ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီဇင်ဘာ ၂၇ ရက် ထိပ်တန်းသတင်းများ - နေပြည်တော်ကဗိုလ်မှူးကြီးတစ်ဦး ဇနီးကိုသတ်မှုနဲ့အဖမ်းခံရ
နေပြည်တော်က သားဖွားမီးယပ်ပါရဂူ ဗိုလ်မှူးကြီး ဇေယျာလင်း ဟာ ဇနီးကို သတ်ဖြတ်ပြီး အလောင်းဖျောက်ဖျက်မှုကို ဝန်ခံလိုက်တဲ့အကြောင်း နေပြည်တော်က ဘီဘီစီ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
နေပြည်တော်၊ အမှတ်(၂) တပ်မတော် သားဖွားမီးယပ် နှင့် ကလေးဆေးရုံ က သား ဖွားမီးယပ်ပါရဂူ ဖြစ်တဲ့ ဗိုလ်မှူးကြီး ဇေယျာလင်း ကို မနေ့က ဖမ်းလိုက်ပြီ လို့ ဆေးရုံက သတင်းအရင်းအမြစ် က ဘီဘီစီ ကို ပြောပါတယ်။
ဒီဇင်ဘာ ၂၆ ရက် မနက်ပိုင်းမှာ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ထဲက ရာဇသင်္ဂဟလမ်းမ နဲ့ ပိတောက်လမ်းထောင့်မှာ စွန့်ပစ်ခံထားရတဲ့ အမျိုးသမီးရုပ်အလောင်းကို တွေ့ရှိခဲ့ပြီးတဲ့နောက် စုံစမ်းရာက ဖြစ်စဉ်ပေါ်ပေါက်ခဲ့တာ ဖြစ်ပါတယ်။
တာဝန်ထမ်းဆောင်နေဆဲ ပါရဂူတစ်ယောက်ရဲ့ ဒီမှုခင်းဖြစ်စဉ်ကို စစ်ဆေးအသိုင်းအဝိုင်းမှာလည်း ပြောဆိုနေကြပါတယ်။
ဗိုလ်မှူးကြီး ဇေယျာလင်း တပ်မတော်ဆေးတက္ကသိုလ်အမှတ်စဉ် (၂) ကျောင်းဆင်းတစ်ဦး ဖြစ်ပါတယ်။
ပဲနွယ်ကုန်းမြို့အနီးမှာ တိုက်ပွဲပြင်းထန်နေ
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့အနီးက သဲကောရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)တွေနဲ့ စစ်ကောင်စီတပ်တို့ ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက် မနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
သဲကောကျေးရွာဟာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်(KNLA/PDF) ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တိုက်ပွဲပြင်းထန်နေတဲ့ ပဲနွယ်ကုန်း-ကျောက်ကြီးလမ်းမပေါ် နတ်သံကွင်းရွာဘက်ကနေ ထွက်လာရင် ပဲနွယ်ကုန်းမြို့အဝင်နားမှာရှိတာြဖစ်ပါတယ်။
အဲဒီတိုက်ပွဲမှာ စစ်တပ်ဘက်က သဲကောရွာတဝိုက်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို လေကြောင်း တိုက်ခိုက်တာတွေလည်းရှိတယ်လို့ ဒေသခံတစ်ဦးရဲ့ အပြောအရ သိရပါတယ်။
“ဒီနေ့မနက်ပိုင်းတည်းက လက်နက်ကြီးနဲ့ ပစ်သံတွေကြားတယ်။ ပဲနွယ်ကုန်းအဝင်နား သဲကောမှာ ဖြစ်နေတာ။ လေယာဉ်တွေနဲ့လည်း ရွာဘက်ကို လာပစ်တယ်၊ အခုထိလည်း လေယာဉ်သံတွေကြားနေရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ဆယ်နဲ့ချီသေဆုံးပြီး စစ်တပ်ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးက သဲကောရွာထဲက ဘုန်းကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ပျံလွန်တော်မူတယ်လို့ ဒေသတွင်းသတင်းတွေမှာဖော်ပြနေကြပါတယ်။
နှစ်ဖက်အကျအဆုံးနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။
သဲကောရွာတိုက်ပွဲနဲ့ပတ်သက်လို့ ပဲခူး PDF ဘက်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေကြားခြင်းမရှိသလို စစ်ကောင်စီဘက်ကလည်း လက်ရှိအချိန်အထိ တစ်စုံတစ်ရာထုတ်ပြန်လာခြင်းမရှိသေးပါဘူး။
မနေ့ ဒီဇင်ဘာ ၂၆ ရက်ကလည်း ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲက နတ်သံကွင်းရွာအနီးမှာ စစ်တပ်နဲ့ တော်လှန်ရေးအင်အားစုတို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး တော်လှန်ရေးတပ်တွေဘက်က နတ်သံကွင်းရွာကို ထိန်းချုပ်ထားနိုင်ပြီလို့ ပြောခဲ့ပါတယ်။
ကသာ၊ မိုးတားလေးရွာစာသင်ကျောင်းကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း၊ ကသာမြို့၊ မိုးတားလေးကျေးရွာရဲ့ အလယ်တန်းကျောင်းနဲ့ မန်လွဲရွာအနီးကို မနေ့ ဒီဇင်ဘာ ၂၆ ရက်နေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီကလေကြောင်းနဲ့ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ် PDF ဆီက သိရပါတယ်။
မိုးတားလေးရွာလေကြောင်းတိုက်ခိုက်မှုမှာတော့ အမျိုးသမီးတစ်ဦးဗုံးစထိမှန်သေဆုံးတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
"အလင်းဝင်လာသူတွေကို စစ်ဆေးမေးမြန်းနေတဲ့အချိန် ဗုံးကြဲသွားတာပါ။ သစ်တော၊ ရဲမေ၊ စစ်တပ်၊ မီးသတ် စတဲ့အလွှာပေါင်းစုံကသူတွေ တော်လှန်ရေးဘက်ဆီ ခိုလှုံလာလို့ စစ်ချက်ယူနေချိန် အခုလိုဖြစ်တာပါ" လို့ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဒုတိယတာဝန်ခံက ပြောပါတယ်။
ဒါဟာ မိုးတားလေးရွာစာသင်ကျောင်းမှာ အခုလိုစစ်ဆေးမေးမြန်းနေချိန် စစ်ကောင်စီတပ်တွေက နေရာအတိအကျကို လာရောက်တိုက်ခိုက်ခဲ့တာလို့ သူက ဆက်ပြောပါတယ်။ ဒါအပြင် တိုက်ခိုက်ခံရတဲ့နေရာနဲ့ အနီးပတ်ဝန်းကျင်မှာလည်း ဗုံးထိမှန်ပျက်စီးတယ်လို့ ကသာဒေသခံအချို့ဆီကသိရပါတယ်။
စစ်ကောင်စီဘက်ကတော့ အခုလေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့လယ်ပိုင်းအချိန်အထိ တစုံတရာသတင်းထုတ်ပြန်လာတာမျိုးမတွေ့ရပါဘူး။
နတ်တလင်းမှာ စစ်ကြောင်းဝင်ပြီးနောက် မီးလောင်ရုပ်အလောင်းတွေတွေ့ရှိ
ပဲခူးတိုင်း၊ နတ်တလင်းမြို့ တောင်ညိုဆည်အထက်ပိုင်းမှာရှိတဲ့ ကျေးရွာတစ်လျှောက်ကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးပြီးနောက် ဒီဇင်ဘာ ၂၄ ရက်မှာ မီးလောင်ထားတဲ့ သေဆုံးရုပ်အလောင်း ၇ လောင်းတွေ့ရှိတယ်လို့ ဒေသခံအချို့နဲ့ နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ပြောပါတယ်။
စစ်တပ်ရဲ့ စစ်ကြောင်းဟာ ဒီဇင်ဘာ ၁၉ ရက်ကနေ ၂၄ ရက်အထိ တောင်ညိုဆည်အထက်ပိုင်းတောက်လျှောက်က ဗိုလ်ကြီးစခန်းကျေးရွာအပါအဝင် ကျေးရွာ ၅ ရွာထက်မနည်းကို စစ်ကြောင်းထိုးခဲ့ပြီး အဲဒီရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
ကာကွယ်ရေးတပ်တွေဘက်က အပြောအရ သေဆုံးသူတွေဟာ စစ်ဘေးရှောင် ပြည်သူတွေဖြစ်ပြီး သူတို့ကို လက်ပြန်ကြိုးတုပ်နှိပ်စက်ပြီးနောက် မီးရှို့သတ်ခဲ့တာလို့ဆိုပါတယ်။ ဒေသတွင်းသတင်းတွေမှာလည်း မီးရှို့ဖျက်ဆီးခံထားရတဲ့ ဒေသခံနေအိမ်တွေနဲ့ မီးလောင်ကျွမ်းနေတဲ့ ရုပ်အလောင်းတွေကို ဓာတ်ပုံနဲ့တကွဖော်ပြထားကြတာ တွေ့ရပါတယ်။
သေဆုံးသူတွေရဲ့ အခြေအနေအပါအဝင် ဘယ်လိုပုံစံနဲ့သေဆုံးမှုဆိုတာကိုတော့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာမရှိသေးပါဘူး။
ဒါ့အပြင် ဗိုလ်ကြီးစခန်းကျေးရွာက ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် ရွာခံအချို့ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးခေါ်ဆောင်ပြီး ကွင်းကျယ်ရွာက စစ်တပ်အခြေစိုက် ဘန်ကာကုန်းကို ဆုတ်ခွာသွားတယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီဘက်ကတော့ နတ်တလင်းမြို့အခြေအနေနဲ့ ပတ်သက်လို့ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
မြောက်ဦးတိုက်ပွဲ ၄ ရက်အတွင်း အရပ်သား ၁၀ ဦးထက်မနည်းသေဆုံး
မြောက်ဦးခရိုင်ရဲစခန်းကို သိမ်းပိုက်ထားတယ်လို့ အေအေပြော
ရခိုင်ပြည်နယ်မြောက်ပိုင်းက ရှေးဟောင်းမြို့တော် မြောက်ဦးမှာ မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ ရဲ့ တိုက်ပွဲ ၄ ရက်အတွင်း အရပ်သား ၁၄ ဦးသေဆုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေကပြောသလို အေအေကလည်း ထုတ်ပြန်ပါတယ်။
အေအေဘက်က အပြောအရ မြောက်ဦးခရိုင် ရဲစခန်းကိုလည်းတိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်လာပါတယ်။
ဒီဇင်ဘာ ၂၆ ရက်ညပိုင်းက မြောက်ဦးအခြေစိုက် စစ်တပ် ခြေမြန်တပ်ရင်း (ခမရ-၃၇၇) ကနေ မြောက်ဦးမြို့ပေါ်နဲ့ အနီးတဝိုက်က လူနေရပ်ကွက်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်သလို လေကြောင်းကနေဗုံးကြဲတိုက်ခိုက်တာတွေရှိတယ်လို့ဆိုပါတယ်။
'' စစ်တပ်ကလက်နက်ကြီးရော ၊ လေကြောင်းရောတိုက်ပါတယ်။ တစ်မြို့လုံးနီးပါးလည်းလူမရှိတော့သလောက်ဖြစ်နေပါပြီ။ ရပ်ကွက်စောင့်လေးတွေပဲရှိတယ်။ လက်နက်ကြီးထိလို့ သေတာ ကလေးတွေနဲ့ သက်ကြီးအမျိုးသမီးတွေလည်းပါတယ်'' လို့ မြောက်ဦးမြို့ အခြေအနေကိုသိရှိသူတစ်ဦးကပြောပါတယ်။
တစ်ရက်တည်းမှာပဲ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ဘုန်းကြီးကျောင်းဝင်းထဲက ဓမ္မာရုံထဲကို စစ်တပ်က ဒရုန်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၃ ဦးနဲ့ သက်ကြီးပိုင်းအမျိုးသမီး ၁ ဦး သေဆုံးပြီး နောက်ထပ် ၂ ဦး ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိခဲ့တယ်လို့ အေအေရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ၃ ရက်တာအတွင်းမှာလည်း လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့ပေါ်ရက်ကွက်က မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုပြတိုက်၊ စစ်ကောင်စီ ထွေအုပ်ရုံးနဲ့ ခရိုင်ရုံးတွေလည်း ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
မြောက်ဦးဒေသခံတော်တော်များများဟာလည်း တိုက်ပွဲကြား ရိက္ခာတွေပြတ်လပ်နေပြီး ထမင်းနဲ့ ဆားလောက်သာကျန်တော့တယ်လို့ ဒေသတွင်းသတင်းတွေမှာ ဖော်ပြထားကြပါတယ်။
စစ်ကောင်စီဘက်ကတော့ မြောက်ဦးခရိုင်ရဲစခန်း သိမ်းပိုက်ခံရတာနဲ့ပတ်သက်လို့ စစ်ရေးအခြေအနေကို ထုတ်ပြန်တာမရှိသေးပေမယ့် လွန်ခဲ့တဲ့ရက်ပိုင်းက ပျက်စီးသွားတဲ့ မြောက်ဦးပြတိုက်ကိုတော့ အေအေဘက်က တိုက်ခိုက်ခဲ့တာလို့ ဒီဇင်ဘာ ၂၅ ရက်မှာ စွပ်စွဲထုတ်ပြန်ထားပါတယ်။