ဇူလိုင် ၆ ရက် ဘီဘီစီရဲ့ နောက်ဆုံးရသတင်းများ - MOGE ရုံးကို စစ်တပ် ဝင်စီး

ဓာတ်ပုံ ရင်းမြစ်, MOE
နေပြည်တော်မှာရှိတဲ့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနအောက်က ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE)ကို စစ်ကောင်စီတပ်က ဒီနေ့ ညနေပိုင်းမှာ ဝင်ရောက် စီးနင်းနေပြီး အရာရှိအဆင့်အပါအဝင် ၅ ဦးထက်မနည်းကို စစ်ရုံးအထိ ခေါ်ယူစစ်ဆေးနေတယ်လို့ ဘီဘီစီက သိရှိရပါတယ်။
MOGE ရုံးရှိရာ ရုံးအမှတ် ၄၄ ကို စစ်တပ်က ဝင်ရောက်စစ်ဆေးနေတာဖြစ်ပြီး အသွားအလာကန့်သတ် ထားသလို လက်ရှိမှာ ဝန်ထမ်းတွေဟာ ပြင်ပနဲ့အဆက်အသွယ်ဖြတ်တောက်ခံထားရတယ်လို့လည်း သိရ ပါတယ်။
‘’ သတင်းပေါက်ကြားမှုရှိတယ်ဆိုပြီး ဒီညနေမှာ ဝင်စစ်တာ။ အခု (ညနေ ၆ နာရီကျော်) အထိ စစ်နေတုန်းပဲ။ အပြင်လူကလည်း အထဲကို ဖုန်းမဆက်ရဲဘူး။ အထဲကိုလည်း ဖုန်းခေါ်လို့ မရဘူး။ အထဲမှာ စုံစမ်းစစ်ဆေးခံနေရတယ်’’လို့ စွမ်းအင်ဝန်ကြီးဌာနဝန်ထမ်းတစ်ယောက်က ပြောပါတယ်။
စစ်တပ်က ဘာကြောင့် အခုလို စီးနင်းတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရပေမဲ့ စစ်ကောင်စီ လက်အောက်က ဘဏ် ၂ ခု စီးပွားရေးပိတ်ဆို့ခံရအပြီးမှာ ပိတ်ဆို့ခံထားရတဲ့ MOGE ငွေကြေး ဒေါ်လာငွေ သန်း ရာချီကို ထုတ်ယူနိုင်ဖို့ စစ်ကောင်စီဘက်က ကြိုးစားနေတယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့အပြီးမှာ အခုဖြစ်ရပ်ထွက်ပေါ်လာတာပါ။
ခင်ဦးမြို့နယ် ကုန်ကြီးရွာ နဲ့ တမာရွာက နေအိမ်တွေ မီးရှို့ခံနေရ၊ဒေသခံ ၅၀၀၀ နီးပါး ထွက်ပြေးတိမ်းရှောင်နေကြ

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကုန်ကြီးရွာနဲ့ တမာရွာတွေကို ဇူလိုင် ၅ ရက် မှာ စတင် ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ် စစ်ကြောင်းဟာ ဒီကနေ့ ဇူလိုင် ၆ ရက်အထိ တပ်စွဲနေထိုင်ပြီး နေအိမ် မီးရှို့တာတွေလုပ်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောသလို ခင်ဦး သတင်းမှန်ပြန်ကြားရေးကလည်း သတင်းထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် လက်နက်ကြီး ပစ်ခတ်ခံရလို့ ဒဏ်ရာရသူ တစ်ဦး ရှိသလို ရွာထဲကို အခြေအနေပြန်ဝင်ကြည့်တဲ့ ဒေသခံတစ်ဦးလည်း ပြန်ထွက်မလာသေးလို့ စိုးရိမ်နေကြရတယ်လို့ ဆိုပါတယ်။
''ရွာထဲမှာ ပိတ်မိသူတွေရှိနေတဲ့ သဘောဖြစ်နေတယ်။ လက်နက်ကြီးနဲ့ ပစ်လို့ထိတဲ့သူတွေရှိတယ်။ အသေအပျောက်ကတော့ သူတို့ (စစ်ကောင်စီ)ထွက်သွားမှသိမှာ။ အခုကရွာထဲမှာပဲ တပ်စွဲပြီး ရွာစဥ်ဝင်နေကြတယ်'' လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကြောင်းဟာ ကုန်းကြီး၊ တမာ၊ ဆူးတပ်၊ ဝက်သဲစတဲ့ ရွာ ၅ ရွာထက်မနည်းကိုဝင်ရောက် စစ်ကြောင်းထိုး ပြီး လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကလေးသူငယ်၊ သက်ကြီးရွယ်အိုနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအပါအဝင် ဒေသခံ ၅၀၀၀ နီးပါး တိမ်းရှောင်နေကြရတယ်လို့ ခင်ဦးဒေသခံတစ်ဦးကရှင်းပြပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၃ ရက် နဲ့ ၄ ရက်ကလည်း ခင်ဦးမြို့နယ်၊ ကုလားလူးရွာအနီးကို စစ်ကြောင်းထိုးတာကြောင့် ကုလားလူး၊ ရှားလွင်၊ ထနောင်းကိုင်းကြီး၊ ထနောင်းကိုင်းလေးနဲ့ ရွာဇင်၊ တမုတ်စတဲ့ ရွာပေါင်း ၁၀ ရွာ ထက်မနည်းက ဒေသခံသောင်းကျော်ဟာ ဘေးလွတ်ရာထွက်ပြေးခဲ့ကြရတာပါ။
အာဏာသိမ်းကာလအတွင်း ခင်ဦးမြို့နယ်ထဲရှိ ရွာပေါင်း ၈၀ နီးပါး က နေအိမ်ပေါင်း ခြောက်ထောင်ကျော် မီးရှို့ဖျက်ဆီး ခံထားရပြီး အရပ်သားသုံးသောင်းကျော် နေအိမ်ဆုံးရှုံးထားတယ်လို့ ပြီးခဲ့တဲ့ဇွန်လက အရပ်ဖက်အဖွဲ့တွေက ထုတ်ပြန်တဲ့မှတ်တမ်းတွေအရ သိရပါတယ်။
အရာတော် ငွေတွင်းရွာမှာ လက်နက်ထိမှန်သေဆုံးသူ ၁၅ ဦးထက်မနည်းရှိ

ဓာတ်ပုံ ရင်းမြစ်, အရာတော် ပကဖ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်ထဲက ငွေတွင်းကျေးရွာကို ပီဒီအက်ဖ် တွေက လက်လုပ်စိန်ပြောင်းတွေရဲ့ လာရောက် ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၁၅ ဦးသေဆုံးပြီး သံဃာ ၃ ပါးအပါအဝင် ၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီဘက်က ပြောပါတယ်။
ပီဒီအက်ဖ်တွေက ငွေတွင်းကျေးရွာထဲကို ဇူလိုင်လ ၅ ရက် မနက်ပိုင်းမှာ လက်လုပ်စိန်ပြောင်းတွေနဲ့ လာရောက်ပစ်ခတ်ခဲ့တာကြောင့် အရပ်သား ၁၅ ဦး ဗုံးစ ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။
သေဆုံးသူတွေထဲမှာ ကလေးငယ်တွေလည်း ပါဝင်ပြီး ကျေးရွာဘုန်းကြီးကျောင်းဝင်းထဲမှာ ခိုလှုံနေချိန် အစုလိုက်သတ်ဖြတ်ခံရတာလို့ သေဆုံးသူတွေထဲက လူငယ်တစ်ဦးရဲ့ အဝေးရောက် အကိုဖြစ်သူက သူ့ရဲ့လူမှုကွန်ရက်မှာရေးသားထားတာတွေ့ရပါတယ်။
အရာတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကတော့ ပစ်ခတ်မှုဟာ မဟာမိတ်တပ်ပေါင်းစုတွေနဲ့အတူ လုပ်ဆောင်တာလို့ ဘီဘီစီကို အတည်ပြုပါတယ်။
ဘုန်းကြီးကျောင်းဟာ ဒေသခံတွေအခေါ် စစ်တပ်ယိမ်း ပျူစောထီးလက်နက်ကိုင်တွေရှိနေတဲ့စခန်းတစ်ခုဖြစ်တာကြောင့် သွားရောက်ပစ်ခတ်ခဲ့တာလို့လည်း အရာတော် ပကဖကပြောပါတယ်။
''ငွေတွင်းရွာက အရင်ကတည်းက မဘသ အားကောင်းပြီး စစ်ကောင်စီ အထိုင်ချထားတဲ့ ပျူရွာတစ်ရွာဖြစ်ပါတယ်။ အဲဒီမှာ ရှိတဲ့ ရွာခံပျူတွေက စစ်တပ်နဲ့အတူ ကင်းလှည့်တာ၊ ရွာမှာရှိတဲ့ တော်လှန်ရေးထောက်ခံသူတွေကို မနေနိုင်အောင် လုပ်တာတွေ ရှိခဲ့တယ်။ မနေ့က စစ်ဆင်ရေးကတော့ ကျွန်တော်တို့က အဓိကအားဖြင့် ကြိုတင်သတင်းရထားတဲ့ ပျူစောထီးတွေကို ရှင်းလင်း ခဲ့တာဖြစ်ပါတယ်။ အဲဒီမစ်ရှင်မှာ မဆိုင်တဲ့အဖိုးကြီး အဖွားကြီးတွေတွေ့ခဲ့တယ်၊ ကလေးငယ်တွေလည်း တွေ့ခဲ့တယ်။ ဘာမှ မလုပ်ဘဲ အေးအေးဆေးဆေးနေဖို့ ပြောခဲ့တယ်'' လို့ အရာတော် ပကဖ ဘက်က ဘီဘီစီကို ပြောပါတယ်။
''ဘုန်းကြီးကျောင်းထဲက ကျွန်တော်တို့ကို ပြန်လည်ခုခံတယ်။ အဲဒီမှာ ကျွန်တော်တို့လည်း ပြန်ပစ်တော့ အပြန်အလှန်ဖြစ်ပြီး ထိခိုက်တာတွေဖြစ်ကုန်တာပါ'' လို့လည်း အရာတော် ပကဖက ပြောပါတယ်။
ငွေတွင်းရွာဟာ စစ်ကောင်စီကို ထောက်ခံတဲ့ ပျူစောထီး လက်နက်ကိုင်တွေအခြေချတဲ့ကျေးရွာတစ်ရွာဖြစ်တာကြောင့် ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်မှတ်ထားတိုက်ခိုက်ခံရတာတွေအရင်ကလည်း ရှိခဲ့ဖူးပါတယ်။
ဘားနဲ့ စားသောက်ဆိုင်တွေမှာ တီးဝိုင်းနဲ့ သီချင်းဖျော်ဖြေမှုတွေရပ်ဆိုင်းခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
တီးဝိုင်းဖျော်ဖြေရေးထည့်သွင်းဖွင့်လှစ်ဖို့ ဖျော်ဖြေရေးလိုင်စင် ထပ်လျှောက်ရမယ်လို့ သတင်းထွက်ပေါ်
ရန်ကုန် နဲ့ နေပြည်တော် က ဘား နဲ့ စားသောက်ဆိုင်တွေမှာ ကိုယ်ပိုင်တီးဝိုင်းငယ်တွေနဲ့ သီဆိုဖျော်ဖြေကြတဲ့ Unplugged - တီးဝိုင်း တွေကို ရပ်ဆိုင်းဖို့ စစ်ကောင်စီရဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွေက စာပေးပို့ ညွှန်ကြားတယ်လို့ ဘား နဲ့ စားသောက်ဆိုင်လုပ်ငန်းလုပ်ကိုင်သူအချို့ကအတည်ပြုပါတယ်။
ထွေအုပ် ကပေးပို့တဲ့ ညွှန်ကြားစာထဲမှာ နိုက်ကလပ်၊ KTV၊ ဘား၊ Unplugged နဲ့ စင်တင်တေးဂီတ တွေ ကို ဇူလိုင် ၅ ရက်က စပြီး ပိတ်သိမ်းကြဖို့ ပြောထားပြီး သတ်မှတ်လိုင်စင်အတိုင်း ဆောင်ရွက်တာမရှိတဲ့ ဆိုင်တွေကို စိစစ်တွေ့ရှိရင် ချိပ်ပိတ်တာနဲ့ ဆိုင်ကိုထိရောက်ပြင်းထန်စွာအရေးယူပိတ်သိမ်းမယ်လို့ ရေးထားပါတယ်။
'' ရန်ကုန်က နာမည်ကြီးဘားတွေ၊ လှိုင်တို့ ရန်ကင်းတို့ တောင်ဥက္ကလာ၊မြောက်ဥက္ကလာ တို့က တကယ့်နာမည်ကြီးဘားတွေက စပြီး စင်တင်ဆိုင်တွေ ရော အကုန်တီးဝိုင်းတွေ ဖြုတ်ရတယ်။ ချထားပေးတဲ့ လိုင်စင်အရ ဆိုရင် အရက် နဲ့ ဘီယာပဲ သီးသန့်ရောင်းခိုင်းတာမျိုးဖြစ်တယ် ။ ခေတ်မကောင်းလို့ စီးပွားရေးတွေမပြေလည်ကြရတဲ့အထဲ ဒီလို ညွန်ကြားချက်တွေက အလုပ်လက်မဲ့ပါဖြစ်ကုန်ပြီ'' လို့ ရန်ကုန် ၊ ရန်ကင်းမြို့နယ်က ဘားဆိုင်ပိုင်ရှင် တစ်ဦးကပြောပါတယ်။
ဒါ့အပြင် ရန်ကုန် မှာ နာမည်ကြီးတဲ့ ညလုံးပေါက် အလုံပိတ်ဖွင့်တဲ့ ညဖျော်ဖြေရေးလုပ်ငန်းတွေဖြစ်တဲ့ နိုက်ကလပ်တွေနဲ့ ည အချိန်လွန် အိမ်မပြန်ဘဲ ဆက်နေကြတဲ့ After party တွေကိုလည်း ပြီးခဲ့တဲ့ ရက်ကတည်းက ၂ ပတ်ကြား ပိတ်ခိုင်းထားတယ်လို့ နိုက်ကလပ်ဝန်ထမ်းတစ်ဦးကပြောပါတယ်။
'' နေပြည်တော် က နာမည်ကြီး ဘားမှာ အကောင်ကြီးကြီး တစ်ယောက်ရဲ့ သမီး DJတွေနဲ့ တီးဝိုင်းတွေနဲ့ ပျော်ကြရင်း ဆေးသုံးရင်း လစ်သွားတာကနေ ဇူလိုင် ၁ ရက်ကနေ အကုန်လိုက်ပိတ်ခိုင်းနေတာ'' လို့ နေပြည်တော်မှာ ဘားနဲ့စားသောက်ဆိုင် လုပ်နေသူ တစ်ဦးကပြောပါတယ်။
အဲဒီညွှန်ကြားချက် နောက်ဆက်တွဲနောက်မှာတော့ Unplugged - တီးဝိုင်း မှာ သီဆိုဖျော်ဖြေမယ့် ဘယ်သူမဆို မြန်မာနိုင်ငံ ဂီတအစည်းအရုံး အသင်းဝင် အဖြစ်လျှောက်ထားရမှာဖြစ်သလို တီးဝိုင်းနဲ့ ဖျော်ဖြေရေး ထည့်ချင်တဲ့ ဘား နဲ့ စားသောက်ဆိုင်တွေအနေနဲ့ Entertainment -ဖျော်ဖြေရေးလိုင်စင် သီးသန့် လျှောက်ထားရမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေတာပါ။
ဘီဘီစီအနေနဲ့ စစ်ကောင်စီလက်အောက်အုပ်ချုပ်ရေးဌာနတွေက ဘား နဲ့ စားသောက်ဆိုင်တွေမှာ ကိုယ်ပိုင်တီးဝိုင်းငယ်တွေနဲ့ သီဆိုဖျော်ဖြေကြတဲ့ Unplugged - တီးဝိုင်း တွေကို ပိတ်သိမ်းခိုင်းတဲ့ အကြောင်း နဲ့ ဖျော်ဖြေရေးလိုင်စင် သီးသန့် လျှောက်ထားရမယ်ဆိုတဲ့ သတင်းတွေအပေါ် တိတိကျကျ သိရဖို့ ရန်ကင်း နဲ့ လှိုင်က ထွေအုပ်ရုံးတွေကို ဖုန်းဆက် မေးမြန်းပေမဲ့ ဖုန်းပြန်လည်ဖြေကြားတာမရှိသေးလို့ ထပ်မံဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။








