ပို့ကုန်ရငွေ နယ်စပ်ကုန်သွယ်မှု စနစ်ကို စစ်ကောင်စီ ပြန်အသက်သွင်း

ရေးသားခဲ့သည်။

လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်က ပယ်ဖျက်ခဲ့တဲ့ စနစ်တစ်ခုကို စစ်ကောင်စီက ဒီကနေ့ နိုဝင်ဘာလ ၁ ရက်နေ့မှာ ပြန်လည်စတင်ဖို့ အသက်သွင်းလိုက်ပါတယ်။

အဲဒါကတော့ ပို့ကုန်ရငွေ အပါအဝင် မြန်မာနိုင်ငံသားတွေရဲ့လုပ်ခနဲ့ လစာလွှဲငွေတွေကို အခြေခံပြီး နယ်စပ်က သွင်းကုန်တင်သွင်းမှုကို ခွင့်ပြုပေးမယ်လို့ ကုန်သွယ်ရေးဦးစီးဌာနက အောက်တိုဘာလ ၃၁ ရက် ကြေညာလိုက်တာ ဖြစ်ပါတယ်။

စစ်ကောင်စီဘက်ကတော့ အခုလိုလုပ်ရတာကတော့ ဘဏ္ဍာရေးဆိုင်ရာ စောင့်ကြည့်အဖွဲ့ (FATF) ရဲ့ အစီရင်ခံစာအပေါ် လိုက်နာဆောင်ရွက်မှု ပိုမိုအားကောင်းစေဖို့လို့ ဆိုပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့က နေပြီး ဒီလိုဆောင်ရွက်ရာမှာ ဘဏ်စနစ်နဲ့ ကနဦးအဆင့် အဖြစ် ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ စတင်ကျင့်သုံးမယ်လို့ စစ်ကောင်စီကုန်သွယ်ရေးဦးစီးဌာနက ဆိုပါတယ်။

တခြားမြန်မာနိုင်ငံနဲ့ ထိစပ်ပြီး ကုန်သွယ်နေကြတဲ့ တရုတ် ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်  နယ်စပ်ကုန်သွယ်မှုတွေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်တာတော့ မတွေ့ရသေးပါဘူး။

လွန်ခဲ့တဲ့ ၁၀ နှစ်ခန့်  သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ စစ်အစိုးရလက်ထက်ကစခဲ့တဲ့ ပို့ကုန်ရငွေကနေ သွင်းကုန်တင်သွင်းခွင့်ပြုတဲ့ ကုန်သွယ်မှုစနစ်ကို ပယ်ဖျက်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ဧပြီလ ၂၄ ရက်စွဲပါ ဘဏ္ဍာရေးနဲ့ အခွန်ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် ၉/၂၀၁၂ အရ နိုင်ငံပိုင် ဘဏ်များရှိ မည်သည့်နိုင်ငံခြားငွေစာရင်းများမှ လက်ကျန်များကိုမဆို သွင်းကုန် တင်သွင်းခွင့် အပါအဝင် လွတ်လပ်စွာသုံးစွဲ ခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် နယ်စပ်ကနေ ပို့ကုန်ရငွေနဲ့ တင်သွင်းခွင့်ပြုတဲ့ စနစ်ကို လည်း ၂၀၁၃ ခုနှစ် ဧပြီလက စပြီး စတင် ပယ်ဖျက်မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အခုတော့ ၁၀ နှစ်ခန့်အကြာမှာ အရင်လို ကုန်သွယ်မှုကို ထိန်းချုပ်တဲ့ စနစ်တွေ ပြန်စလာပြီး စာရွက်စာတမ်း တင်ပြရတာတွေများပြီး ဗျူရိုကရေစီ ယန္တရားနဲ့ ကြိုးနီစနစ်တွေများလာလို့ ကုန်သည်တွေက ဝေဖန်နေကြပါတယ်။

ဒါ့အပြင် သွင်းကုန်လိုင်စင်လျှောက်ထားခွင့်ပြုချိန်ကြာမြင့်မှု၊ သတ်မှတ်ချက် စာရွက်စာတမ်းများပြားနေမှု၊ နိုင်ငံခြားသုံးငွေ အစိုးရသတ်မှတ်စျေးနဲ့ အပြင်ပေါက်စျေးကွာဟနေမှု အစရှိတဲ့အချက်တွေကြောင့် လက်ရှိ နယ်စပ်ကုန်သွယ်ရေးမှာ အဆင်မပြေမှုတွေ အများအပြားရှိနေပြီး အခုလို ထပ်မံကန့်သတ်မှုတွေကြောင့် ကုန်သည်တွေအတွက် အခက်အခဲတွေ ထပ်တိုးလာသလို၊ လုပ်ငန်းရပ်နားရမယ့် အခြေအနေအထိ ရှိလာမယ်လို့ ကုန်သည်တွေက ပြောကြပါတယ်။ 

 စစ်ကောင်စီပြောတဲ့ ငွေကြေးခဝါချမှုတွေနဲ့ ရာဇဝတ်မှုဆိုင်ရာ ငွေကြေးထောက်ပံ့မှုတွေကို ကိုင်တွယ်နိုင်ဖို့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းကို ထပ်မံကန့်သတ်မှုတွေ လုပ်တာကလည်း နည်းလမ်းမှန်ကန်မှုရှိမရှိကို ပြန်လည်သုံးသပ်ဖို့လိုတယ်လို့ ကုန်သည်တွေဘက်က ဝေဖန်ကြပါတယ်။

လက်တွေ့လုပ်နေရတဲ့ အခြေအနေနဲ့ မူဝါဒတွေက အတော်ကို ကွဲလွဲနေတယ်လို့ မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးအခြေအနေနဲ့ ပတ်သက်လို့ နယ်စပ်ကုန်သည် တစ်ဦးက ပြောပါတယ်။

အခုလို ကန့်သတ်မှုကြောင့် ပုံမှန်လုပ်ငန်းစဥ်တွေအတိုင်း လုပ်ဆောင်နေတဲ့ ကုန်သည်တွေအတွက် အခက်အခဲများစွာ ရှိလာတာကြောင့် တစ်နိုင်တစ်ပိုင်ကုန်ပစ္စည်းတွေကိုသာ အနည်းအကျဥ်းရောင်းဝယ်တဲ့ ပုံစံမျိုးတွေသာ ရှိလာနိုင်ပြီး အဲဒီက တစ်ဆင့် အခွန်ငွေဆုံးရှုံးမှုတွေလည်း ရှိလာမှာ ဖြစ်သလို မှောင်ခိုစျေးကွက်တွေလည်း အများအပြား ပေါ်ပေါက်လာမယ်လို့ ကုန်သည်တွေက ပြောဆိုကြပါတယ်။

စစ်တပ်က ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကြောင့် မြန်မာပြည်ရဲ့ ပြည်တွင်းထုတ်လုပ်မှုတန်ဖိုးက ၂၀၂၁ ခုနှစ်မှာ အရင်ထက် ၂၀ရာခိုင်နှုန်း လောက် ကျုံ့ သွားသလို အခု ၂၀၂၂ခုနှစ်မှာလည်း စီးပွားရေးတုံ့ ဆိုင်းနေမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထား ပါတယ်။

 အဲဒါနဲ့အညီ ပြည်တွင်းမှာ အလုပ်အကိုင် ၁.၆ သန်းလည်း ဆုံးရှုံး‌ထားတယ်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် ILO ဘက်ကလည်း ထုတ်ပြန်ပြောဆိုထားပါတယ်။

ပြီးခဲတဲ့ အောက်တိုဘာလ ၂၁ ရက်နေ့က FATF  ရဲ့အမည်ပျက် စာရင်းထဲမှာ မြန်မာပါဝင်လာခဲ့လို့ စစ်ကောင်စီရဲ့ အကန့်အသတ်နဲ့သာရှိနေတဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့  ဆွဲဆောင်ထားနိုင်ဖို့ စွမ်းဆောင်ရည်ကို ထပ်မံထိခိုက်မှုတွေ ရှိလာနိုင်ပါတယ်။

နိုင်ငံအတွင်းမှာ ဝင်ငွေရလမ်းမပြနိုင်တဲ့ ငွေစီးဆင်း လည်ပတ်မှုတွေကို မထိန်းချုပ်တာ၊ အခွန်ဆောင်ထားခြင်းမရှိတဲ့ ဝင်ငွေတွေနဲ့ စီးပွားရေးလည်ပတ်မှုတွေ အပါအဝင် ငွေပေးချေမှုတွေက နိုင်ငံတစ်ဝန်းမှာရှိနေတာတွေက အခုလိုအမည်ပျက်စာရင်းအထိ သွင်းနိုင်တဲ့ အခြေအနေအထိ ရောက်လာတာ လို့ထောက်ပြပြောဆိုမှုတွေလည်း ရှိနေပါတယ်။

 ပြီးခဲတဲ့လပိုင်း ကျပ်ငွေတန်ဖိုးကျဆင်းမှု မထိန်းချုပ်နိုင်တာနဲ့ ပို့ကုန်မူဝါဒ အပြောင်းအလဲတို့ကြောင့် ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ် အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီ-မဲဆောက် လမ်းကြောင်းက ကုန်သွယ်ရေး သိသိသာသာကျဆင်းနေတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

အခုပို့ကုန်ရငွေနဲ့ သွင်းရမယ့် ဒီစနစ်သစ်မှာ အရင်လျှောက်ထားပြီး ဖြစ်တဲ့ သွင်းကုန်လိုင်စင်တွေ အကျုံးဝင်မှာ မဟုတ်ဘဲ၊ နိုဝင်ဘာ ၁ ရက်မတိုင်ခင် ထုတ်ပေးပြီးဖြစ်တဲ့ သွင်းကုန်လိုင်စင်တွေနဲ့ ကုန်ပစ္စည်းတင်သွင်းမှုကို နိုဝင်ဘာ ၃၀ ရက်နေ့မတိုင်မီ ပြီးပြတ်အောင် တင်သွင်းရမယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်က ဆိုပါတယ်။

အဲဒီသတ်မှတ်ကာလအတွင်း တင်သွင်းနိုင်ခြင်း မရှိပါက သွင်းကုန်လိုင်စင် ပျက်ပြယ်မယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် အဲဒီစနစ်နဲ့ သွင်းကုန်တင်သွင်းခွင့်ပြုရာမှာ ပို့ကုန်ဝင်ငွေနဲ့ အခြားဝင်ငွေဝင်ရောက်မှုတွေနဲ့ ပက်သက်ပြီး ၂၀၂၂ ခုနှစ် ဧပြီ ၁ရက်နေ့ နောက်ပိုင်း ဝင်ရောက်တဲ့ ဝင်ငွေကိုသာ အသုံးပြု ဆောင်ရွက်ခွင့်ပြုမယ်လို့လည်း ပါရှိပါတယ်။

“ဒီစနစ်ကြောင့် သွင်းကုန် ဒေါ်လာ တစ်သိန်းဖိုး သွင်းရင် ဘဏ်ထဲမှာ ဒေါ်လာ တစ်သိန်း၊ ဝယ်ရတာက ဒေါ်လာတစ်သိန်း ဆိုတော့ အရင်အနှီး နှစ်ဆ  နှစ်ရင်းဖြစ်သွားမယ်၊ အရင်ကထက် သွင်းကုန်သမားတွေ အများကြီးခက်ခဲသွားမယ်" လို့ နယ်စပ်ကုန်သည်ကြီးတစ်ဦးက ပြောပါတယ်။