၅ ရက်နေ့ကို လူမျိုးသုဉ်းသတ်ဖြတ်မှု အောက်မေ့ဖွယ်နေ့အဖြစ် သတ်မှတ်ထားပြီး လူဦးရေ ၁ သန်းကျော်ခိုလှုံနေတဲ့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း ကော့ဆက်ဘဇားမှာ အခမ်းအနား ပြုလုပ်နေတာပါ။
အမြန်ဆုံး နေရပ်ပြန်ခွင့်ရဖို့၊ ရိုဟင်ဂျာတွေနဲ့အတူ ရပ်တည်ပေးဖို့၊ ရိုဟင်ဂျာကို မြန်မာရဲ့ လူမျိုးစုအဖြစ်သတ်မှတ်ပေးဖို့စတဲ့ အချက်တွေကို ကော့ဆက်ဘဇားက အခမ်းအနား မှာ တောင်းဆိုခဲ့ကြပါတယ်။
လူမျိုးသုဉ်းသတ်ဖြတ်မှု အောက်မေ့ဖွယ်နေ့ အထိမ်းအမှတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ NUG ဝန်ကြီးတွေနဲ့ ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူတွေ၊ ထင်ရှားတဲ့ နိုင်ငံရေးလေ့လာစောင့်ကြည့်သူတွေကလည်း အွန်လိုင်းဗီဒီယိုစနစ်နဲ့ အောက်မေ့ဖွယ်နေ့အခမ်းအနား လုပ်ခဲ့ကြပါသေးတယ်။
"ရိုဟင်ဂျာတွေ နေရပ်ရင်း ပြန်ရောက်ဖို့၊ ငြိမ်းချမ်းစွာနဲ့ အသက်ရှင်နေထိုင်နိုင်ဖို့၊ နေရပ်ရင်းမှာ ဂုဏ်သိက္ခာရှိရှိ ပြန်လည်ရှင်သန်နေထိုင်နိုင်ဖို့အတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်ထူထောင်ပေးဖို့ကြိုးစားနေသလို တရားမျှတမှုရအောင် အပြစ်ရှိသူကို အပြစ်ပေးနိုင်ဖို့ ကြိုးစားနေတယ်" လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောပါတယ်။
ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ရိုနေဆန်းလွင်ကလည်း ရိုဟင်ဂျာလူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ပတ်သက်လို့ နိုင်ငံတကာတရားစီရင်ရေးသာမက NUG ရဲ့ တရားရေးစနစ်နဲ့ပါ ကျူးလွန်သူတွေကို အရေးယူပေးဖို့ အွန်လိုင်းကပြုလုပ်တဲ့အခမ်းအနားမှာ အကြံပေးတောင်းဆိုခဲ့ပါတယ်။
မြန်မာစစ်တပ်ကတော့ လူမျိုးသုဉ်းသတ်ဖြတ်တာမရှိဘူးလို့ အစောပိုင်းကတည်းက ငြင်းဆန်ထားခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်းလည်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေနဲ့ တွေ့ဆုံကာ ရိုဟင်ဂျာတွေ နေရပ်ပြန်နိုင်ရေး ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ထိုင်းက မြန်မာကို ဆက်လက်ထောက်ခံမယ်
မြန်မာနဲ့ ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံသံတမန်အဆက်အသွယ်ထူထောင်မှု (၇၅) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သဝဏ်လွှာတွေ အပြန်အလှန်ပေးပို့ခဲ့ကြပြီး မြန်မာနိုင်ငံရဲ့ ရည်မှန်းချက်အပေါ် ထိုင်းနိုင်ငံအနေနဲ့ ခိုင်ခိုင်မာမာထောက်ခံအားပေးသွားမယ်လို့ ထိုင်းဘက်က ထပ်လောင်းအတည်ပြုလိုက်ပါတယ်။
‘’စစ်မှန်တဲ့ အိမ်နီးချင်းကောင်းစိတ်ဓာတ်နဲ့ အေးချမ်းသာယာဝပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ထောင်လိုတဲ့ မြန်မာနိုင်ငံရဲ့ ရည်မှန်းချက်တွေအပေါ် ထိုင်းနိုင်ငံက ခိုင်မာစွာထောက်ခံ အားပေးသွားမယ်’’ လို့ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
ရှည်လျားတဲ့နယ်နိမိတ်ထိစပ်နေတဲ့ အိမ်နီးချင်းနိုင်ငံနဲ့ မဟာဗျူဟာမြောက်မိတ်ဖက်တွေ ဖြစ်ကြလို့ ဘုံစိန်ခေါ်မှုတွေကို ဖြေရှင်းနိုင်ဖို့ နှစ်နိုင်ငံ အတူလက်တွဲလုပ်ဆောင်ခဲ့ကြပြီး အပြန်အလှန်အကျိုးစီးပွားအတွက် ကျယ်ပြန့်တဲ့ နယ်ပယ်ပေါင်းစုံမှာ ပူးပေါင်းဆောင်ရွက်ခဲ့ကြတယ် လို့ ထိုင်းဘက်က ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း သဝဏ်လွှာပေးပို့ခဲ့ပြီး နိုင်ငံတကာနယ်ပယ်မှာ နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်နိုင်မယ် လို့ ယုံကြည်ကြောင်း ပြောပါတယ်။
မြန်မာနဲ့ ထိုင်းဟာ အရင်စစ်အစိုးရလက်ထက်တွေတုန်းက တင်းမာတဲ့ ဆက်ဆံရေးတချို့ရှိခဲ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖြစ်ပြီးတဲ့နောက်မှာ နှစ်နိုင်ငံ ဆက်ဆံရေး ပိုကောင်းလာတယ် လို့ စစ်ရေးအကဲခတ်တွေက ပြောကြပါတယ်။
မြန်မာ နဲ့ ထိုင်း နှစ်နိုင်ငံဟာ စစ်တပ်ကအာဏာသိမ်းတဲ့ သမိုင်းကြောင်းလည်း တူညီကြပြီး ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က နိုင်ငံရေးမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်ခွင့်ကို ထည့်သွင်းရေးဆွဲတာချင်းလည်း တူညီကြတယ် လို့ အကဲခတ်တွေက ဆိုပါတယ်။
ထိုင်းနိုင်ငံမှာ ဝန်ကြီးချုပ်အသစ်ရွေးချယ်ပြီးဖြစ်ပေမဲ့ လာမယ့် စက်တင်ဘာလောက်မှ အစိုးရသစ် စတင်လည်ပတ်မှာဖြစ်လို့ ပရာယွတ်ချန်အိုချာက ပဲ သဝဏ်လွှာ ပေးပို့တာလို့ ဒေသတွင်းနိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေအကြားလည်း သဝဏ်လွှာတွေ အပြန်အလှန်ပေးပို့ခဲ့ကြပါတယ်။
စစ်ကောင်စီဟာ အာဆီယံအလှည့်ကျဥက္ကဋ္ဌ အင်ဒိုနီးရှားကို ကျော်ပြီး ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာဒွန်ပရာမွတ်ဝီနိုင်း ကို အကျဉ်းချခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပေးတွေ့ခဲ့တာက နှစ်နိုင်ငံသံတမန် ဆက်ဆံရေးကောင်းမွန်မှုကို မြင်သာစေခဲ့ပါတယ်။
ဒါပေမဲ့ စစ်ကောင်စီ စီစဉ်တဲ့ ဒီတွေ့ဆုံမှုအပေါ် ပြည်တွင်းပြည်ပမှာ ဝေဖန်မှု အမြောက်အများလည်း ရှိခဲ့ပါတယ်။
အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးမှာ PDF လှုပ်ရှားမှုတွေအကြောင်း စစ်ကောင်စီ ပြော
အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံ၊ လာဘွန်ဘာဂျိုးမြို့မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးကို စစ်ကောင်စီရဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တက်ရောက်ခဲ့ပြီး မြန်မာပြည်တွင်းမှာ အမည်အမျိုးမျိုးနဲ့ ဖွဲ့စည်းထားတဲ့ PDF တွေက အကြမ်းဖက်မှုတွေလုပ်နေတယ်လို့ ပြောခဲ့ပါတယ်။
PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေအကြောင်းအပြင် အခြေခံအဆောက်အအုံ၊ လမ်းတံတား၊ လျှပ်စစ်နဲ့ ဆက်သွယ်ရေးအဆောက်အအုံတွေ ပျက်စီးဆုံးရှုံးတွေ အကြောင်းပါ အဲဒီအစည်းအဝေးမှာ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က ထည့်ပြောခဲ့ပါတယ်။
အခုနှစ် ကမ္ဘာလုံးဆိုင်ရာ အကြမ်းမှုအညွှန်းကိန်း အစီရင်ခံစာကို စစ်ကောင်စီက ကိုးကားပြီး အကြမ်းဖက်အုပ်စုတွေဟာ မောင်းသူမဲ့ဒရုန်းတွေကို စတင်အသုံးပြုလာတာဟာ အနာဂတ် စိန်ခေါ်မှုတစ်ရပ်ဖြစ်လာတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီအနေနဲ့ အွန်လိုင်းငွေလိမ်လည်မှုတွေ၊ ဒါနဲ့ဆက်စပ် လူကုန်ကူးမှုတွေကို တိုက်ဖျက်နေကြောင်း ပြောခဲ့ပြီး ရာဇဝတ်မှုခင်းတွေကို တိုက်ဖျက်ရာမှာ ဒေသအဆင့်နဲ့ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု ထိရောက်အားကောင်းစေဖို့ လိုအပ်ချက်တွေကိုလည်း စစ်ကောင်စီက အကြံပြုခဲ့ပါသေးတယ်။
စစ်ကောင်စီပြည်ထဲရေးဝန်ကြီးဟာ တရုတ်နိုင်ငံ၊ ပြည်သူ့လုံခြုံရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr Xu Datong နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံနယ်စပ်ဒေသမှာဖြစ်နေတဲ့ အွန်လိုင်းလိမ်ညာမှု မှုခင်းတွေတိုက်ဖျက်ဖို့၊ မူးယစ်ဆေးဝါးနဲ့ ထိန်းချုပ်ဓာတုပစ္စည်းတွေအန္တရာယ်ကို ကာကွယ်တားဆီးဖို့အတွက် နှစ်နိုင်ငံပူးပေါင်းမှု ပိုမြှင့်တင်မယ်လို့ ဆွေးနွေးခဲ့ကြပါတယ်။
ဒါဟာ သြဂုတ်လ ၂၀ ရက်ကနေ ၂၃ ရက်အထိ ကျင်းပခဲ့တဲ့ ၁၇ ကြိမ်မြောက် နိုင်ငံဖြတ်ကျော်မှုခင်းများတိုက်ဖျက်ရေး အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တာပါ။
ဒီအစည်းအဝေးကို အာဆီယံဥက္ကဋ္ဌ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုလည်း အွန်လိုင်းဗီဒီယိုကနေ မိန့်ခွန်းပြောခဲ့ပါသေးတယ်။
အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံအစည်းအဝေးအများစုကို အာဏာသိမ်းစစ်ကောင်စီရဲ့ ဝန်ကြီးတွေတက်ရောက်ခွင့်ရပြီး နိုင်ငံခြားရေးဝန်ကြီးအဆင့်အစည်းအဝေးမှာသာ နိုင်ငံရေးနဲ့ သက်ဆိုင်သူတွေ တက်ရောက်ခွင့်မပြုဘူးလို့ဆိုကာ မြန်မာခုံနေရာ လစ်လပ်နေခဲ့တာဖြစ်ပါတယ်။
တရုတ်ကြေးနီစီမံကိန်းမှာတာဝန်ထမ်းဖို့လာတဲ့ပြည်သူ့စစ် ၁၄ ဦးဖမ်းဆီးခံရ
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က တရုတ်ကြေးနီစီမံကိန်းဝမ်ပေါင်ကုမ္ပဏီမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်မှာ တာဝန်ထမ်းဖို့လာတဲ့ လူ ၁၄ ဦးကို ဖမ်းမိထားတယ်လို့ ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်ပါတယ်။
Chindwin Galone Yarzar Guerrilla Defense Force ရဲ့ အပြောအရ ဖမ်းဆီးရမိသူတွေဟာ ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊အနောက်တောင်တိုင်းစစ်ဌာနချုပ်သင်တန်းဆင်း ပြည်သူ့စစ်-ပျူစောထီးတွေဖြစ်တယ်လို့ ဆိုပြီး သူတို့ကို လမ်းပိုင်းတစ်နေရာမှာ ဖမ်းဆီးရမိခဲ့တာလို့ ပြောပါတယ်။
ဖမ်းဆီးရမိထားတဲ့သူတွေကို ဥပဒေကြောင်းအရ လိုအပ်သလို ဆက်လက်အရေးယူဆောင်ရွက်နိုင်ဖို့ မြို့နယ်ပလဖ (ပြည့်သူ့လုံခြုံရေးအဖွဲ့) ကိုအပ်နှံမယ်လို့လည်း သိရပါတယ်။
ကာကွယ်ရေးတပ်တွေရဲ့ ထုတ်ပြန်ချက်ထဲ ဝမ်ပေါင်ကုမ္မဏီက စစ်ကောင်စီတပ်မှာအင်အားဖြည့်တင်းဖို့အတွက် ပြည်သူ့စစ် - အရပ်အခေါ် ပျူစောထီး တွေနဲ့ စစ်သည်သားသမီးတွေကို လုံခြုံရေးအတွက် ခေါ်ယူသင်တန်းပေးတာနဲ့ ကုမ္မဏီလည်ပတ်နိုင်ရေးလုပ်ဆောင်ပေးနေတာလို့ ဖော်ပြပါတယ်။
လက်ရှိမှာ တရုတ်ကြေးနီစီမံကိန်း ဝမ်ပေါင်ကုမ္မဏီနဲ့ ဒေသခံတို့အကြား ပြည်သူပိုင်မြေယာပေါ် ခြံစည်းရိုးခတ်သိမ်းယူတဲ့အပေါ် နှစ်ဖက်တင်းမာမှုတွေရှိနေတာပါ။
အခုသြဂုတ်လအစမှာပဲ မြေယာအငြင်းပွားမှုရှိတဲ့ ဝက်မှေးရွာဟောင်းတစ်ခုလုံးကို ခြုံငုံပြီးခြံစည်းရိုးခတ်လိုက်ပြီးနောက်မှာတော့ ဒေသခံတွေဟာနေအိမ်တွေရွှေ့ပြောင်းပေးနေကြရတာလည်းဖြစ်ပါတယ်။