ဂါဇာမှာ ချက်ချင်း အပစ်ရပ်ဖို့ အာရပ် ထိပ်သီးစည်းဝေး တောင်းဆို- နို၀င်ဘာ ၁၁ ညပိုင်း နိုင်ငံတကာ သတင်းများ

ရေးသားခဲ့သည်။

ဆော်ဒီအာရေးဘီးယား အစိုးရက လက်ခံကျင်းပတဲ့ ဂါဇာ အရေးပေါ် ထိပ်သီးအစည်းအဝေးကနေပြီး ဂါဇာမှာ ချက်ချင်းနဲ့ အမြဲတမ်း အပစ်ရပ်ရေးအတွက် အာရပ်နဲ့ မွတ်ဆလင် တိုင်းပြည်ခေါင်းဆောင်တွေ တောင်းဆိုခဲ့ကြပါတယ်။

ဂါဇာကို ပိတ်ဆို့ထားတာကို ရပ်ဖို့လည်း ဆော်ဒီ အိမ်ရှေ့စံ မိုဟာမက် ဘင် ဆာလ်မန်က တောင်းဆိုခဲ့ပါတယ်။

ပါလက်စတိုင်းပြည်သူတွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် အစ္စရေးမှာ တာဝန်ရှိတယ်လို့ သူက ဆိုပါတယ်။

အစ္စရေးနဲ့ ပါလက်စတိုင်းကြား အမြဲတမ်းအတွက် အဖြေရှာဖို့ နိုင်ငံတကာ ကွန်ဖရင့်တခု ကျင်းပသင့်တယ်လို့လည်း တူရကီ သမ္မတ ရီဂျပ် တေယစ် အာဒိုဝမ်က ဆိုပါတယ်။

အီရန်သမ္မတ အီဘရာဟင်မ် ရိုင်ဆီကတော့ ဂါဇာစစ်ပွဲကို တုံ့ပြန်ဖို့အတွက် အစ္စလာမ္မစ်နိုင်ငံတွေ စည်းလုံးကြဖို့ သူက ဆော်သြခဲ့ပါတယ်။

အပြောထက် လက်တွေ့လုပ်ဖို့ အချိန်ရောက်ပြီလို့လည်း ဆိုပါတယ်။

လန်ဒန်က ပါလက်စတိုင်းထောက်ခံ ဆန္ဒပြပွဲ

ပါလက်စတိုင်း ထောက်ခံတဲ့ ဆန္ဒပြသမားတွေ လန်ဒန်မြို့လယ်က ဟိုက်ပတ် ပန်းခြံမှာ စုဝေးနေကြပါတယ်။

ဒါဟာ ဂါဇာစစ်ပွဲ စပြီးနောက် ဗြိတိန်မှာ အကြီးဆုံး ဆန္ဒပြပွဲ ဖြစ်ပါတယ်။

သိမ်းမြစ်ကို ကျော်ပြီးနေ အမေရိကန်သံရုံးထိ ချီတက်ကြဖို့ ရှိပါတယ်။

လက်ယာစွန်းတွေရဲ့ တန်ပြန်ဆန္ဒပြပွဲတွေကြောင့် အင်အားသုံး ဖြေရှင်းတာတွေ ဖြစ်လာနိုင်တယ်လို့ ရဲက သတိပေးထားပါတယ်။

လန်ဒန်မြို့လယ်မှာ ရဲ ၂,၀၀၀ နီးပါး ချထားပြီး ဆန္ဒပြသူက သောင်းနဲ့ချီမယ်လို့ ခန့်မှန်းနေကြပါတယ်။

ပထမကမ္ဘာစစ်ပြီးတဲ့ နှစ်လည် အခမ်းအနားအပြီးမှာ ချီတက်ပွဲစလို့ အနှောင့်အယှက်တွေ ကြုံမယ်လို့ စိုးရိမ်နေကြပါတယ်။

ဂျပန်စစ်စရိတ် တိုးဖို့ တောင်းဆို

တရုတ်နဲ့ ရုရှားက လုံခြုံရေး စိန်ခေါ်မှုတွေ ပိုဆိုးလာတဲ့အတွက် ကာကွယ်ရေး စရိတ် တိုးမြှင့်ပေးဖို့ ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါက တောင်းဆိုလိုက်ပါတယ်။

တိုကျိုနားက လေတပ်စခန်းတခုမှာ မစ္စတာ ကီရှီဒါ ပြောကြား ခဲ့တာပါ။

ဂျပန်ကျွန်းစု ပတ်လည်က အနေအထားကို တဖက်သတ် ပြောင်းဖို့ ကြံစည်နေကြတာက ပြင်းထန်လာတယ်လို့လည်း သူက ဆိုပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးကတည်းက အပြင်းထန်ဆုံးနဲ့ အရှုပ်ထွေးဆုံး အနေအထား ခြိမ်းခြောက်မှုကို ကြုံနေရတယ်လို့ သူက ဖော်ပြပါတယ်။

တရုတ်နဲ့ ရုရှား ဗုံးကြဲလေယာဉ်တွေ ဂျပန် ပင်လယ်ပြင်နား ကပ်လာပြီးနောက် ကာကွယ်ရေးအင်အားကို တိုးမြှင့်ဖို့ တာဝေးပစ် ဒုံးကျည်တွေ လိုတယ်လို့ ကီရှီဒါက ပြောပါတယ်။

တရုတ်ပြည်က လူပျိုအပျိုနေ့

တရုတ်ပြည်ရဲ့ ဒေါ်လာဘီလျံနဲ့ချီ ရောင်းရတဲ့ လူပျိုအပျိုနေ့ စျေးရောင်းပွဲမှာ အရောင်းသွက်တယ်လို့ သိရပါတယ်။

စောစောပိုင်းကတော့ တရုတ်စီးပွားရေး မကောင်းလို့ လူတွေ ငွေအများကြီး မသုံးနိုင်ဘူး၊ အွန်လိုင်းစျေးသည်တွေ စိတ်ညစ်ကြလိမ့်မယ်ဆိုပြီး ခန့်မှန်းခဲ့ကြပါတယ်။

မနှစ်က တရုတ်ရဲ့ အကြီးဆုံး အွန်လိုင်းအရောင်းကုမ္ပဏီတွေ ဖြစ်တဲ့ အလီဘာဘာနဲ့ ဂျေဒီတို့ရဲ့ အရောင်းစာရင်းတွေရလဒ်တွေကို ထုတ်ပြဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

ဒီ ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်တဲ့ စျေးရောင်းပွဲကို အလီဘာဘာက စကျင်းပလာတာလည်း ဆယ်နှစ်ကျော် ရှိခဲ့ပါပြီ။

တရုတ်ပြည်မှာ အကြွေးပိပြီး အလုပ်လက်မဲ့ထူပြောနေလို့ သာမန်လူအများစု စျေးဝယ်မထွက်နိုင် ဖြစ်နေကြပါတယ်။

လူ လေးပုံသုံးပုံလောက်က ဒီလိုပွဲတော်ရက်တွေမှာ ခါတိုင်းထက်ပိုသုံးဖို့ အစီအစဉ်မရှိတာကို တွေ့ရကြောင်းလည်း စစ်တမ်းတခုက ပြနေပါတယ်။

အိန္ဒိယ အရက်ပုန်း ၁၄ ယောက်သေ

အိန္ဒိယမြောက်ပိုင်းက ဟာယာနားပြည်နယ်မှာ အရက်ပုန်း သောက်မိလို့ အနည်းဆုံး ၁၄ ယောက် သေဆုံးခဲ့ရကြောင်း ရဲက ပြောပါတယ်။

လူအများအပြား ဆေးရုံတင်ခဲ့ရသလို သေသူအများစုဟာလည်း နေ့စား အလုပ်သမားတွေ ဖြစ်ကြပါတယ်။

ဒီလို လူသေစေနိုင်တဲ့ အရက်ကို ရောင်းလို့ လူ ၇ ယောက်ကိုလည်း ဖမ်းထားပါတယ်။

နောက်ထပ်သေသူ အများအပြား ရှိနိုင်တယ်လို့လည်း ဒေသတွင်း သတင်းစာတွေက ရေးပါတယ်။

ခိုးချက်တဲ့အရက်တွေက တရားဝင်ရောင်းတဲ့အရက်ထက် အများကြီး စျေးချိုတဲ့ အိန္ဒိယမှာ နှစ်စဉ် ဒီလို အရက်ပုန်းကြောင့် လူသေမှု ဒါဇင်နဲ့ချီပြီး ရှိခဲ့ပါတယ်။