BTS အဖွဲ့၀င် j-hope တပ်ထဲ၀င်တော့မယ်

ရေးသားခဲ့သည်။

တောင်ကိုရီးယားမှာ ကမ္ဘာကျော် ဂီတဖျော်ဖြေရေးအဖွဲ့ BTS ထဲက အသက် ၂၉နှစ်အရွယ် j-hope ဟာ စစ်တပ်ထဲ၀င်ဖို့ လျှောက်လွှာတင်လိုက်ပြီလို့ ဖေဖော်၀ါရီ ၂၆ရက်နေ့က ထုတ်ပြန် ကြေညာပါတယ်။

တောင်ကိုရီးယားမှာ အသက် ၁၈နှစ်ပြည့်ပြီး အရွယ်ရောက်သူတိုင်း ၁၈လကနေ ၂၁လ အထိ စစ်ပညာသင်ကြား ၊ စစ်မှုထမ်းတဲ့တာ၀န် မဖြစ်မနေ ထမ်းဆောင်ရတာ ဖြစ်ပါတယ်။

ဒီတာ၀န်ကို အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ဆိုင်းချင်ရင် အသက် ၂၈ နှစ်အထိ ခွင့်ပြုထားပေမယ့် ဖျော်ဖြေရေးဆိုင်ရာ အနုပညာရှင်တွေကိုတော့ ခြွင်းချက်အနေနဲ့ အသက် ၃၀ အထိ ရွှေ့ဆိုင်းခွင့်ပေးထားပါတယ်။

j-hope (အမည်ရင်း Jung Ho-seok ဂျောင်ဟိုဆော့) ဟာ Rapper လည်းဖြစ် ၊ ထုတ်လုပ်သူ ၊ တေးရေး တေးဆို အနုပညာရှင်လည်း ဖြစ်သလို သူ့ရဲ့အက ကလည်း ဆယ်ကျော်သက်တွေကြား လူကြိုက်များ လှပါတယ်။

သူတို့ရဲ့ BTS အဖွဲ့ထဲက j-hope စစ်မှုထမ်းဖို့ စာရင်းပေးလိုက်ပြီ ၊ ဒါဟာ ဒုတိယမြောက် အဖွဲ့သားတယောက် စစ်တပ်ထဲ၀င်တာဘဲလို့ အဖွဲ့ကို စီမံအုပ်ချုပ်တဲ့ BigHit Music က ထုတ်ပြန် ကြေညာပါတယ်။

လွန်ခဲ့တဲ့ ၂လတုန်းက သူတို့အဖွဲ့ထဲက အသက်အကြီးဆုံး အဖွဲ့သား ၊ အသက် ၃၀ အရွယ်ရှိ Jin က စပြီး စစ်တပ်ထဲ တာ၀န်ထမ်းဆောင်ခဲ့ တာပါ။

Jin ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်တုန်းက မြောက်ကိုရီးယား နယ်စပ်မှာ သီတင်း ၅ပတ်ကြာ စစ်ပညာသင် လေ့ကျင့်ရေး ဆင်းခဲ့ပြီးနောက် ရှေ့တန်းမှာ တာ၀န်ထမ်းဆောင် လျက်ရှိတယ် ဆိုတဲ့ သတင်းကြောင့် BTS ပရိသတ်တွေကြား ရေပန်းစားသွားခဲ့ပါတယ်။

လက်ရှိမှာ တောင်ကိုရီးယား ဟာ မြောက်ကိုရီးယားနဲ့ အချိန်မရွေး စစ် ထဖြစ်နိုင်တဲ့ အခြေအနေမှာ ရှိနေတာကြောင့် ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းသူတွေ အနေနဲ့ မဖြစ်မနေ စစ်တပ်ထဲ ၀င်ရမယ့် အခြေအနေမှာ ရှိနေတာပါ။

လက်ရှိတော့ နှစ်နိုင်ငံကြား နှစ်မိုင်ခွဲ ရှည်လျားတဲ့ နယ်စပ်တလျှောက် စစ်မဲ့ဇုန် အဖြစ်သတ်မှတ်ထားပြီး သံဆူးကြိုးတွေ အထပ်ထပ်နဲ့ လုံခြုံရေးအစီအမံတွေချကာ လက်နက်ကိုင်တွေက စောင့်ကြပ်လျက် ရှိပါတယ်။

ဒီလို စစ်ရေးတင်းမာနေတဲ့ အနေအထားမှာ တချို့ ဥပဒေပြု အမတ်တွေက တောင်ကိုရီးယား က ကျော်ကြားတဲ့ ကေပေါ့ အနုပညာရှင်တွေနဲ့အတူ အိုလံပစ် ဆုရှင်တွေ ၊ အာရှ အားကစားပွဲ ဆုတံဆိပ် ပိုင်ရှင်တွေအပြင် ဂန္တ၀င် ဂီတပညာရှင် တချို့ကိုပါ စစ်မှုထမ်း သက်တမ်း လျော့ချပေးဖို့ တောင်းဆိုခဲ့ပေမယ့် ထင်သလောက် ခရီးမပေါက် ဖြစ်ခဲ့ပါတယ်။

တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးကတော့ BTS အဖွဲ့သားတွေ စစ်မှုထမ်း ကာလအတွင်း ပြည်ပမှာ အနုပညာ ဖျော်ဖြေပွဲတွေ ပြုလုပ်နိုင်ပါတယ်လို့ ခွင့်ပြုပေး ထားပါတယ်။

အခုတော့ j-hope ကိုယ်တိုင် သူ့ရဲ့ပရိတ်သက်အတွက် ခံစားသီကျူး ရေးစပ်ထားတဲ့ "on the street" လမ်းပေါ်မှာ ဆိုတဲ့ တစ်ကိုယ်တော် သီဆိုထားတဲ့သီချင်းကို လာမယ့် သောကြာနေ့မှာ ဖြန့်၀ေသွားဖို့ ရှိတယ်လို့ BigHit က သီးခြားကြေညာချက် တရပ် ထုတ်ပြန်ထားပါတယ်။

အဖွဲ့သား ၇ယောက် ပါ၀င်ဖွဲ့စည်းထားတဲ့ BTS အဖွဲ့ဟာ ပြီးခဲ့တဲ့ဇွန်လကတည်းက အနုပညာအလုပ်တွေကို တစုတစည်းထဲ မလုပ်ကြတော့ဘူးလို့ ထုတ်ပြန်ခဲ့ကြပြီး အဲဒီနောက်မှာ တကိုယ်တော် အစီအစဥ်တွေ ထုတ်လာတာလဲ ဖြစ်ပါတယ်။

တောင်ကိုရီးယားက ဒေသတွင်း သတင်းတွေမှာတော့ BTS အဖွဲ့သားတွေထဲက တယောက်ဖြစ်တဲ့ Suga ဟာ စစ်မှုထမ်းဖို့ ကြံ့ခိုင်ရည် မပြည့်မှီတာကြောင့် အများပြည်သူနဲ့ဆိုင်တဲ့ စေတနာ့၀န်ထမ်း အလုပ်တွေ လုပ်ဖို့ကိုဘဲ လျှောက်ထားလာ လိမ့်မယ်လို့ ဖော်ပြကြပါတယ်။

အခုလို ပုဂ္ဂိလ်ရေးပြောဆိုမှုတွေနဲ့ ပတ်သက်လို့ BigHit က အတည်မပြုဘဲ ပယ်ချထားပြီး သူတို့ရဲ့ BTS အဖွဲ့သားတွေ အားလုံး စစ်မှုထမ်းသွားမှာ ဖြစ်ပါတယ်လို့ ပြောကြောင်း ရိုက်တာ သတင်းမှာ ရေးသားထားပါတယ်။

ကင်မ်နမ်ဂျွန်း၊ ကင်မ်ထယ်ယောင်း၊ ပါ့ခ်ဂျီမင်၊ ဂျောင်ကွတ်၊ မင်ယွန်းဂီ၊ဂျောင်ဟိုဆော့ နှင့် ကင်မ်ဆော့ဂျင် ဆိုပြီး အဖွဲ့ဝင် ၇ ဦး ပါဝင်တဲ့ Bangtan Boys ဒါမှမဟုတ် BTS လို့ လူသိများတဲ့ ဖျော်ဖြေရေး အဖွဲ့ဟာ နာမယ်ကျော် ဂီတဆု Grammy အတွက် စကာတင်စာရင်း အသွင်းခံရတဲ့ ကေပေါ့ အဖွဲ့ တဖွဲ့ ဖြစ်ပါတယ်။