ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ယူကရိန်းစစ်ပွဲဖြစ်ပြီးနောက် တရုတ်ရုရှားဆက်ဆံရေး
တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်တို့ ဆွေးနွေးခဲ့ကြပြီးနောက် ယူကရိန်းအရေးနဲ့ ဆက်စပ်ပြီး တရုတ်ကစိုးရိမ်ပူပန်နေတာကို သူနားလည်သဘောပေါက်ပါတယ်လို့ သမ္မတပူတင်က ထုတ်ဖော်ပြောကြားပါတယ်။
ဥဇဘက်ကစ္စတန်မှာ သမ္မတ ၂ ယောက်တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ တရုတ်ရဲ့ ဘက်မျှတဲ့ ရပ်တည်ချက်တွက် ကျေးဇူးတင်ပါတယ်လို့လည်း ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ ကမ္ဘာ့စနစ်ကို ဝင်ရိုးတခုတည်းအပေါ် တည်ဆောက်ဖို့ကြိုးစား အားထုတ်မှုဟာ ကျဆုံးလိမ့်မယ်လို့လည်း သူကဆိုပါတယ်။ ကမ္ဘာ့စနစ်ဝင်ရိုးတခုတည်းပေါ်တည်ဆောက်တယ်ဆိုတာကတော့ အင်အားကြီးနိုင်ငံတခုတည်းက ကမ္ဘာ့စနစ်ကို လွှမ်းမိုးဖန်တီးနိုင်တာကို သမ္မတပူတင်က ဆိုလိုတာ ဖြစ်ပါတယ်။
တရုတ်ဟာ ရုရှားကို အဓိကနိုင်ငံတွေထဲမှာ စာရင်းထည့်သွင်းပြီး အတူတကွ အလုပ်လုပ်ကိုင်လိုစိတ်ရှိပါတယ်လို့ မစ္စတာရှီက ဆိုပါတယ်။
တရုတ်ဟာ ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုကို မထောက်ခံပါဘူး။ ဒါပေမဲ့ ယူကရိန်းကျူးကျော်မှုနောက်ပိုင်း မှာ တခြားနိုင်ငံတွေက ရုရှားနဲ့ ကုန်သွယ်ရေးဖြတ်တောက်ကြပေမဲ့ တရုတ်ကတော့ ရုရှားနဲ့ ကုန်သွယ်ရေးတိုးမြင့်ကြီးထွားလာပါတယ်။
သမ္မတနှစ်ယောက်ဟာ ဆမ်မာခန်မှာ လုပ်တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ထိပ်သီးအစည်း အဝေးရဲ့ သီးခြားဆွေးနွေးပွဲငယ်အဖြစ် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ အခုအချိန်ဟာ ယူကရိန်းစစ်ပွဲရဲ့ အရေးပါတဲ့ အလှည့်အပြောင်းကာလနဲ့လည်း တိုက်ဆိုင်နေပါတယ်။ စစ်ပွဲအစကမှာ ရုရှားဟာ ယူကရိန်း နယ်မြေတော်တော်များများကို သိမ်းပိုက်ခဲ့ပေမဲ့ အခုအချိန်ဟာ နယ်မြေတွေပြန်လည် လက်လွှတ်ဆုံးရှုံးနေ ရချိန်ဖြစ်ပါတယ်။
“ယူကရိန်းစစ်ပွဲဖြစ်နေချိန်မှာ ကျွန်တော်တို့ရဲ့ မိတ်ဆွေ တရုတ်နိုင်ငံရဲ့ ဘက်မလိုက်တဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကြီးကြီးမားမား တန်ဖိုးထားပါတယ်” လို့မစ္စတာပူတင်က သမ္မတရှီကျင်းဖျင်ကို ပြောပါတယ်။ ရုရှားရဲ့ ဖေဖော်ဝါရီ ယူကရိန်းကျူးကျော်မှုနောက်ပိုင်းမှာ တရုတ်သမ္မတရှီကျင်းဖျင်ဟာ နိုင်ငံပြင်ပကို ဒုတိယအကြိမ်မြောက်အဖြစ် ထွက်ခွာတာဖြစ်ပါတယ်။
ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်ပြီး သမ္မတရှီကျင်းဖျင်မှာ မေးစရာမေးခွန်းတွေလည်း ရှိသလို စိုးရိမ်ပူပန်တာတွေလည်း ရှိတယ်ဆိုတာ သူနားလည်ပါတယ်လို့ သမ္မပူတင်က ထုတ်ဖော်ပြောဆိုပါတယ်။
ဒီနေ့အစည်းအဝေးမှာ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ရှင်းလင်းပြောဆိုကြမှာ ဖြစ်ပါတယ်လို့ မစ္စတာပူတင်ကဆိုပါတယ်။
တရုတ်အစိုးရရဲ့ ကြေညာချက်ကို သူတို့ရဲ့တွေ့ဆုံပွဲပြီးမှာ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ထိပ်သီးအစည်းအဝေးကို တင်ပြဖတ်ကြားခဲ့ရာမှာတော့ တရုတ်က ယူကရိန်းအကြောင်း တခွန်းတပါဒမှ ထည့်သွင်းပြောကြားမသွားပါဘူး။
ဒါပေမဲ့ ပင်မအကျိုးစီးပွားတွေနဲ့ သက်ဆိုင်တဲ့ကိစ္စတွေမှာ ရုရှားနဲ့တရုတ်အစိုးရအကြား အပြန်အလှန်ထောက်ပံ့ကူညီမှုကိုအင်တိုက်အားတိုက် တိုးချဲ့လုပ်ဆောင်သွားမယ်လို့တော့ ထည့်သွင်းရေးသား ထားပါတယ်။ ကမ္ဘာကြီးရဲ့ပြောင်းလဲမှု ကစဥ့်ကလျားဖြစ်မှုတွေကို တည်ငြိမ်မှုရသွားအောင် နှစ်နိုင်ငံက အတူတကွဦးဆောင်သွားမယ်လို့လည်း ဆိုပါတယ်။ သူတို့ရဲ့ မိတ်ဆွေဖြစ်မှုဟာ တောင်ကြီးတွေလိုတည်ငြိမ်တယ်လို့ တရုတ်ကဆိုပါတယ်။
ရုရှားကျူးကျော်မှုဟာ ရုရှားနဲ့တကွ အနောက်ကမ္ဘာတခုလုံးကိုပါ အကျပ်အတည်းတွေအောက် ဆွဲခေါ်သွားခဲ့ပါတယ်။ ရုရှားနဲ့အနောက်ကမ္ဘာဟာ စစ်အေးအခြေအနေပြန်ရောက်သွားပြီးနောက် အစားအသောက်စျေးနှုန်းနဲ့ လောင်စာဆီစျေးနှုန်း အဆမတန်မြင့်တက်သွားခဲ့ပါတယ်။
ရုရှားယူကရိန်းပြဿနာဟာ တရုတ်အတွက်လည်း စိန်ခေါ်ချက်ဖြစ်လာပါတယ်။ ဝိဂါမွတ်ဆလင်တွေနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေးပြဿနာ၊ ထိုင်ဝမ်ပြဿနာတွေဟာ တရုတ်နဲ့အနောက်နိုင်ငံတွေကြားမှာ လတ်တလောတင်းမာလာတဲ့ အခြေအနေတွေဖြစ်ပါတယ်။
မစ္စတာပူတင်နဲ့ မစ္စတာရှီတို့တွေ့ဆုံကြတာဟာ အကြိမ်ပေါင်းဒါဇင်နဲ့ချီများပြားလှပါတယ်။ ဒါပေမဲ့ အခုနောက်ဆုံးတွေ့ဆုံမှုအပေါ်မှာတော့ လူအများကအထူးစောင့်ကြည့်လေ့လာခဲ့ကြပါတယ်။ သူတို့နှစ်နိုင်ငံရဲ့ ဆက်ဆံရေးဟာ အနောက်လွှမ်းမိုးမှုအတွက် အခိုင်အခန့်ကာကွယ်ထားတဲ့ အုတ်တံတိုင်းကြီးအဖြစ် သူတို့က သရုပ်ဖော်လေ့ရှိပါတယ်။ ဒါဟာ ၁၉၉၁ ခုနှစ် ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက် ပေါ်ပေါက်လာတဲ့ ကမ္ဘာ့စနစ် အပေါ်မှာ အဓိကကျတဲ့ အရွေ့အပြောင်းတခုလည်း ဖြစ်ပါတယ်။
ဆိုဗီယက်ယူနီယံပြိုကွဲပြီးနောက်မှာ အခုအခါ ချိန်ခွင်လျှာဟာ ပြောင်းလဲလာပါတယ်။ ရုရှားရဲ့အဓိကမဟာမိတ် ဖြစ်တဲ့ တရုတ်ဟာ စီးပွားရေးဆူပါပါဝါအဖြစ်ပေါ်ထွက်လာနေပါပြီ။
“ပူတင်ဟာ ရှီကျင်းဖျင်ထက် ပိုပြီးဘေးရောက်နေတယ်။ အခုဆိုရင် ရုရှားဟာ နိုင်ငံတကာမှာ အထီးကျန်ဖြစ်နေပါပြီ” လို့ အောက်စဖို့တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပါမောက္ခ အီမရစ်တပ်စ် ရို့စ်မေရီဖု ကဆိုပါတယ်။ “ဒါ့ကြောင့် ရုရှားအနေနဲ့ကအကူအညီပေးမဲ့ မိတ်ဆွေအဖြစ်ရပ်တည်ပြဖို့လိုလာပါတယ်။ မဟာမိတ်အဆင့်မဟုတ်ဘဲ ထောက်ပံ့ကူညီမဲ့သူ အဖြစ်ပြသရပ်တည်ဖို့လိုလာတာပါ။ ဒါ့ကြောင့် နီးစပ်တဲ့ ဆက်ဆံရေးဖြစ်ပေါ်လာတာပါ။” လို့ဆိုပါတယ်။
မစ္စတာပူတင်ကို မိတ်ဆွေဟောင်းလို့ သုံးနှုန်းတဲ့ မစ္စတာရှီအတွက်လည်း ဒီအစည်းအဝေးဟာ အရေးပါပါတယ်။
နောက်လမှာလုပ်မဲ့ တရုတ်ကွန်မြူနစ်ပါတီကွန်ဂရက်စ်မှာ သူဟာ ပါတီအတွင်းရေးမှူးနေရာကို တတိယအကြိမ်မြောက်ဆက်ခံဖို့ ရည်ရွယ်နေသူဖြစ်ပါတယ်။ အခုလို ဗဟိုအာရှဒေသဖြစ်တဲ့ ဥဇဘက်ကစ္စတန်ကို သူခရီးထွက်လာတာဟာလည်း ကိုဗစ်ကပ်ဘေးနောက်ပိုင်းမှာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
အခုသူထွက်လာချိန်ဟာ တရုတ်မှာ လော့ဒေါင်းအသစ်တွေ ထပ်ချနေချိန်ဖြစ်ပါတယ်။ တရုတ်မှာ ကိုဗစ်အကြွင်းမဲ့ကင်းစင်ရေးဆိုတဲ့ ဇီးရိုးကိုဗစ်ပေါ်လစီဟာ ဆက်လက်ရှိနေဆဲဖြစ်ပါတယ်။ ကျန်တဲ့ တကမ္ဘာလုံးက တံခါးဖွင့်ပြီးစီးပွားရေးလုပ်ဆောင်နေကြချိန်မှာ တရုတ်ဟာ မြို့ကြီးတခုလုံး ဆက်လက်တံခါးပိတ်တာတွေ လုပ်နေပါတယ်။ အဲသလိုလုပ်နေတာဟာလည်း ပြည်နယ်တခုပြီး တခုဖြစ်လာနေပါတယ်။
တရုတ်နဲ့ရုရှားဟာ ၂၀၀၁ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO ရဲ့ အခန်းကဏ္ဍကို ဆိုဗီယက်ယူနီယံဟောင်းမှာပါဝင်ခဲ့တဲ့ ဗဟိုအာရှ ၄ နိုင်ငံနဲ့ပေါင်းပြီးချဲ့ထွင်နိုင်ဖို့ ကာလရှည်ကြာ ကြိုးစားခဲ့ပါတယ်။ အိန္ဒိယ၊ ပါကစ္စတန်နဲ့ အီရန်တို့ဟာလည်း အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြပါတယ်။
ဖေဖော်ဝါရီလမှာတုန်းက မစ္စတာရှီရဲ့ဖိတ်ကြားချက်အရ မစ္စတာပူတင်ဟာ ဘေဂျင်းဆောင်းရာသီအိုလံပစ် အားကစားပြိုင်ပွဲကိုသွားရောက်ခဲ့ပါတယ်။ အဲဒီတုန်းက သူတို့နှစ်နိုင်ငံဟာ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်ကြပြီး အကန့်အသတ်အချုပ်အချယ်မရှိတဲ့ မိတ်ဆွေတွေလို့ ကြေညာခဲ့ကြပါတယ်။
အဲဒီနောက်မကြာခင်မှာ ရုရှားဟာ ယူကရိန်းကိုကျူးကျော်ပြီး နိုင်ငံတကာရဲ့ ရှုတ်ချမှုနဲ့ ပိတ်ဆို့ အရေးယူမှုကို ခံခဲ့ရပါတယ်။ တရုတ်ရုရှားဆက်ဆံရေးဟာလည်း ဒေါက်ထောက်အကြည့်ခံခဲ့ရပါတယ်။ ဘေးဂျင်းက ပဋိပက္ခကို ရပ်တန့်ဖို့ပြောဆိုပြီး နိုင်ငံတကာစည်းလုံးညီညွတ်မှုဟာ အရေးကြီးကြောင်း တိုက်တွန်းခဲ့ပါတယ်။ ဒါပေမဲ့ ရုရှားကတော့ ကျူးကျော်မှုလို့သုံးစွဲတာကိုတောင် လက်မခံဘဲ အထူးစစ်ဆင်ရေးလို့သာ သုံးနှုန်းခဲ့ပါတယ်။
အခုလောလောဆယ်သီတင်းပတ်တွေအတွင်း တရုတ်ဟာ ရုရှားနဲ့ ပူးတွဲစစ်ရေးလေ့ကျငင့်ဖို့ တပ်ဖွဲ့တချို့ စေလွှတ်ခဲ့ပါတယ်။ အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့ချိန်မှာ တရုတ်က စီးပွားရေးအကူအညီတွေလည်း ပေးခဲ့ပါတယ်။
သူတို့နှစ်နိုင်ငံအတွက်တော့ ဒါဟာ နှစ်ဦးနှစ်ဖက်အပြန်အလှန်အကျိုးရှိတဲ့ဆက်ဆံရေးပါ။ ဥရောပက ရုရှားရဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့အပေါ်မှီခိုမှုလျှော့ချဖို့ကြိုးစားနေချိန်မှာ တရုတ်ကရုရှားဆီကနေ လျှော့စျေးနဲ့ဝယ်ယူနေပါတယ်။
ဒါ့အပြင် ရေနံနဲ့ဓာတ်ငွေ့အတွက် ရုရှားအလိုကျအတိုင်း ရုရှားရူဘယ်ငွေ၊ တရုတ်ယွမ်ငွေတွေနဲ့ပေးချေဖို့လည်း ပြီးခဲ့တဲ့လတုန်းက တရုတ်ကသဘောတူခဲ့ပါတယ်။ ဒေါ်လာကိုအစားထိုးနိုင်မဲ့နိုင်ငံခြားရန်ပုံငွေဟာ ရုရှားအတွက် အရေးတကြီးလိုအပ်နေသလို တရုတ်ယွမ်ငွေကို နိုင်ငံတကာငွေကြေးအဖြစ်မြှင့်တင်နိုင်ရေးဟာလည်း တရုတ်အတွက် အရေးပါတဲ့ အကျိုးစီးပွားဖြစ်ပါတယ်။
ဒါပေမဲ့တရုတ်မှာ သီးခြားစည်းခြားသတ်မှတ်မှုရှိပုံပေါ်ပါတယ်။ မော်စကိုဟာ လက်နက်အတွက် အသည်းအသန်ရှာဖွေနေကြောင်း အမေရိကန်ထောက်လှမ်းရေးက သတင်းရရှိထားပါတယ်။ မော်စကိုဟာ လက်နက်အတွက် အီရန်ကိုချဉ်းကပ်ခဲ့ပါတယ်။ မြောက်ကိုရီးယားကိုတောင်ချဉ်းကပ်ခဲ့ပါတယ်။ တရုတ်ကိုလည်း ချဉ်းကပ်ခဲ့မယ်ဆိုတာ ယုံမှားဖွယ်မရှိပါဘူး။ ဒါပေမဲ့ တရုတ်ကသဘောတူညီခဲ့တဲ့ အရိပ်အယောင်မျိုး အခုထိမတွေ့မြင်ရသေးပါဘူး။
တစ်ဖက်မှာရဲဘော်ရဲဘက်ဆက်ဆံရေးထူထောင်ထားပေမဲ့ မစ္စတာရှီဟာ မစ္စတာပူတင်နဲ့ခပ်ခွာခွာနေလိုပုံ ရပါတယ်။ ဒါကလည်း အကြောင်းများစွာရှိနိုင်ပါတယ်။
ယူကရိန်းကနေ ပြန်လည်ဆုတ်ခွာနေရတဲ့ ရုရှားရဲ့ အနေအထားဟာ တရုတ်အနေနဲ့ ရုရှားအပေါ်ယုံကြည်အားထားဖို့ခက်တာဖြစ်နိုင်ပါတယ်လို့ ကာနေဂီနိုင်ငံတကာငြိမ်းချမ်းရေးသုတေသနအဖွဲ့ရဲ့ ဒုတိယဥက္ကဋ္ဌ အီဗန်ဖီကန်ဘောင်းမ်က ဆိုပါတယ်။
ဒါ့အပြင် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ SCO မှာပါဝင်ကြတဲ့ ဆိုဗီယက်ယူနီယံဟောင်းထဲက ဗဟိုအာရှ ၄ နိုင်ငံဟာ ရုရှားရဲ့ ယူကရိန်းကျူးကျော်မှုကို မထောက်ခံကြပါဘူး။ ဒါဟာလည်း မစ္စတာရှီ အတွက် ထည့်သွင်းစဉ်းစားရတဲ့အချက်ဖြစ်နိုင်ပါတယ်။
ဗဟိုအာရှနိုင်ငံတွေ မနှစ်သက်မဲ့ကိစ္စ၊ သူတို့စိုးရိမ်မဲ့ကိစ္စတွေနဲ့ ပတ်သက်ပြီး မစ္စတာရှီဟာ အထူးသတိထားဖို့ လိုပါလိမ့်မယ်လို့ ပါမောက္ခဖုက ဘီဘီစီကိုပြောပါတယ်။