အိန္ဒိယမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၁၁ ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Getty Images
အိန္ဒိယနိုင်ငံတောင်ပိုင်းမှာ ဓာတ်ငွေ့ယိုစိမ့်မှုတစ်ခုဖြစ်ခဲ့တာကြောင့် အနည်းဆုံး လူ ၁၁ ဦးသေဆုံးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
ပန်ချပ်ပြည်နယ်ထဲက ဆိပ်ကမ်းမြို့ လူသီယာနားမှာဖြစ်ပွားတဲ့ ဒီဖြစ်ရပ်မှာ သေဆုံးသူတွေထဲ အမျိုးသမီးနဲ့ကလေးငယ်တွေပါဝင်ပါတယ်။ ဒါ့အပြင် နောက်ထပ် လူတော်တော်များများကိုလည်း သူတို့ရဲ့နေအိမ်တွေထဲမှာ သတိမေ့မြောလျက်အနေအထားနဲ့တွေ့ခဲ့ရပါတယ်။
ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်တဲ့နေရာကို လူဝင်လူထွက်ပိတ်လိုက်ပြီဖြစ်ပြီး အသက်ရှုရခက်ခဲနေတဲ့ဒေသခံတေွကိုလည်း ဘေးလွတ်ရာရွှေ့ပြောင်းပေးထားတယ်လို့ သိရပါတယ်။ နောက်ထပ် လူ ၄ ဦးဟာလည်း ဆေးရုံမှာ ကုသမှုခံယူနေရပါတယ်။
သက်ဆိုင်ရာခရိုင်အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်တဲ့ကြေညာချက်မှာတော့ ယိုစိမ့်မှုဖြစ်တဲ့နေရာတဝိုက်မှာ ဟိုက်ဒြိုဂျင် ဆာလ်ဖိုက် ဓာတ်ငွေ့တွေ အများကြီးရှိနေတယ်ဆိုတာကို ပြောထားတယ်လို့ အိန္ဒိယသတင်းစာ The Tribune က သတင်းဖော်ပြပါတယ်။
အဲဒီမတိုင်ခင်တုန်းကတော့ ဓာတ်ငွေ့ဟာ မြေအောက် ရေဆိုးပြွန်ကို ဆင်းဖို့ဖောက်ထားတဲ့ လူဆင်းပေါက်တနေရာရာကနေ ယိုစိမ့်ထွက်လာတာဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုထားပါတယ်။
မြို့ဒုတိယမဟာမင်းကြီး ဆုရာဟီမာလိခ်ကတော့'' မြေအောက်ရေဆိုးပြွန် လူဆင်းပေါက်တွေကနေ ဓာတ်ငွေ နမူနာတွေကို ကျွန်တော်တို့ စုဆောင်းနေပါတယ်။ အဲဒီ လူဆင်းပေါက်တွေထဲက မီသိန်းဓာတ်ငွေ့နဲ့ ဓာတုပစ္စည်းအချို့ ဓာတ်ပြုမှုဖြစ်တာဖြစ်နိုင်တယ်'' လို့ ပြောဆိုထားတဲ့အကြောင်း PTI သတင်းမှာဖော်ြပပါတယ်။
သက်ဆိုင်ရာမြို့နယ်အမတ် Rajinder Pal Kaur Chhina ကတော့ ဓာတ်ငွေ့ယိုစိမ့်မှုဟာ နွားနို့ရောင်းချတဲ့ဆိုင်တစ်ဆိုင်နားမှာဖြစ်ပွားခဲ့တာဖြစ်ပြီး ''မနက်ခင်း နွားနို့လာဝယ်ကြတဲ့သူတွေ ဆိုင်ပြင်မှာမေ့လဲကျကုန်တယ်'' လို့ ရိုက်တာသတင်းဌာနကို ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူသီယာနားမြို့၊ Giaspura အရပ်က အခင်းဖြစ်တဲ့နေရာကို သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ကို အာဏာပိုင်တွေက စေလွှတ်ထားပါတယ်။ အဲဒီပတ်ဝန်းကျင်ဟာ စက်ရုံတွေရှိနေတဲ့နေရာဖြစ်ပါတယ်။
အိန္ဒိယမှာ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ရပ်တွေဟာ ဖြစ်တောင့်ဖြစ်ခဲတော့ မဟုတ်ပါဘူး။
ပြီးခဲ့တဲ့ ၃ နှစ်တုန်းကလည်း အန်ဒရာ ပရာဒတ်ရှ်ပြည်နယ်၊ ဝိသာခပတ္တနမ်မြို့က ဓာတုစက်ရုံတစ်ရုံမှာ ဓာတ်ငွေ့ ယိုစမ့်မှုဖြစ်လို့ လူ ၁၂ ဦးသေဆုံးခဲ့ပါတယ်။
ဒါ့အပြင် ၁၉၈၄ ခုနှစ်တုန်းက အိန္ဒိယနိုင်ငံအလယ်ပိုင်း Bhopal မြို့က ပိုးသတ်ဆေးစက်ရုံမှာ ဓာတုယိုစိမ့်မှုဖြစ်ခဲ့တာကြောင့် ထောင်နဲ့ချီတဲ့လူတွေ သေဆုံးခဲ့ပြီး အဲဒီဖြစ်ရပ်ဟာ ဓာတုလုပ်ငန်းနယ်ပယ်မှာ ကမ္ဘာ့အဆင့် အဆိုးရွားဆုံးဖြစ်ရပ်အဖြစ် အများက ယူဆခံထားရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
''ကျွန်တော့် ညီမိသားစု သေဆုံးခဲ့တယ်'' လို့ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်တဲ့နေရာအနီးနားမှာပဲ နေထိုင်တဲ့ ကာပီ ကူးမားက ပြောပါတယ်။ ''သူတို့အိမ်မှာဆို မိသားစု ၅ ဦးရှိတာ။ အခုတစ်ယောက်မှ အသက်ရှင်ကျန်ရစ်တာမရှိဘူး'' လို့ သူက ဆိုပါတယ်။
သတင်းတွေမှာတော့ အဲဒီနေရာဟာ အဆေးဆိုင်၊ ကုန်စုံဆိုင်နဲ့ ဆေးခန်းလို ဆိုင်တွေများတဲ့နေရာဖြစ်ပြီး လူသွားလူလာလည်း များတဲ့နေရာလို့ ဖော်ပြပါတယ်။
ကာပီကူးမားနဲ့ညီ ဘီလာကူးမားဟာ ကုန်စုံဆိုင်အနီးမှာနေထိုင်တာဖြစ်ပြီး ဘီလာကူးမား၊ သူ့ဇနီး ဒေဝီနဲ့ သူတို့ကလေး ၃ ဦးဟာ ဓာတ်ငွေ့ရှူမိပြီးသေဆုံးခဲ့တယ်တာလို့ သူက ပြောပါတယ်။
တနင်္ဂနွေနေ့မနက်ပိုင်းမှာ ဓာတ်ငွေ့နံ့ရတော့ ဒေသခံတွေဟာ အိမ်အပြင်ထွက်ပြီး ဒီအနံ့ဘယ်ကလာလဲဆိုတာကို လိုက်စစ်ခဲ့ကြပါသေးတယ်။
''မနေ့က မိုးရွာတယ်ထင်တော့ မိုးကြောင့် ဒီအနံ့ထွက်တယ်ပေါ့။ ဒါပေမဲ့ အနံ့က ပိုပြင်းလာတယ်'' လို့ ဒေသခံတစ်ဦးဖြစ်သူ ရှီဗန်ဆင်းက ပြောပါတယ်။ ''အပြင်ထွက်ကြည့်တော့ လူတွေ မြေပေါ်လဲကျတာမြင်ရတယ်။ အနံ့ကလည်း ဆိုးလိုက်တာပါ။ လမ်းပေါ်မှာ ကြောင်တစ်ကောင်သေနေတာကိုတောင်တွေ့ခဲ့ရတယ်''
ဂျာလန်ဒါမြို့မှာနေထိုင်တဲ့ အာဂျေးဂုတာကတော့ သူ့ညီမငယ် ပရီတီဟာ သူ့မင်္ဂလာ နှစ်ပတ်လည်အတွက် တနင်္ဂနွေနေ့ မနက် ၆ နာရီခွဲမှာ ဖုန်းဆက် ဆုတောင်းပေးခဲ့ပြီး ''နောက်တစ်နာရီအကြာမှာ ဖုန်းရတော့ ကျွန်တော့်ညီမ ဆုံးပြီတဲ့'' လို့ ပြောပါတယ်။
''ကျွန်တော့်ယောက်ဖက နို့ဆိုင်နဲ့ ကုန်စုံဆိုင်ပိုင်တယ်''လို့ မစ္စတာဂုတာက ပြောပြီး ''ဓာတ်ငွေ့ယိုစိမ့်တော့ သူတို့ အားလုံး အပြင်ထွက်ပြေးကြတာ''
သူ့ယောက်ဖရော၊ ယောက်ဖရဲ့ မိခင်ရော သေဆုံးခဲ့ပါတယ်။
အာရှ်ဝါနီ ကူးမားကတော့ အိမ်နီးချင်းက ဖုန်းဆက်လို့ ဓာတ်ငွေ့ယိုစိမ့်တဲ့နေရာကို အပြေးရောက်ခဲ့တယ်လို့ ပြောပါတယ်။
''(ကျွန်တော် အဲဒီကိုရောက်တော့)ကျွန်တော့်ညီ နာနီးကူးမားနဲ့ ခယ်မ နီတူဒေဝီတို့ မြေပေါ်လဲကျနေပြီ။ သူတို့နှစ်ယောက်လံုးဆုံးပါခဲ့ပါတယ်။ သူ့တို့ရဲ့ ၁၇ နှစ်အရွယ် သမီးနဲ့ ကျွန်တော့်ညီ တစ်ယောက်တော့ အသက်ရှင်ပါတယ်''လို့ သူက ပြောပါတယ်။
အသက်ရှင်ကျန်တဲ့ သူ့ညီကတော့ အခုထိ ဆေးရုံမှာ ကုသမှုခံယူနေရတုန်းဖြစ်ပါတယ်။
ပန်ချပ်ပြည်နယ်အစိုးရကတော့ သေဆုံးသူတွေရဲ့မိသားစုဝင်တွေကို နစ်နာကြေး ရူပီးငွေ ၂ သိန်းနဲ့ ထိခိုက်သူတွေကိုတော့ ရူပီးငွေ ၅ သောင်း နစ်နာကြေးပေးမယ်လို့ ကြေညာပါတယ်။
ဒါပေမဲ့ မစ္စတာ ဂုတာကတော့ နစ်နာကြေးဟာ''အရေးမကြီးဘူး''လို့ ပြောပါတယ်။
''ကျွန်တော့် မိသားစု မရှိတော့ဘူးလေ''လို့ သူက ပြောပါတယ်








