နိုဝင်ဘာ ၂၄ ရက်ထိပ်တန်းသတင်းများ - ကျန်းမာရေးဝန်ထမ်းတွေ မရှိတော့လို့ ဘုတလင်ပြည်သူ့ဆေးရုံ ပိတ်လိုက်ရ

ရေးသားခဲ့သည်။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင် ဘုတလင်မြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးရုံအုပ်အပါအဝင် ကျန်းမာရေးဝန်ထမ်းတွေ တစ်ဦးမှမရှိတော့တာကြောင့် နိုဝင်ဘာ ၁၉ ရက်တည်းက ဆေးရုံပိတ်ထားရတယ်လို့ ဒေသခံတွေက ဘီဘီစီကိုပြောပါတယ်။

ဆရာဝန်ကြီး အပါအဝင် ဝန်ထမ်း ၁၅ ဦး CDM ပြုလုပ်သွားတဲ့ အတွက် ဆေးရုံကို ပိတ်ထားရသလို လူနာတွေကိုလည်း ရွှေ့ပြောင်းထားရတယ်လို့ဆိုပါတယ်။

“အခုထိတော့ အတိအကျမသိဘူး။ အဲဒီနေ့တုန်းက လူနာတွေရော ဝန်ထမ်းတွေ‌ရော ဆေးရုံထဲကနေ နေ့တွင်းချင်း အကုန်သိမ်းပြီး ဆေးရုံကနေ ထွက်သွားကြတာပဲ။ လက်နက်ကြီးတွေကျတော့မယ်ဆိုပြီးတော့ကြားလို့ ဆေးရုံကနေ ထွက်ပြေးတာလို့လည်းကြားတယ်”လို့ ဒေသခံတစ်ဦးကပြောတာဖြစ်ပါတယ်။

တချို့ ထွက်ပေါ်နေတဲ့သတင်းတွေအရတော့ ဆေးရုံဝန်းကျင်မှာ ဒရုန်းဝဲလာ တာ တွေ့ပြီးနောက်ပိုင်း ဆေးရုံကို ပိတ်ထားရတာလို့ ပြောပေမဲ့ ဆေးရုံက ဝန်ထမ်းတွေနဲ့ နီးစပ်သူတွေရဲ့ ပြောဆိုချက်အတွင်းသတင်းအရတော့ CDM ပြုလုပ်သွားတယ်လို့သာ အတည်ပြုပါတယ်။

ဘုတလင်မြို့ပေါ်နဲ့ အနီးနားကရွာတွေကို စစ်ကောင်စီတပ်ဘက်ကပစ်တဲ့ လက်နက်ကြီးမကြာခဏ ကျရောက်တာမျိုးရှိပြီး အာဏာသိမ်းပြီးကာလတည်းက လက်နက်ကြီးကြောင့် သေဆုံးတဲ့သူ ၂ ယောက်ရှိပြီလို့ ဒေသခံက ပြောပါတယ်။

စစ်ကောင်စီအာဏာသိမ်းတဲ့အချိန်ကစလို့ လက်ရှိအချိန်အထိ ဘုတလင်မြို့မှာ အင်တာနက်လိုင်းတွေဖြတ်တောက်ခံထားရတာလည်းဖြစ်ပါတယ်။ ဘုတလင်မြို့မှာ စစ်ကောင်စီလက်အောက်ခံ ရုံးတွေကဝန်ထမ်းတော်တော်များများ CDM လုပ်သွားကြသူတွေရှိတဲ့အတွက် ရုံးတွေပိတ်လိုက်ရတာမျိုးရှိပြီး စည်ပင်ရုံးနဲ့ ကျန်တဲ့ရုံးတချို့ကတော့ စစ်ကောင်စီဘက်က အဲဒီရုံးတွေရဲ့ပတ်ဝန်းကျင်ကို ကြိုးတွေနဲ့စည်းတားထားတာကြောင့် ရုံးတက်နေတဲ့သူတွေ ရှိ မရှိ သေချာဝင်ကြည့်လို့မရဘူးလို့သိရပါတယ်။

ပုဏ္ဏားကျွန်းမြို့မဈေး လက်နက်ကြီးကျလို့ မီးလောင်

စစ်ကောင်စီဘက်ကပစ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲလို့ ပုဏ္ဏားကျွန်းမြို့မဈေးမီးလောင်မှုဖြစ်ပွားနေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ နိုဝင်ဘာ ၂၄ ရက် ဒီနေ့ နေ့လယ် ၂ နာရီခွဲအချိန် ပုဏ္ဏားကျွန်းအခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ ၅၅၀ တပ်ရင်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ အဲ့ဒီဈေးထဲကရောက်ပေါက်ကွဲပြီးတော့ အခုလိုမီးလောင်ကျွမ်းသွားခဲ့တာလို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

“အခုမီးလောင်နေပါတယ်။ ဈေးတစ်ခုလုံးလောင်နေတာပါ။ မြို့ကအိမ်တွေကိုမီးမကူးဖို့အတွက် မြို့ခံတွေနဲ့ မီးသတ်ဌာနတို့ ဝိုင်းဝန်းကြိုးစာနေကြပါတယ်”လို့ ပုဏ္ဏားကျွန်းမြို့ခံ တစ်ဦးကပြောပါတယ်။

စစ်ကောင်စီရဲ့ ခလရ ၅၅၀ တပ်ရင်းဟာ ပုဏ္ဏားကျွန်းမြို့ပေါ်မှာတည်ရှိပြီး အခုမီးလောင်မှုဖြစ်ပွားခဲ့တဲ့ ဈေးနဲ့ဆိုရင် တစ်ဖာလုံကျော်လောက်ပဲကွာဝေးတာဖြစ်ပါတယ်။ လက်နက်ကြီးကျည်ကျရောက်မီးလောင်မှုဖြစ်ပွားနေပေမယ့် လူထိခိုက်မှုတော့မရှိဘူးလို့သိရပါတယ်။

တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် အခုလို စစ်ကောင်စီတပ်ရင်းတပ်ဖွဲ့တွေကနေ လက်နက်ကြီးတွေနဲ့ နေရာအနှံ့ပစ်ခတ်နေတာ လေကြောင်းပစ်ခတ်မှုတွေပြုလုပ်နေတာကြောင့် အရင်နေ့တွေကလည်း ဒေသခံအရပ်သားတွေ ထိခိုက်သေဆုံးမှုတွေနဲ့ကြုံနေကြရတာဖြစ်ပါတယ်။

ငါန်းဇွန်မြို့ သံကုန်းကျေးရွာမှာ အမျိုးသမီး ၂ ဦးအပါအဝင် ၇ ဦးသတ်ဖြတ်ခံရ

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့ကနေ ၂ မိုင်ခန့်ကွာဝေးတဲ့ သံကုန်းရွာမှာ အမျိုးသမီး ၂ ဦးအပါအဝင် လူ ၇ ဦးသတ်ဖြတ်ခံရတဲ့ဖြစ်စဥ်ဖြစ်ခဲ့တယ်လို့ ဒေသခံအချို့ကပြောပါတယ်။ဒေသခံအချို့ရဲ့ အပြောအရ ဘယ်သူဘယ်ဝါမသိရတဲ့လူတစ်စုက လာရောက်သတ်ဖြတ်သွားတာလို့ဆိုပါတယ်။

အသတ်ခံရတဲ့သူတွေဟာ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၂ ဦးဖြစ်ပါတယ်။ အဲဒီထဲမှာ ဇနီးမောင်နှံနှစ်ဦးပါဝင်ပြီး ရပ်ကွက်ထဲမှာ ငွေချေးလုပ်ငန်းလုပ်ကိုင်နေတဲ့သူတွေလို့ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ဒီသတ်ခံရတဲ့ဖြစ်စဥ်က နိုဝင်ဘာ ၂၂ ရက်က ဖြစ်ခဲ့တာဖြစ်ပြီး ၅ ဦးဟာ သံကုန်းရွာက ကုန်စုံဆိုင်ထဲမှာ သတ်ဖြတ်ခံခဲ့ကြရတာဖြစ်ပြီး ဇနီးမောင်နှံနှစ်ဦးကိုတော့နေအိမ်မှာလာရောက်ပစ်ခတ်သွားတာလို့ ဆိုပါတယ်။

စစ်ကောင်စီသတင်းတွေကိုဖော်ပြတဲ့တယ်လီဂရမ်ချန်နယ်တွေမှာတော့ ဒီဖြစ်စဥ်ကို ဒေသကာကွယ်ရေးတပ်တွေဘက်ကပစ်ခတ်သတ်ဖြတ်တာလို့ စွပ်စွဲထားပါတယ်။ငါန်းဇွန်မြို့နယ်က ကာကွယ်‌ရေးတပ်ဖွဲ့ တချို့ကတော့ ဒီလူ ၇ ဦးအသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ငြင်းဆိုထားတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။

ထိုင်းလေတပ်ဦးစီးချုပ်အသစ် စစ်ခေါင်းဆောင်နဲ့တွေ့

ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်အသစ် Air Chief Marshal Punpakdee Pattanakul နေပြည်တော်ကိုရောက်နေပြီး နိုဝင်ဘာ ၂၃ ရက်မှာ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ တွေ့ဆုံခဲ့ပါတယ်။

နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်သွားမယ်လို့ ဆွေးနွေးကြတဲ့အကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၉ ရက်က ရုရှားကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ပြီးတဲ့နောက် ပြည်ပဧည့်သည်တော်တစ်ဦးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြန်လည်လက်ခံတွေ့ဆုံတာလည်း ဖြစ်ပါတယ်။

ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်အသစ်ကို စစ်ကောင်စီရဲ့ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင် က ဖိတ်ကြားခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်ကတည်းက နေပြည်တော်ကို ရောက်နေတာ ဖြစ်ပါတယ်။

ထိုင်းနဲ့ မြန်မာလေတပ်ကြားမှာ ဆက်ဆံရေးကောင်းတွေရှိနေပြီး အခုအနားယူသွားပြီဖြစ်တဲ့ ထိုင်းလေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot ဟာ ပြီးခဲ့တဲ့ စက်တင်ဘာက နေပြည်တော်မှာ ကျင်းပတဲ့ အကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို ကိုယ်တိုင် တက်ရောက်ခဲ့ပါတယ်။

အဲဒီတုန်းက အစည်းအဝေး လာတက်တဲ့ အာဆီယံ ငါးနိုင်ငံထဲမှာ ထိုင်းလေတပ်ဦးစီးချုပ်ကိုပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က တွေ့ဆုံခဲ့ပြီး ကျန်တဲ့ လေးနိုင်ငံကတော့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း နဲ့သာ တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

ဘရူနိုင်းလေတပ်ဦးစီးချုပ်၊ ကမ္ဘောဒီးယားလေတပ်ဦးစီးချုပ်၊ လာအိုလေတပ်ဦးစီးချုပ် နဲ့ ဗီယက်နမ်လေတပ်ဦးစီးချုပ် တို့ နေပြည်တော်ကနေ အိမ်ပြန်သွားကြချိန်မှာ ထိုင်းလေတပ်ဦးစီးချုပ်က နေပြည်တော်မှာ ဆက်နေခဲ့ပါသေးတယ်။

မနှစ်က ဇွန်လကုန်တုန်းက စစ်ကောင်စီရဲ့လေယာဥ် ထိုင်းလေပိုင်နက်ထဲအထိ ဝင်ရောက်ပျံသန်းပြီး KNU ကို တိုက်ခိုက်တုန်းက ထိုင်းဘက်က အထိတ်တလန့်ဖြစ်ခဲ့ရပေမဲ့ နှစ်နိုင်ငံလေတပ်အကြား ပြဿနာတစုံတရာ မတက်ခဲ့ကြတာတွေ့ရပါတယ်။

လူပေါင်းများစွာသေကြေပျက်စီးခဲ့တဲ့ ပြည်တွင်းကတိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကိုအားထားခဲ့တာကြောင့် မြန်မာက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အကြိမ် (၂၀) မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို မတက်ရောက်ဖို့နဲ့ အသိအမှတ်မပြုဖို့ ကန့်ကွက်တားမြစ်မှုတွေ ရှိခဲ့ကြပါတယ်။

စစ်ကောင်စီရဲ့ မိုင်းကျက်တပ်စခန်းသိမ်းနိုင်ပြီလို့ TNLA ပြော

လားရှိုးမြို့နယ်၊ မိုင်းယော်တိုက်နယ်၊ မိုင်းကျက်ရွာအနီးမှာရှိတဲ့ စစ်ကောင်စီရဲ့ မိုင်းကျက်တပ်စခန်းကို တအာင်းတပ် TNLA က သိမ်းယူနိုင်ခဲ့တယ်လို့ ဒီကနေ့မနက်မှာ သတင်းထုတ်ပြန်ပါတယ်။

မနေ့ နိုဝင်ဘာ ၂၃ ရက် ညသန်းခေါင်အချိန်မှာ သိမ်းနိုင်ခဲ့တာဖြစ်ပြီး ဒီစခန်းကို မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးစတင်တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့ကတည်းက TNLA တပ်ဖွဲ့ဝင်တွေကစတင်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

မိုင်းကျက်တပ်စခန်းတိုက်ပွဲတွေထဲ စစ်ကောင်စီတပ်ဘက်ကလည်း လေကြောင်းပစ်ကူတွေနဲ့ တောက်လျှောက်တိုက်ပွဲပြင်းထန်ကာ နှစ်ဖက်အကျအဆုံးရှိကြောင်း ကနဦးသတင်းတွေအရသိထားရပြီး စစ်ကောင်စီထောက်ပို့လေယာဉ်နဲ့ပေးပို့တဲ့ လက်နက်ခဲယမ်း‌သေတ္တာတွေကို TNLA ဘက်က ကြားဖြတ်ရယူနိုင်ခဲ့တဲ့ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အခြေစိုက်ရာ လားရှိုးမြို့နယ်ထဲက မိုင်းကျက်စခန်း အပြင် တိန်းတန်စခန်းကိုပါ ၁၀၂၇ စစ်ဆင်ရေးစတင်ကတည်းက TNLA က တိုက်ခိုက်ခဲ့တာဖြစ်ပြီး တိန်းတန်စခန်းကိုတော့ အောက်တိုဘာ ၂၈ ရက်နေ့ကတည်းက သိမ်းယူထားခဲ့ပါတယ်။

မနေ့ည သန်းခေါင်အချိန်မှာပဲ နောက်ထပ်စစ်ရေးတင်းမာနေတဲ့ မူဆယ်မြို့နယ်က စယ်လန့်ရွာမှာ စစ်ကောင်စီကလေကြောင်းတိုက်ခိုက်ခဲ့သလို နမ့်ခမ်းမြို့နယ်၊ သာယာကုန်းရပ်ကွက်မှာလည်း လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် မီးလောင်ကျွမ်းခဲ့တယ်လို့ TNLA က ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ မနေ့ညပိုင်းမှာဖြစ်ခဲ့တဲ့ မိုင်း‌ကျက်၊ မူဆယ်နဲ့ နမ့်ခမ်းမြို့နယ်တွေက ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ တစုံတရာသတင်းထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။