လာအိုသံအမတ်ကြီး ဗိုလ်ချုပ်(ငြိမ်း) မြတ်သက်ဦး စစ်ဆေးခံနေရ

ရေးသားခဲ့သည်။

အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးရာထူးကနေ လာအိုသံအမတ်ကြီးအဖြစ်ပြောင်းရွှေ့တာဝန်ပေးခံရတဲ့ အငြိမ်းစားဗိုလ်ချုပ် မြတ်သက်ဦး စစ်ဆေးခံနေရတယ်လို့ နေပြည်တော်က ဘီဘီစီ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဇွန်လကမှ သံအမတ်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ ဦးမြတ်သက်ဦးကို လာအိုနိုင်ငံကမြန်မာသံရုံးကနေ နေပြည်တော်ကို ပြန်ဆင့်ခေါ်ပြီး စစ်ဆေးနေတာလို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

လာအိုက မြန်မာသံရုံးမှာ ဦးမြတ်သက်ဦးမရှိတော့ဘဲ သံရုံးယာယီတာဝန်ခံက တာဝန်ယူထားတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတစ်ဦးက ဘီဘီစီကို အတည်ပြုပါတယ်။

စစ်တက္ကသိုလ်အပတ်စဉ် (၃၈) ဆင်းဖြစ်တဲ့ ဗိုလ်ချုပ်မြတ်သက်ဦးဟာ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဖြစ်ခဲ့ပြီး ၂၀၂၂ ခုနှစ် သြဂုတ်မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးအဖြစ် ပြောင်းရွေ့တာဝန်ပေးခံခဲ့ရတာ ဖြစ်ပါတယ်။

‘‘အစစ်ဆေးခံနေရတာက မြောက်ပိုင်းတိုင်းတိုင်းမှူးတုန်းက ကိစ္စတွေ’’ လို့ ဒီစစ်ဆေးမှုကို သိရှိသူတစ်ဦးက ပြောပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဖြစ်တဲ့ ဗိုလ်ချုပ်ကိုကိုမောင်ကို အောက်တိုဘာလထဲမှာပဲ စစ်တရားရုံးကနေ ထောင်ဆယ်နှစ်ချခဲ့ပါတယ်။

ယမ်းနဲ့ လက်နက်ခဲယမ်းတွေ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေကိုဖြတ်ပြီး စစ်ကိုင်းတိုင်းက PDF တွေလက်ထဲ ရောက်သွားတဲ့ ကိစ္စနဲ့ဆက်နွှယ်ပြီး ကချင်ပြည်နယ်အခြေစိုက်တပ်အရာရှိတွေ ဖမ်းဆီးစစ်ဆေးခံခဲ့ရတာလို့ စစ်ရုံးကလာတဲ့သတင်းတွေက ဆိုပါတယ်။

ဗိုလ်ချုပ်မြတ်သက်ဦးဟာ ဗိုလ်ချုပ်ကိုကိုမောင်ရဲ့ ‌ရှေ့မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။

‘‘လုပ်ငန်းရှင်တစ်ယောက်ကို သုံးလကျော်လောက်စစ်တယ်။ သူ့ကိုလည်းစစ်ပြီးရော သံအမတ်ကြီးကို ဆင့်ခေါ်လိုက်တော့တာပဲ’’ လို့ နေပြည်တော်က ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။

အာဏာသိမ်းပြီးတဲ့နောက်မှာ စစ်ကောင်စီထဲက ဒုတိယဗိုလ်ချုပ်ကြီး နှစ်ဦးအပါအဝင် စစ်ဗိုလ်ချုပ်တွေ ဖမ်းဆီးထောင်ချခံရမှုတွေ ဆက်တိုက်ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့လပိုင်းက စစ်ဦးစီးအရာရှိချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ သူ့ရဲ့တပည့် ဗိုလ်မှူးချုပ် ရန်နောင်စိုးကို ထောင်ဒဏ် အနှစ် နှစ်ဆယ်စီနဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်ကို ထောင်ဒဏ် ငါးနှစ် ချမှတ်ခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်ဗိုလ်ချုပ်တွေကို ထောင်ဒဏ်ချမှတ်မှုက လာဘ်စားမှုနဲ့ စီးပွားရေးကဏ္ဍတွေကြောင့် ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အခြေစိုက်တိုင်းမှူးတွေ ဖယ်ရှားခံရတာက စစ်ရေးအခြေအနေတွေနဲ့ပါ ဆက်နွှယ်နေပါတယ်။

တော်လှန်ရေးအားကောင်းတဲ့ စစ်ကိုင်းတိုင်းကို မထိန်းချုပ်နိုင်လို့ မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်ကို စစ်ကောင်စီက ၂၀၂၂ ခုနှစ်မှာ ပထမဆုံးဖယ်ရှားခဲ့ပါတယ်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတွေဖြစ်တဲ့ ဗိုလ်ချုပ်မြတ်သက်ဦးနဲ့ ဗိုလ်ချုပ်ကိုကိုမောင်တို့လည်း ဆက်တိုက်အပြောင်းအလဲတွေ ဖြစ်ခဲ့ပါတယ်။

တိုင်းမှူးတွေသာမကဘဲ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုအဓိက ကိုင်တွယ်ရတဲ့ အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်လည်း နေပြည်တော်ကို ပြောင်းရွှေ့ခံခဲ့ရပါတယ်။