ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဂါဇာ ဓားစာခံကိစ္စ ဆက်ညှိနှိုင်း - နိုဝင်ဘာ ၂၇ ညပိုင်း နိုင်ငံတကာသတင်းများ
ဂါဇာအပစ်ရပ် နောက်ဆုံးနေ့မှာ လုပ်ဖို့ စီစဉ်ထားတဲ့ အစ္စရေးနဲ့ ပါလက်စတိုင်း အကျဉ်းသား လဲလှယ်ရေးနဲ့ ပတ်သက်ပြီး တက်လာတဲ့ ပြဿနာတွေကို ကာတာ ညှိနှိုင်းသူတွေက ဖြေရှင်းဖို့ ကြိုးစားနေကြပါတယ်။
လွှတ်ရမယ့်သူစာရင်းနဲ့ ပတ်သက်ပြီး အစ္စရေးနဲ့ ဟားမတ်စ် နှစ်ဖက်လုံးက စိုးရိမ်မှုတွေ ပြကြတယ်လို့ သိရပါတယ်။
အပစ်ရပ်စဲရေးကို သက်တမ်းတိုးနိုင်တယ်လို့ မျှော်လင့်နေတဲ့ကြားက ဒီသတင်းထွက်လာခဲ့တာပါ။
အကျဉ်းသား ၁၀ယောက် လွှတ်ပေးတိုင်း ဂါဇာမှာ တရက် အပစ်ရပ် ထပ်နားဖို့ အစ္စရေးက ကမ်းလှမ်းနေပြီး ဟားမတ်စ်က ရက်ထပ်တိုးချင်ပါတယ်။
နယ်မြေထဲကို ပစ္စည်းတွေ ပိုပေးနိုင်ဖို့အတွက် ဒီအပစ်ရပ်စဲရေးကို ကူညီရေး အဖွဲ့တွေက အသုံးချနေကြပါတယ်။
ယူကရိန်း မုန်တိုင်းကြောင့် မီးပြတ်
ရုရှသိမ်းပိုက်ထားတဲ့ ကရိုင်းမီးယား ဒေသအပါအဝင် ယူကရိန်းမှာ အင်အားပြင်း မုန်တိုင်း တိုက်ခတ် လာချိန်မှာပဲ သိန်းနဲ့ချီသူတွေ လျှပ်စစ်မီးပြတ်တောက်နေပါတယ်။
အိုဒက်ဆာနဲ့ မီကိုလိုက်ဗ် နယ်မြေတွေအပါအဝင် နေရာ ၂,၀၀၀ မှာ မီးပြတ်နေတယ်လို့ ယူကရိန်း အာဏာပိုင်တွေက ပြောပါတယ်။
နိုင်ငံအနှံ့ နှင်းမုန်တိုင်းတွေကျပြီး လမ်းတွေ ပိတ်နေပါတယ်။
ဒါကြောင့် အရေးပေါ် ယာဉ်တွေသုံးပြီး ကားပေါ်ပိတ်မိနေသူတွေကို ကယ်ဖို့လည်း ကြိုးစားနေကြပါတယ်။
တချို့နေရာတွေမှာ နှင်းခဲပြီး အအေးလွန်သူတွေ ရှိနေပါတယ်။
ရုရှားသိမ်းထားတဲ့ ကရိုင်းမီးယားမှာတော့ ကျွန်းဆွယ်တချို့နေရာတွေမှာ အရေးပေါ် အခြေအနေဆိုပြီး အာဏာပိုင်တွေက ကြေညာထားပါတယ်။
မုန်တိုင်းကြောင့် ပင်လယ်ရေတက်ပြီး ကမ်းခြေတချို့နေရာတွေ ရေမြုပ်ပြီး ကယ်ဆယ်ရေးတွေ လုပ်ရပါတယ်။
မြောက်ကိုရီးယား ကင်းစခန်းတွေ ဆောက်
မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားနယ်စပ်မှာ လွန်ခဲ့တဲ့ ၅ နှစ်က ငြိမ်းချမ်းရေး သဘောတူညီချက်ကြောင့် ဖျက်သိမ်းခဲ့တဲ့ နယ်စပ်ကင်းစခန်းတွေကို မြောက်ကိုရီးယားဘက်က ပြန်ဆောက်နေတာကို တွေ့ရပါတယ်။
မြောက်ကိုရီးယားက အရင်အပတ်က ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ပြီးနောက် ကိုရီးယား နှစ်နိုင်ငံကြား တင်းမာမှုတွေ မြင့်တက်လာပါတယ်။
ဒါကြောင့် တောင်ကိုရီးယားဘက်က နယ်စပ်မှာ ကင်းထောက်တာတွေ လုပ်နေတယ်ဆိုပြီး ကြေညာခဲ့ပါတယ်။
စနေနေ့က ဂြိုဟ်တုသစ်က ပို့တဲ့ဓာတ်ပုံတွေကို ကြည့်ပြီး ပြုံးရွှင်နေပုံရတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ ပုံတွေကို အစိုးရရုပ်သံက ပြသခဲ့ပါတယ်။
ဒီထဲမှာ အမေရိကန် စစ်စခန်းတွေနဲ့ စစ်သင်္ဘောပုံတွေ ပါတယ်လို့လည်း ဆိုပါတယ်။
မလေးရှားလေယာဉ်ပျောက်အမှု ကြားနာ
လွန်ခဲ့တဲ့ ၁ဝ နှစ်လောက်က တရုတ်ပြည်သွားခရီးမှာ ပျောက်ဆုံးသွားတဲ့ မလေးရှား လေကြောင်းပိုင် MH370 လေယာဉ်ပေါ်မှာ လိုက်ပါသွားတဲ့ ဆွေမျိုးတွေအတွက် ကျန်ရစ်သူ မိသားစုတွေက လျော်ကြေးရဖို့ ဘေဂျင်းတရားရုံး ကြားနာပွဲကို တက်နေကြပါတယ်။
လူ ၂၃၉ ယောက် လိုက်ပါလာတဲ့ လေယာဉ်ဟာ ၂၀၁၄ ခုနှစ်က ကွာလာလမ်ပူကနေ ဘေဂျင်းကို ပျံသန်းနေစဉ် ရေဒါမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။
အပျက်အစီးအပိုင်းအစ အများအပြား ရှာတွေ့ခဲ့လို့ ပျက်ကျသွားပြီလို့ ယူဆနေကြပါတယ်။
တရုတ်ခရီးသည် အများအပြား လေယာဉ်ပျက်ကျရာမှာ ပါသွားတဲ့အတွက် ဘေဂျင်းမှာ လျော်ကြေး ကိစ္စ ကြားနာနေတာ ဖြစ်နေပါတယ်။
လေယာဉ်ထုတ်တဲ့ ဘိုးရင်းလေယာဉ်ကုမ္ပဏီနဲ့ အားလီယန့်ဇ် အာမခံကုမ္ပဏီကြီး အပေါ် တရုတ် တရားရုံးရဲ့ စီရင်ပိုင်ခွင့် ရှိမရှိကတော့ မသဲကွဲ ဖြစ်နေပါတယ်။
ရှားပါး ဆူမတြားကြံ့ပေါက် ဖွားမြင်
မျိုးတုံးလုနီးပါး ဖြစ်နေတဲ့ ဆူမတြား ကြံ့တကောင် မွေးဖွားတယ်လို့ အင်ဒိုနီးရှား အာဏာပိုင်တွေက ကြေညာခဲ့ပါတယ်။
ဆူမတြားနဲ့ ဘော်နီယိုကျွန်းတွေမှာ ဒီကြံ့အကောင်ရေ ၈ဝ တောင် မရှိတော့ဘူးလို့ ခန့်မှန်းထားကြပါတယ်။
ဆူမတြားကျွန်းက ဝေးကမ်းဘတ်စ် အမျိုးသားဥယျာဉ်မှာ ကြံ့ထီးလေးကို မွေးဖွားခဲ့တာဖြစ်ပြီး တောရိုင်းတပိုင်း မျိုးပွားရေး အစီအစဉ်နဲ့ ရတဲ့ ကြံ့ပေါက် ဖြစ်ပါတယ်။
အိန္ဒိယမှာ မိုးကြိုးပစ်လို့ ၂၄ ယောက်သေ
အိန္ဒိယအနောက်ပိုင်းက ဂူဂျာရတ်ပြည်နယ်မှာ မုန်တိုင်းကျ မိုးကြိုးပစ်လို့ အနည်းဆုံး လူ ၂၄ ယောက် သေဆုံးခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။
ဒီပြည်နယ်မှာ ဆောင်းတွင်းမှာ ဒီလို မိုးကြီးလေ့မရှိဘဲ ရေအရှိန်ပြင်းလို့ လူအများအပြား အငိုက်မိကုန်ကြတယ်လို့ မိုးလေဝသပညာရှင်တွေက ဆိုပါတယ်။
မိုးကြောင့် အိမ်တွေပျက်စီးပြီး ကျွဲနွားတွေ သေဆုံးခဲ့ပါတယ်။
နှစ်စဉ် မုတ်သုန်မိုးကြောင့် အိန္ဒိယနိုင်ငံအနှံ့ အပျက်အစီးအထိအခိုက် ရှိတတ်ပေမယ့် ကမ္ဘာ့အပူချိန် မြင့်တက်လာမှုကြောင့် ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေ ရှိလာတယ်လို့ ကျွမ်းကျင်သူတွေက ယူဆပါတယ်။