သြစတြေးလျကမ်းခြေကို တင်လာတဲ့ ခပ်ဆန်းဆန်း အရာနဲ့ ဇူလိုင် ၁၇ ရက် ညပိုင်း နိုင်ငံတကာ သတင်းတွေ

ရေးသားခဲ့သည်။

သြစတြေးလျကမ်းခြေကို တင်လာတဲ့ ခပ်ဆန်းဆန်း အရာ

သြစတြေးလျ အနောက်ဘက် ကမ်းခြေမှာ တင်လာတဲ့ ခပ်ဆန်းဆန်းအရာတခုကို သြစတြေးလျနိုင်ငံဆိုင်ရာ ရဲတပ်ဖွဲ့၊ စစ်တပ်၊ အာကာသ အေဂျင်စီ စတာတွေက ဒီဟာက ဘာအရာဝတ္တုလဲ ဆိုတာကို ဆန်းစစ်ဖို့ လုပ်နေကြပါတယ်။

ဒီအရာဟာ ဆလင်ဒါ ပုံစံဖြစ်ပြီး အပေါ်က အပိတ်က အခုံးပါ၊ အရောင်က ကြေး ရောင် ဖြစ်ပြီး ပတ်တ်မြို့နဲ့ ကီလိုမီတာ ၂၅၀ လောက် အကွာ ကမ်းခြေပေါ်မှာလာ တင်ခဲ့တာပါ။

မြင်တွေ့ခဲ့ရတဲ့ ဒေသခံတွေက ဒီအရာဟာ အချင်း ၂ မီတာ ခွဲလောက်ကျယ်ပြီး အရှည်က ၂ မီတာခွဲ ၊ ၃ မီတာလောက် ရှည်တယ်လို့ ဆိုပါတယ်။

အာဏာပိုင်တွေက ဒီအရာက ဘယ်ကနေ၊ ဘယ်လိုလာကာ ဒီကမ်းပေါ်လာ တင်တာလဲ ဆိုတာကိုလည်း ဆန်းစစ်နေကြပါတယ်။

သီအိုရီ တခုကတော့ ဒါဟာ နိုင်ငံခြားက တင်ခဲ့တဲ့ အာကာသာ ဒုံးပျံယာဉ်က လောင်စာ ဆလင်ဒါ အပိုင်းအစလို့ ဆိုနေကြပါတယ်။

ရဲတွေအနေနဲ့ ဒီအရာဝတ္တုကို အန္တရာယ်ရှိနိုင်တယ်လို့ သတ်မှတ်ထားပြီး လူတွေကို အဲဒီအရာ အနားကို မသွားဘဲ အဝေးမှာပဲ နေဖို့ သတိပေးထားပါတယ်။

ခရိုင်းမီးယားနဲ့ ရုရှားဆက်သွယ်ထားတဲ့ တံတားကို ယူကရိန်းက တိုက်ခိုက်

ရုရှားနိုင်ငံနဲ့ ရုရှားတို့က သိမ်းထားတဲ့ ခရိုင်းမီးယားကျွန်းကို ဆက်သွယ်ထားတဲ့ သေနင်္ဂဗျူဟာမြောက် ကားချ် တံတားကို သူတို့ ည တုန်းက တိုက်ခိုက်လိုက်တယ်လို့ ယူကရိန်း စစ်တပ်ကပြောပါတယ်။

ယူကရိန်းတို့ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားကားတစီးထဲက လင်မယား ၂ ယောက်သေဆုံးခဲ့ရပြီး သူတို့ရဲ့ သမီးဖြစ်သူက ဒဏ်ရာရသွားတယ်လို့ ရုရှားတို့က ယူကရိန်းကို အပြစ်ပုံထားပါတယ်။

ထွက်လာတဲ့ ပုံတွေမှာ တံတားပေါ်က လမ်းပိုင်းတခု ပျက်စီးနေတာကို တွေ့ရပြီး ဘေးမှာ အပြိုင်ရှိနေတဲ့ ရထားလမ်းကတော့ မပျက်စီးကြောင်းတွေ့ရပါတယ်။

ရုရှားတို့က ခရိုင်းမီးယားကို ၂၀၁၄ ခုနှစ်က ကျူးကျော်ခဲ့ပြီးတဲ့နောက် ဒီတံတားကို ယူကရိန်းတို့က ရုရှား ကျူးကျော်မှု သင်္ကေတ အမှတ်အသားလို့ မှတ်ယူထား ပါတယ်။

မနှစ်ကလည်း ဒီတံတားမှာ ပေါက်ကွဲမှု တခုဖြစ်ခဲ့ပြီး ယာယီ ပိတ်ထားခဲ့ရဖူးပါတယ်။

တရုတ်မှာ လူငယ်အလုပ်လက်မဲ့နှုန်း ၂၁% ကျော်လာ

တရုတ်နိုင်ငံမှာ စာရင်းဇယားတွေအရ လူငယ် အလုပ်လက်မဲ့နှုန်းက အမြင့်ဆုံးကို ရောက်လာတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ၃ လပတ်မှာ လူငယ် အလုပ်လက်မဲ့နှုန်းက ၂၁% ကို ကျော်သွားပါတယ်။

အဲဒီကာလ စီးပွားရေးတိုးတက်နှုန်းက ၀.၈% ဖြစ်ပြီး ဒီတိုးတက်နှုန်း ပမာဏက သုံးသပ်သူတွေ ကြိုတင်မှန်းခဲ့တဲ့ ပမာဏထက် နည်းနည်းလေး ပိုမြင့်ခဲ့ပါတယ်။

ကိုဗစ်ကပ်ကြောင့်ထိခိုက်ခဲ့တဲ့ တရုတ်စီးပွားရေးဟာ တင်ပို့ကုန် ကျဆင်းတာ၊ ပြည်တွင်းစားသုံးမှု ကျဆင်းတာ၊ အိမ်ခြံမြေစျေးကွက်မှာ ကြာမြင့်လာပြီဖြစ်တဲ့ ပြဿနာတွေ တက်နေတာ စတဲ့ အကြောင်းတွေကြောင့် ပြန်ပြီး နာလန်မထူ နိုင်သေးဘူးလို့ ဆိုပါတယ်။

တရုတ်မှာ လူတွေ ငွေကို ပိုသုံးစွဲအောင် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဗဟိုဘဏ်ကနေ အတိုးနှုန်းတွေကို အရင်လက လျှော့ချပေးထားခဲ့ပါတယ်။

အမျိုးသမီးဘောလုံးသမားတွေ အတွက် တန်းတူ ဆုကြေး

ကြာသပတေးမှာ စတင်တော့မယ့် အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပွဲမှာ ပါဝင်ယှဉ်ပြိုင်မယ့် သြစတြေးလျဘောလုံးအသင်းက အမျိုးသား ဘောလုံး သမားတွေနဲ့ တန်းတူညီမျှမှုရှိရေးအတွက် တောင်းဆိုလိုက်ပါတယ်။

အမျိုးသား ‌ဘောလုံးသမားတွေကို ပေးတဲ့ ဆုကြေးငွေနဲ့ ပမာဏ အတူတူ အမျိုးသမီး ဘောလုံးသမားတွေကို ပေးဖို့ ‌အတွက် သြစတြေးလျ အမျိုးသမီးဘောလုံးသမား တွေက ဗီဒီယိုကတဆင့် ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

ကမ္ဘာ့ဖလားဘောလုံးပွဲမှာ အမျိုးသမီးဘောလုံးသမားတွေ အတွက် ပေးတဲ့ ဆုကြေးစုစုပေါင်းက ဒေါ်လာ သန်း ၁၁၀ ဖြစ်ပြီး ဒီပမာဏဟာ အမျိုးသား ဘောလုံးသမားတွေ ရတဲ့ ပမာဏထက် လေးပုံ တပုံ ပဲ ရှိပါတယ်။

အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို သြစတြေးလျနဲ့ နယူးဇီလန်နိုင်ငံတွေမှာ ကျင်းပမှာ ဖြစ်ပြီး အသင်းပေါင်း ၃၂ သင်း ယှဉ်ပြိုင်ကြမှာပါ။