စစ်ဦးစီးချုပ်ကို ရာထူးကထုတ်ပယ်လိုက်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် - သြဂုတ်လ ၁၀ရက် ညပိုင်း နိုင်ငံတကာသတင်းများ

ရေးသားခဲ့သည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအွန်းဟာ သူ့ရဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်တယောက်ကို ရာထူးကဖယ်ရှားလိုက်ပြီး စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ကြဖို့ ပန်ကြားလိုက်ပါတယ်။

တပ်အရာရှိတွေနဲ့ အစည်းအဝေးမှာ မစ္စတာကင်မ်က အခုလို ထုတ်ပြန်ကြေညာခဲ့တာလို့ မြောက်ကိုရီးယား အစိုးရမီဒီယာမှာ ဖော်ပြပါတယ်။

လက်နက်တွေပိုတိုးထုတ်ဖို့လည်း သူက ညွှန်ကြားခဲ့ပြီး စစ်ဦးစီးချုပ် ပတ်ခ်ဆူအီးလ်ကို ရာထူးက ထုတ်ပစ်လိုက်ပြီလို့ ဆိုပါတယ်။

အခုလကုန်ပိုင်းလောက်မှာ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ ပူးပေါင်း စစ်ရေးလေ့ကျင့်မယ့် အစီအစဉ်အပေါ် မြောက်ကိုရီးယား ခေါင်းဆောင်ရဲ့ တုံ့ပြန်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီစစ်ရေးလေ့ကျင့်မယ့် အစီအစဉ်ဟာ ကျူးကျော်စစ်အတွက် အကြိုအစမ်းလေ့ကျင့်ကြတာလို့ မြောက်ကိုရီးယား ဘက်က ပြောပါတယ်။

တောင်ကိုရီးယား - သမ္မတဟောင်းကို အသရေဖျက်မှုနဲ့ ဒု လွှတ်တော် ဥက္ကဋ္ဌ ထောင်၆လချခံရ

တောင်ကိုရီးယားမှာတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ သမ္မတဟောင်း ရိုမူဟျွန်း ကို နာမည်ပျက်အောင်လုပ်မှုနဲ့ လွှတ်တော် ဒုဥက္ကဌ ချောင်ဂျင်ဆွတ်ခ် ထောင် ၆လ ချမှတ်ခံခဲ့ရပါတယ်။

၂၀၀၉ ခုနှစ်တုန်းက မစ္စတာ ရို သူ့ကိုယ်သူ သေကြောင်းကြံမှုနဲ့ ပတ်သက်လို့ ဇနီးဖြစ်သူနဲ့ ဆက်ဆံရေး အကြောင်းတွေကို ချောင်ဂျင်ဆွတ်ခ်က ဖေ့စ်ဘွတ်ခ် ပေါ်မှာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒီရေးသားချက်ဟာ မလိုတမာ အညှိုးနဲ့ တိုက်ခိုက်နေသလိုပဲလို့ တရားသူကြီးက ပြောပါတယ်။

အခုလို ချမှတ်လိုက်တဲ့ ပြစ်ဒဏ်ဟာ အမှုလိုက်ရှေ့နေတွေ တောင်းဆိုတဲ့ ငွေဒဏ်ချမှတ်တာထက် ပိုမိုပြင်းထန်ခဲ့ပါတယ်။

မစ္စတာချောင်ရဲ့ အမှုကို တရားရုံးချုပ်မှာ ကြားနာနေစဉ်ကာလကတည်းက သူ့ဟာ အချုပ်ချခံထားရပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ပြန်ခန့်ခံရတဲ့ မစ္စတာ၀မ်ယီရဲ့ အာရှခရီး

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီဟာ ဒေသတွင်း ခရီးစဉ်ရဲ့ ပထမဆုံး တထောက်အဖြစ် စင်္ကာပူကို ရောက်နေပါတယ်။

သူဟာ ကမ္ဘာဒီယားနဲ့ မလေးရှားကိုလည်း သွားရောက်ဖို့ ရှိပါတယ်။

သူ့ရာထူးကို ဆက်ခံခဲ့သူ မစ္စတာ ချင်ကန်း ရုတ်တရက် အတန်ကြာ ပျောက်သွားခဲ့ပြီးနောက် ချင်ကန်းကိုရာထူးကထုတ်ပြီး ပြီးခဲ့တဲ့လတုန်းကမှ သူ့ကိုနိုင်ငံခြားရေးဝန်ကြီး နေရာမှာ သူ့ကို ပြန်ခန့်အပ်ခံခဲ့ရတာပါ။

တောင်တရုတ်ပင်လယ်အရေးကြောင့် ဒေသတွင်း နိုင်ငံတွေနဲ့ တင်းမာမှု ရှိခဲ့တဲ့ တရုတ်အစိုးရဟာ အဲဒီ နိုင်ငံတွေနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ မျှော်လင့်လျက် ရှိပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကတော့ တောင်တရုတ်ပင်လယ်က အငြင်းပွားဖွယ် ကျွန်းစုတွေ ကိစ္စနဲ့ ပတ်သက်လို့ ဖိလစ်ပိုင်နဲ့ တရုတ်တို့ကြား အပြန်အလှန် ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။

ရုရှားထိုးစစ်ဆင်မယ့်နေရာနားက အမြန်ထွက်ခွာဖို့ ယူကရိန်း ဒေသန္တရ အာဏာပိုင် ညွှန်ကြား

ရုရှားရှေ့တန်းစစ်မျက်နှာနားက ဒေသမှာနေတဲ့ သက်ကြီးရွယ်အို နာမကျန်းသူတွေ အနေနဲ့ ရုရှားတိုက်ခိုက်မှုတိုးလာနိုင်တာကြောင့် အဲဒီကအမြန် ထွက်ခွာဖို့ ယူကရိန်း အစိုးရက တိုက်တွန်းထားပါတယ်။

ကိုပရန့်စ်ခ် မြို့တဝိုက်မှာ တိုက်ခိုက်ရေး အဖွဲ့တွေက ထိုးစစ်ဆင်ဖို့ ရှိတယ်လို့ ရုရှားဘက်က ပြောထားတာပါ။

အဲဒီမြို့တဝိုက်မှာ အခြေအနေက ဆိုးနေပေမယ့် သူတို့ ထိန်းချုပ်မှု အောက်မှာ ရှိပါသေးတယ်လို့ ယူကရိန်း စစ်တပ်က အစောပိုင်းတုန်းက ပြောကြားထားပါတယ်။

ဒါပေမယ့် ဒေသန္တရကောင်စီကတော့ အသက်အရွယ်ကြီးရင့်သူတွေနဲ့ နေမကောင်းသူတွေအပြင် ပြေးပြေးလွှားလွှား မလုပ်နိုင်သူတွေ ချက်ချင်း နေရပ်စွန့်ခွာကြဖို့ ပန်ကြားထားပါတယ်။