နှစ်ရက်တာ တိုက်ပွဲအတွင်း အောင်မြင်မှုရခဲ့တယ်လို့ အစ္စရေးရော၊ ပါလက်စတိုင်းဘက်ကပါ ကြေညာ - ဇူလိုင် ၅ ရက် ညနေခင်း နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

အစ္စရေးစစ်တပ်ရဲ့ နှစ်ရက်တာ စစ်ဆင်ရေးအတွင်း ပါလက်စတိုင်း ၁၂ ယောက်သေဆုံးခဲ့ပါတယ်။

အနောက်ဘက်ကမ်းမှာရှိတဲ့ ဂျနင်း ဒေသမှာ သေဆုံးသွားတဲ့ ပါလက်စတိုင်းတွေရဲ့ အသုဘကို ထောင်နဲ့ချီတဲ့လူတွေက လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။

အဲဒီအခမ်းအနားမှာ ပါလက်စတိုင်း အာဏာပိုင် ခေါင်းဆောင်တွေတော့ လိုက်ပါပို့ဆောင်ခွင့် မရဘဲ ရှိနေခဲ့တာပါ။

ဂျနင်းမှာ ဒုက္ခသည်စခန်းတွေကို အစ္စရေးက ထိုးစစ်ဆင်တဲ့အခါ ပါလက်စတိုင်း ခေါင်းဆောင်တွေ အနေနဲ့ တုံ့ပြန်ဆောင်ရွက်မှု မရှိလို့ ဆိုပြီး အခုလိုအာဏာပိုင်တွေကို ဒီအခမ်းအနား တက်ရောက်ခွင့် ငြင်းပယ်ထားတာ ဖြစ်ပါတယ်။

ဒုက္ခသည်တွေ အနေနဲ့ သူတို့စခန်းကို ပြန်ရောက်တဲ့အခါ အကြီးအကျယ် ပျက်စီးနေတာကို တွေ့ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အဆောက်အအုံတွေဆီကို သွားတဲ့ ကျင်းကြီးတွေလည်း တူးထားတာတွေ့ရတဲ့အပြင် ကားတွေ ဆိုရင်လည်း ပျက်စီးနေပြီး မြေကြီးပေါ်မှာလည်း ဖန်ကွဲစတွေ ကျည်ဆန်ခွံတွေနဲ့ ပြည့်နှက်နေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

လက်ရှိတော့ အစ္စရေးရော၊ ပါလက်စတိုင်းဘက်ကပါ နှစ်ရက်တာ တိုက်ပွဲအတွင်း အောင်မြင်မှု ရခဲ့တယ်လို့ ကြေညာထားကြတာ ဖြစ်ပါတယ်။

ချုံချင်း ရေဘေး ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ကိုင်တွယ်လုပ်ဆောင်ဖို့ တရုတ်သမ္မတ အမိန့်ထုတ်

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် လူ ၁၅ယောက် သေဆုံးတယ်လို့ အစိုးရပိုင် မီဒီယာမှာ ဖော်ပြပါတယ်။

ထိခိုက်သေဆုံးမှုအားလုံးဟာ ချုံချင်းပြည်နယ် ထဲမှာ ပေါ်ပေါက်ခဲ့တာပါ။

အနားက စီချွမ်ပြည်နယ်မှာလဲ ရာသီဥတုဆိုးရွားမှုကြောင့် လူပေါင်း ငါးသိန်းလောက် ဘေးဒုက္ခဒဏ် ခံစားခဲ့ရပြီး အိမ်ခြေ ရှစ်သောင်းငါးထောင်လောက်က ဒေသခံတွေ အိုးအိမ်စွန့်ခွာ ပြေးခဲ့ရပါတယ်။

ချုံချင်းမှာ ရေကြီးမှုကြောင့် ရထားလမ်းတံတားတခု ရေစီးနဲ့ မျောသွားခဲ့ပြီး လူမှုကွန်ရက်ပေါ်မှာ မြင်ရတဲ့ ဗီဒီယိုအရ ရေတက်လာချိန်မှာ အခက်ကြုံနေရသူတွေကို ကယ်ဆယ်ရေးလုပ်ဆောင်နေတာလည်း တွေ့ရပါတယ်။

ဒေသန္တရ အာဏာပိုင်တွေ အနေနဲ့ လူနဲ့ ကျွဲနွား အိမ်မွေးတိရစ္တာန်တွေကို လုံခြုံဘေးကင်းစေရေး အလေးထား လုပ်ဆောင်ပြီး အသေအပျောက် ထိခိုက်မှုနည်းစေဖို့ သမ္မတ ရှီကျင့်ဖျင်က အမိန့်ထုတ်ထားပါတယ်။

မြောက်ကိုရီးယားမှာ အဆင့်မြင့် ပုံရိပ်ထွက်ကောင်းတဲ့ ကင်မရာတွေ ပိုင်ဆိုင်ထားပုံမရဘူးလို့ တောင်ကိုရီးယားဘက်က သုံးသပ်

ပြီးခဲ့တဲ့မေလတုန်းက လွှတ်တင်ပြီးနောက် ပင်လယ်ထဲပျက်ကျခဲ့တဲ့ မြောက်ကိုရီးယားရဲ့ သူလျှိုဂြိုလ်တုမှာ စစ်ဘက်ရေးရာအသုံးချလို့ရတဲ့ အစိတ်အပိုင်းပါတာ မတွေ့ရဘူးလို့ တောင်ကိုရီးယားက ပြောပါတယ်။

အဲဒီဒုံးကျည်နဲ့ ဂြိုဟ်ထုရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေကို တောင်ကိုရီးယားတပ်တွေက ပြီးခဲ့တဲ့ တလကျော်တုန်းက တွေ့ရှိခဲ့တာပါ။

အခုတော့ အဲဒီအပျက်အစီးအပိုင်းအစတွေကို တောင်ကိုရီးယားနဲ့ အမေရိကန်က ကျွမ်းကျင်သူတွေ စစ်ဆေးကြည့်တဲ့အခါ စစ်ဘက်ရေးရာ ထောက်လှမ်းမှု လုပ်ဖို့ အသုံးမဝင်တဲ့ အနေအထားမှာ ရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မြောက်ကိုရီးယားမှာ ပုံရိပ်ထွက်ကောင်းတဲ့ အဆင့်မြင့် ကင်မရာတွေ ရှိပုံမပေါ်ဘူးလို့လည်း သူတို့က မှတ်ယူနေကြပါတယ်။

အဲဒီ စမ်းသပ်ချက် မအောင်မြင်ခဲ့တဲ့အတွက် မြောက်ကိုရီးယားက သုတေသီတွေ စစ်ဆေးမေးမြန်း ခံနေရပြီး နောက်ထပ်ကြိုးပမ်းမှု လုပ်ဆောင်ဖို့ အမိန့်ပေးခံထားရပါတယ်။

အိန္ဒိယမှာ နိမ့်ပါးသူတယောက်အပေါ် ကျင်ငယ်စွန့်လို့ အမျိုးသားတယောက်ကို ရဲကဖမ်း

အိန္ဒိယနိုင်ငံ အလယ်ပိုင်း မဒရာ ပရာဒက်ရှ်ပြည်နယ်မှာ လူမျိုးစုတိုင်းရင်းသား အလုပ်ကြမ်းသမားတယောက်အပေါ်ကို လူမြင်ကွင်းမှာ ကျင်ငယ်စွန့်မှုနဲ့ ရဲက အမျိုးသားတယောက်ကို ဖမ်းထားပါတယ်။

အဲဒီ လုပ်နေတဲ့ ဗီဒီယို တခု လူမှုကွန်ရက်ပေါ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပြီးနောက် ရဲက သူ့ကို ဖမ်းလိုက်တာ ဖြစ်ပါတယ်။

အဖမ်းခံရသူ အမျိုးသားဟာ ပရာဗက်ရှ် ချူကလာဖြစ်ပြီး ချို့တဲ့နွမ်းပါး ဖိနိပ်ခံရသူတွေကို အကာအကွယ်ပေးတဲ့ ဥပဒေအရ သူ့ကို တရားစွဲထားတာပါ။

သူ့အပေါ် စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ မစ္စတာ ချူကလာက တစုံတရာ မှတ်ချက်ပေး ပြောဆိုတာမျိုး မရှိခဲ့ပါဘူး။

အတိုက်အခံ ပါတီတွေကတော့ မစ္စတာ ချူကလာဟာ အာဏာရ ဘီဂျေပီ ပါတီနဲ့ ပတ်သက် ဆက်နွှယ်မှု ရှိတယ်လို့ ပြောပေမဲ့ ကာယကံရှင် ကတော့ ငြင်းဆိုထားပါတယ်။

အိန္ဒိယမှာ သန်းနဲ့ချီရှိတဲ့ ဆင်းရဲနွမ်းပါးသူတွေဟာ ဥပဒေအကာအကွယ်ပေးခံရမယ့် အစား ခွဲခြားဆက်ဆံ အကြမ်းဖက် ခံရမှုတွေနဲ့ ကြုံနေရတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ပြောပါတယ်။