အဲလစ်ဇဘက် ဘုရင်မကြီး ဘဲလ်မော်ရယ်လ်စံအိမ်မှာ ကျန်းမာရေးအစောင့်အရှောက်ခံယူနေရ

ဓာတ်ပုံ ရင်းမြစ်, EPA
ဗြိတိသျှ ဘုရင်မကြီး အဲလစ်ဇဘက်ဟာ စကော်တလန် ဘယ်လ်မော်ရယ် စံအိမ်မှာ ကျန်းမာရေး အစောင့်အရှောက်ခံယူနေရတယ်လို့ ဘာကင်ဟမ် နန်းတော်က ပြောပါတယ်။
ဘုရင်မကြီးရဲ့ မိသားစုဝင်တွေ သူ့ဆီကို တချို့ ရောက်ရှိလာကြပြီး တချို့က သူ့ဆီသွားရောက်နေကြပါတယ်။
ဒီနေ့မနက် နောက်ထပ် စစ်ဆေးမှုတွေအရ ဘုရင်မကြီးရဲ့ ဆရာဝန်တွေက သူ့ကျန်းမာရေးအတွက် စိုးရိမ်မှုတွေ ရှိနေပြီး ကျန်းမာရေးစောင့်ရှောက်မှု ဆက်ပြီးခံယူဖို့ ပြောတယ်လို့ ဘာကင်ဟမ် နန်းတော်ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဘုရင်မကြီးက သက်သောင့်သက်သာ ရှိနေပါတယ်လို့လည်း ထုတ်ပြန်ချက်က ဆိုပါတယ်။
နန်းတော် အဝင်လမ်းတွေထဲက တစ်ခုမှာ အတားအဆီးတွေ ထားရှိထားပါတယ်။
ဘုရင်မကြီးဟာ အင်္ဂါနေ့က ယူကေ ဝန်ကြီးချုပ်သစ် လစ်ဇ် ထရပ်စ်ကို ခန့်အပ်ချိန်မှာ သူ့ဘာသာ လမ်းလျှောက်နိုင်ပြီး ပြုံးရွှင်စွာ ဓာတ်ပုံရိုက်ခဲ့ပါတယ်။
ဒါပေမဲ့ အဆင့်မြင့် ဝန်ကြီးတွေရဲ့ ပရိုင်ဗီကောင်စီ အစည်းအဝေးကို အွန်လိုင်းက တက်ရောက်ချီးမြှင့်ဖို့ကို နောက်ဆုံးအချိန်မှ ဖျက်လိုက်တဲ့အတွက် ဘုရင်မကြီးရဲ့ ကျန်းမာရေးအတွက် စိုးရိမ်မှုတွေ ရှိလာတာ ဖြစ်ပါတယ်။




