ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အီရန်ဗိုလ်ချုပ် အုတ်ဂူနားမှာ ဗုံးခွဲတိုက်ခိုက်လို့ လူ ၇၀ ကျော်သေဆုံး - ဇန်နဝါရီ ၃ ရက် နိုင်ငံတကာသတင်းများ
လွန်ခဲ့တဲ့ ၄ နှစ်က အမေရိကန် ဒရုန်း တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရတဲ့ အီရန် စစ်တပ် ထိပ်တန်း ခေါင်းဆောင် ကာဆန် ဆိုလမ်မာနီ ရဲ့ အုတ်ဂူနားမှာ နှစ်ပတ်လည် အခမ်းအနားတခု ကျင်းပနေတုန်း ပေါက်ကွဲမှု ၂ ကြိမ်ဖြစ်ခဲ့ပြီး လူ ၇၃ ယောက် ထက် မနည်း သေဆုံးသွားတယ်လို့ အီရန်နိုင်ငံပိုင် ရုပ်မြင်သံကြားလိုင်းက ထုတ်လွှင့် သွားပါတယ်။
နောက်ထပ် လူပေါင်း ၁၇၁ ယောက်လည်း ဒဏ်ရာရရှိသွားပါတယ်။
ဗိုလ်ချုပ် ဆိုလမ်မာနီကို ဂုဏ်ပြုဖို့အတွက် ရာနဲ့ချီတဲ့လူတွေဟာ ဒီအခမ်းအနားကို တက်ရောက်ဖို့ သူ့အုတ်ဂူရှိရာကို လာရောက်နေကြတဲ့အချိန်မှာ ဗုံးကွဲတာတွေ ဖြစ်ခဲ့တာပါ။
အီရန်မှာ အထွတ်အမြတ် ဘာသာရေးခေါင်းဆောင် အယာတိုလာ ခါမေနီ ပြီးရင် သူ့ကို အာဏာအကြီးဆုံးပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခဲ့ကြတာပါ။
ဒီအဖြစ် ဖြစ်ပျက်ခဲ့ရာ မြို့ဖြစ်တဲ့ ကာမန်မြို့က အာဏာပိုင်တွေက ဒီဖောက်ခွဲမှု တွေကို အသေခံဗုံးခွဲသမားတွေက လုပ်ခဲ့ကြတာ၊ အကြမ်းဖက်သမားတွေရဲ့ လက်ချက်လို့ ပြောပါတယ်။
ဟားမတ်စ် ခေါင်းဆောင်တယောက် အသတ်ခံရတဲ့နောက် အကြမ်းဖက်မှုတွေ အရှိန်တက်လာမှာကို စိုးရိမ်
ဘေရွတ်မှာ ဟားမတ်စ်ထိပ်တန်းခေါင်းဆောင်တယောက် အသတ်ခံခဲ့ရတဲ့ နောက်ပိုင်း အကြမ်းဖက်မှုတွေ မြင့်တက်လာနိုင်တာကို သိပ်ကိုစိုးရိမ်တယ်လို့ လက်ဘနွန်က ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့ က ပြောပါတယ်။
အဲဒီအဖွဲ့ UNIFIL ရဲ့ ပြောခွင့်ရသူတယောက်က ပဋိပက္ခ ပိုကျယ်ပြန့်လာတာက အစ္စရေးရော၊ လက်ဘနွန်ရော ထိခိုက်မှာမို့ အားလုံးအနေနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ တိုက်တွန်းနေပါတယ်။
ဟားမတ်စ် ထိပ်တန်းခေါင်းဆောင် ဆာလား အယ် အရိုရီ သတ်ဖြတ်ခံရပြီးတဲ့နောက် ဘယ်လို တုံ့ပြန်လာမှုမျိုးကိုမဆို အဆင်သင့်ပြင်ကြထားဖို့ အစ္စရေးက သူ့တပ်တွေကို တပ်လှန့်ထားပါတယ်။
လက်ဘနွန်မြေပေါ်မှာ အစ္စရေးတို့ လာပြီး သတ်ဖြတ်မှုတွေကို အကြီးအမား ပြန် တုံ့ပြန်မယ်လို့ လက်ဘနွန်က လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်တဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ရဲ့ ခေါင်းဆောင် ဟာဆန် နက်စ်ရဲလာက ပြောထားပါတယ်။
ဂျပန်က လေယာဉ် ၂ စင်းတိုက်မှု အကြောင်းရင်း ကွဲလွဲချက်တွေ ထွက်ပေါ်နေ
တိုကျိုမြို့၊ ဟာနဲဒါနိုင်ငံတကာလေဆိပ်က လေယာဉ်ဆင်းလမ်းမှာ မနေ့က ကမ်းရိုးတန်းစောင့် တပ်ဖွဲ့ လေယာဉ်နဲ့ တိုက်မိပြီး ပျက်စီးသွားတဲ့ ဂျပန် လေကြောင်းလိုင်း အဲယားဘတ်စ် ခရီးသည်တင် လေယာဉ်က လေကြောင်း မှတ်တမ်းတင် တိတ်ခွေတွေရှိရာ ဘလက်ခ်ဘောက်စ် ကို ဂျပန် လေကြောင်း စုံစမ်းရေးမှူးတွေက ဆက်ပြီး ရှာဖွေနေပါတယ်။
ကမ်းရိုးတန်းစောင့်တပ်ဖွဲ့လေယာဉ်က ဘလက်ဘောက်စ်တွေကိုတော့ သူတို့ တွေ့ထားပြီး စစ်ဆေးဖို့ လုပ်နေတယ်လို့ အဲဒီ အရာရှိတွေက ပြောပါတယ်။
ဒီတိုက်မိမှုကြောင့် လေယာဥ် ၂ စင်းလုံး မီးလောင် ပျက်စီးသွားပါတယ်။
လေကြောင်းထိန်းသိမ်းရေး အရာရှိတွေ ပြောတာနဲ့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့ လေယာဥ်မှူးပြောတာ ၂ ခုအကြား ကွဲလွဲမှုတွေ ပေါ်ထွက်လာနေပါတယ်။
လေကြောင်းထိန်းသိမ်းရေးက အဲယားဘတ်စ် ခရီးသည်တင် လေယာဉ်ကို လေဆိပ်ကို ဆင်းခွင့်ပေးလိုက်ပြီး ကမ်းရိုးတန်းစောင့် တပ်ဖွဲ့လေယာဉ်ကို ခဏ စောင့်ဆိုင်းဖို့ ပြောခဲ့ကြောင်း ဂျပန်ရုပ်မြင်သံကြားလိုင်း NHK က သတင်း ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမဲ့ ကမ်းရိုးတန်းစောင့်တပ်ဖွဲ့အရာရှိတွေက သူတို့ လေယာဥ်ကို တက်ခွင့်ပေးခဲ့ကြောင်း ပြောနေပါတယ်။