ဇူလိုင် ၁၀ ရက် ထိပ်တန်းထိပ်တန်းသတင်းများ- ရေဦးနယ်ထဲက ရေမျက်ရွာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရ

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း၊ ‌ရေဦးမြို့နယ်၊ ရေမျက်ရွာဝန်းကျင်ကို ဒီကနေ့ဇူလိုင် ၁၀ ရက် မနက် ၁၀ နာရီက စစ်ကောင်စီက ဂျက်လေယာဉ်နဲ့ ၃ကြိမ်ထက် မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံအချို့နဲ့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက အတည်ပြုပါတယ်။

ရေမျက်ရွာအထက်တန်းကျောင်း နဲ့ ဘုန်းကြီးကျောင်းတဝိုက်ကို အဓိကတိုက်ခိုက်ခဲ့ပြီးအထက်တန်း ကျောင်းကတော့ ဗုံးစတွေ ထိမှန်လို့ ပျက်စီးတာတွေရှိတယ်လို့ ဒေသအခြေစိုက် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ ဒါအပြင် ရေမျက်ရွာဘုန်းကြီးကျောင်းရှေ့မှာမပေါက်ကွဲသေးတဲ့ ဗုံးကျခဲ့တယ်လို့ ဆိုပါတယ်။

နေ့လယ် ၁၂ နာရီအထိ ထိခိုက်မှုမရှိဘူးလို့သိထားရပြီးနောက်ဆက်တွဲအခြေအနေကိုဆက်လက်မေးမြန်းနေပါတယ်။

'' လေယာဥ်မလာခင်ကပဲ မိုးရွာလို့ ကလေးတွေကို ကျောင်းပြန်လွှတ်ထားတာကြောင့် ထိခိုက်တာမရှိတာပါ။ ကျောင်းတက်နေတဲ့အချိန်ဆိုရင်တော့ ကလေးတွေထိကုန်ကြမှာပါ။ အခုထိ(နေ့လယ် ၁၂ နာရီ) သတင်းအရ ထိခိုက်သူမရှိဘူးလို့ပဲသိထားပါတယ်။ ကျောင်းဖွင့်တာကိုဦးတည်ပြီးလာပစ်တယ်လို့ ယူဆတယ်။ အဲဒီရွာမှာတော်လှန်ရေးအဖွဲ့တွေမရှိတာကြာပြီ။ ကျောင်းကတော့ NUG လက်အောက်မှာရှိတဲ့ အခြေအနေပါ'' လို့ ရေဦးမြို့နယ် ဒေသကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

လက်ရှိမှာ ရေမျက်ရွာ ဒေသခံထောင်ချီဟာ ‌‌လေယာဥ်သံကြားကတည်းက ထွက်ပြေးတိမ်းရှောင်နေကြပြီး လေယာဥ်ထပ်လာမှာစိုးရိမ်လို့ ရွာထဲပြန်မဝင်ကြသေးဘူးလို့ သိရပါတယ်။

၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ၂၀ရက်ကလည်း ရေဦးမြို့နယ်၊ ရေမျက်ရွာကို စစ်ကောင်စီတပ်က ‌လေကြောင်းတိုက်ခိုက်ခဲ့လို့ ဒေသခံ အချို့သေဆုံးခဲ့သလို အဲဒီနောက်ရက်မှာ မီးရှို့ခံရတာလည်းရှိခဲ့ပါတယ်။

အာဏာသိမ်း ၂ နှစ်ကျော်အတွင်း ဗကသကျောင်းသား ၁၃ ဦးသေဆုံး၊

စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကစလို့ ဒီကနေ့အချိန်အထိ နိုင်ငံတဝန်းမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(ဗကသ) ကျောင်းသား ၁၃ ယောက် ‌သေဆုံးခဲ့ပြီး အကျဉ်းထောင်နဲ့ စစ်ကြောရေး‌တွေမှာ သေဆုံးသူ ၂ ယောက်ရှိတယ်လို့ ဗကသအဖွဲ့ချုပ်ကနေ သိရပါတယ်။

နောက်ဆုံးဖြစ်ရပ်ကတော့ ပဲခူးခရိုင်ဗကသအဖွဲ့ချုပ်၊ ဒုတိယဥက္ကဋ္ဌ ကိုခန့်လင်းနိုင်ဟာ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကောအကျဉ်းထောင်ကနေ ထောင်ရွှေ့ပြောင်းမယ်လို့ဆိုကာ ခေါ်ထုတ်ခံရပြီးတဲ့နောက် ဇူလိုင် ၇ ရက်မှာ သေဆုံးသွားပြီလို့ သိခဲ့ရတာဖြစ်ပါတယ်။

နောက်ထပ် သေဆုံးကျောင်းသားအများစုကတော့ အာဏာသိမ်းအစောပိုင်းကာလ ၂၀၂၁ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်တွေမှာ သေဆုံးခဲ့တာလို့ ပြောပါတယ်။

"အကျဉ်းထောင်ရောက်ပြီးနဲ့ စစ်ကြောရေးမှာသေဆုံးတာက ကိုခန့်လင်းနိုင်အပါအဝင် ၂ ယောက်ပါ။ ကိုဇင်ကိုထွန်းကတော့ စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။ ၂၀၂၁ ခုနှစ်ကတည်းကပါ" လို့ ဗကသ ပြောရေးဆိုခွင့်ရှိသူက ဘီဘီစီကို ပြောပါတယ်။

ဒါအပြင် ကျောင်းသား ၅၀ ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး အဲ့ဒီထဲမှာ ၃၂ ယောက်ဟာ လက်ရှိအချိန်အထိ အကျဉ်းကျနေဆဲလို့ ဗကသအဖွဲ့ချုပ်ကနေ သိရပါတယ်။ အကျဉ်းကျနေသူအများစုဟာ ထောင်ဒဏ် ၃ နှစ်ကနေ တသက်တကျွန်းအထိ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။

တသက်တကျွန်းပြစ်ဒဏ်ချခံရသူ ၃ ယောက်နဲ့ သေဒဏ်ချခံရသူ ၁ ယောက်ရှိတယ်လို့ ဗကသက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ နောက်ဆုံးထုတ်ပြန်ချက်အရလည်း ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၂၅ ယောက်သေဆုံးထားပါတယ်။ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ကျောင်းသားပေါင်း ၁၂၀၆ ယောက်ရှိပြီး အဲဒီထဲက ၇၁၆ ယောက်ကတော့ ထိန်းသိမ်းခံထားရဆဲဖြစ်ပါတယ်။ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသား ၁၄၀ ဝန်းကျင်ရှိပြီး သေဒဏ်ချမှတ်ခံထားရတဲ့ ကျောင်းသား ၇ ယောက်အထိရှိနေပါတယ်။

ချင်းမိုင်မှာ တရားမဝင်စားသောက်ဆိုင်ဖွင့်မှုနဲ့ မြန်မာ ၁၁ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမြောက်ပိုင်းက ချင်းမိုင်မြို့မှာ တရားမဝင်စားသောက်ဆိုင်ဖွင့်ပြီး ရောင်းချနေတဲ့ မြန်မာဆိုင်ရှင် ၁ ဦးနဲ့ အလုပ်သမား ၁၀ ဦးကို ချင်းမိုင်ခရိုင် လူဝင်မှုကြီးကြပ်ရေးဌာနက ဖမ်းဆီးလိုက်ပါတယ်။

ချင်းမိုင်မြို့၊ ချန်းဖုအရပ်မှာရှိတဲ့အဲဒီစားသောက်ဆိုင်ကို ထိုင်းလဝက ရဲတပ်ဖွဲ့က ဝင်ရောက်စစ်ဆေးချိန် ဇူလိုင်လ ၇ ရက်မှာ ဖမ်းဆီးခဲ့တာလို့ ချင်းမိုင်လဝကဘက်က သတင်းထုတ်ပြန်ပါတယ်။

ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့နိုင်ငံခြားသားတွေဟာ ထိုင်းနိုင်ငံသားတွေသာ လုပ်ခွင့်ရှိတဲ့အလုပ်အကိုင် တွေကို ဝင်ရောက်လုပ်ကိုင်နေတာကို တိုက်ဖျက်မှု တစ်စိတ်တစ်ပိုင်းအနေနဲ့ ဆိုင်တွေကို ဝင်ရောက်စစ်ဆေးချိန် အခုလိုဖမ်းဆီးခဲ့တာလို့လည်းဆိုပါတယ်။

ဆိုင်ရှင်မြန်မာဟာ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်နေတယ်ဆိုတာကို တွေ့ရသလို အလုပ်သမား ၁၀ ဦး ဟာလည်း အဲဒီမှာ တစ်လကို လုပ်ခလစာ ထိုင်းဘတ် ၈,၀၀၀ နဲ့ အလုပ်လုပ်ကိုင်နေတာ ၁ နှစ်နီးပါးရှိပြီ ဆိုတာကို ကာယကံရှင်တွေက ဝန်ခံထားတယ်လို့လည်း ချင်းမိုင်လဝကက ပြောပါတယ်။

ချင်းမိုင်မှာ တရုတ်နိုင်ငံသားအများစုပါဝင်တဲ့ နိုင်ငံခြားသားတွေဟာ ပြည်ဝင်ခွင့်(ဗီဇာ)အတုပြုလုပ်ပြီး နေထိုင်နေတယ်ဆိုတာကို အခုနှစ်အစောပိုင်းကစလို့ ထိုင်းလဝကက စုံစမ်းတွေ့ရှိခဲ့အပြီးမှာ အခုလိုရှောင် တခင်စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ကလေးသူငယ်တွေ ထိခိုက်မှုတိုးလာတယ်ဆိုတဲ့ ကုလပြောဆိုချက် စစ်ကောင်စီ ပယ်ချ

မြန်မာမှာ ကလေးသူငယ်သေဆုံးထိခိုက်တဲ့အရေအတွက်ဟာ အရင်နှစ်ကထက်စာရင် ၅ ရာခိုင်နှုန်းအထိ တိုးလာတယ်ဆိုတဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ရဲ့ ကလေးသူငယ်များနဲ့ လက်နက်ကိုင်ပဋိပက္ခဆိုင်ရာနှစ်ပတ်လည်အစီရင်ခံစာကို စစ်ကောင်စီက ကန့်ကွက်ပယ်ချလိုက်ပါတယ်။

အစီရင်ခံစာထဲမှာ ပဋိပက္ခအတွင်း ကလေးငယ် ထိခိုက်မှုဟာ ၂၀၂၂ ခုနှစ်အတွင်း အယောက် ၇,၀၀၀ နီးပါးအထိရှိတယ်လို့ပြောထားတာဖြစ်ပြီး ဒါကို ကန့်ကွက်ပယ်ချတဲ့အကြောင်း စစ်ကောင်စီဘက်က ဒီနေ့ထုတ် သတင်းစာမှာ ပြောလာတာပါ။

အစီရင်ခံစာထဲက ကိန်းဂဏန်းတွေဟာ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေဖြစ်လို့ မြန်မာက ကန့်ကွယ်ပယ်ချပြီး အပြုသဘောဆောင်တဲ့ ချဉ်းကပ်မှုနဲ့ ဆောင်ရွက်ဖို့ တောင်းဆိုတယ်လို့ ဆိုပါတယ်။၂၀၂၂ ခုနှစ်အတွင်း ကလေးသူငယ်သေဆုံးအဖမ်းခံရတာနဲ့ပတ်သက်လို့ အချက်အလက်တောင်းခံမှု ၅ ကြိမ်ပဲရရှိခဲ့ပြီး အခု ကုလရဲ့ အရေအတွက်ဟာ ၁၂ ‌ဆ ကနေ အဆ ၃၀ အထိ ဖောင်းပွနေလို့ စိတ်ပျက်တယ်လို့လည်း ပြောပါတယ်။

လက်နက်ကိုင်ပဋိပက္ခအတွင်း ကလေးသူငယ်များအပေါ် ကြီးလေးသော ကျူးလွန်မှုများမှ ကာကွယ်တားဆီးရေးကော်မတီရဲ့ အခုတုံ့ပြန်ချက်မှာဆိုရင် NUG၊ PDF တို့ကြောင့် ကလေးသူငယ် ၉၇ ယောက်သေဆုံးခဲ့ပြီး ၂၇၅ ယောက်ပြင်းထန်ဒဏ်ရာရခဲ့တယ်ဆိုတဲ့အချက်ကို စစ်ကောင်စီက ထောက်ပြပြောဆိုပါတယ်။ ဒီလို ရာဇဝတ်မှုတွေကို ကုလသသမဂ္ဂက ဖုံးကွယ်ဖို့ ကြိုးစားခဲ့တာလို့လည်း စစ်ကောင်စီက ထည့်ရေးထားပါတယ်။

မြန်မာစစ်တပ်ကို ဒီအစီရင်ခံစာရဲ့ နောက်ဆက်တွဲစာရင်းမှာ ထည့်သွင်းခဲ့ပြီး အပြုသဘောမဆောင်တဲ့ အဆင့်တွေကို ဆောင်ရွက်ဖို့ အရိပ်အမြွက်ဖော်ပြလာတာဟာလည်း ပြည်တွင်းက ကလေးသူငယ်တွေအတွက် အကျိုးအတွက် မြန်မာနဲ့ ကုလကြားပူးပေါင်းဆောင်ရွက်မှုတွေမှာ အထောက်အကူမပြုဘူးလို့ ဆိုပါတယ်။

ဘီဘီစီရဲ့ နေ့စဉ်သတင်းမေးမြန်းချက်တွေအရ လက်နက်ကိုင်ပဋိပက္ခတွေထဲ ကလေးသူငယ်သေဆုံးမှုတွေ ဆက်တိုက်ရှိနေပြီး ဇူလိုင် ၈ ရက်က ချင်းပြည်နယ်၊ မင်းတပ်မြို့၊ ဝုမ်းခုမ်ရွာလေကြောင်းတိုက်ခိုက်ခံရလို့ ၉ နှစ်အရွယ်ကလေး ၁ ယောက်သေဆုံးခဲ့ပါတယ်။ တခါ အခုနှစ် ဧပြီလထဲမှာဖြစ်ခဲ့တဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်က ပဇီကြီးရွာလေကြောင်း တိုက်ခိုက်ခံရမှုထဲမှာလည်း ကလေးသူငယ် ၃၅ ယောက်သေဆုံးခဲ့တယ်လို့ NUG ရဲ့ အချက်အလက်တွေက ဖော်ပြထားပါတယ်။