တရုတ်မှာ လျှပ်စစ်ကားဈေးကွက် တွင်ကျယ်လာရတဲ့ အကြောင်းအရင်းနဲ့ ရှေ့ရေးအလားအလာ

ဘေဂျင်းမြို့

ဓာတ်ပုံ ရင်းမြစ်, Alamy

ဓာတ်ပုံ ပုံစာ, ၂၀၂၂ ခုနှစ် ရောက်ချိန်မှာတော့ ဘေဂျင်းမြို့ရဲ့ ထောင်နဲ့ချီတဲ့ အငှားယာဉ်တွေက လျှပ်စစ် ဘက်ထရီသုံး မောင်းတဲ့ ကားတွေ ဖြစ်နေပြီ ဖြစ်
ရေးသားခဲ့သည်။

အစိုးရတရပ်က နည်းပညာတခုကို တဟုန်ထိုး တွင်ကျယ်စေတဲ့ ဥပမာတခုကို ပြရမယ်ဆိုရင် တရုတ်မြို့တော် ဘေဂျင်းရဲ့ အငှားယာဉ်စနစ်ကို ကြည့်နိုင်ပါတယ်။

ဘေးဂျင်းမြို့တော်မှာ လွန်ခဲ့တဲ့ ငါးနှစ်က ရုပ်ကြွင်းလောင်စာ အသုံးပြုတဲ့ အငှားယာဉ်တွေကို ပိတ်ပင်မယ့် အစီအစဉ် စတင်ခဲ့ပါတယ်။

လက်ရှိ ၂၀၂၂ ခုနှစ် ရောက်ချိန်မှာတော့ ဘေဂျင်းမြို့ရဲ့ ထောင်နဲ့ချီတဲ့ အငှားယာဉ်တွေက လျှပ်စစ် ဘက်ထရီသုံး မောင်းတဲ့ ကားတွေ ဖြစ်နေပြီ ဖြစ်ပါတယ်။

အခုလို လျှပ်စစ်သုံး အငှားယာဉ်မောင်းသူတွေအနေနဲ့ သူတို့ကားက ဘက်ထရီတွေကို အားသွင်းစခန်းတွေမှာ အားသွင်းဖို့ ကိစ္စကိုတောင် ပူစရာမလိုဘူးလို့ ဆိုပါတယ်။

တရုတ်မြို့တော် ဘေဂျင်းအပါအဝင် ဒါဇင်နဲ့ချီတဲ့ တရုတ်မြို့ကြီးတွေမှာ ပြေးဆွဲတဲ့ လျှပ်စစ်ကားတွေ အနေနဲ့ သူတို့ကားက အားကုန်သွားတဲ့ ဘက်ထရီတွေကို ဘက်ထရီလဲပေးတဲ့ စခန်းတွေမှာ မိနစ်ပိုင်းအတွင်း အားသွင်းပြီးသား ဘက်ထရီတွေနဲ့ လဲလှယ်ပြီး ဆက်လက်မောင်းနှင်နေနိုင်ပြီ ဖြစ်ပါတယ်။

အခုလို အနေအထားဟာ တရုတ်နိုင်ငံအတွင်း အမျိုးအစားပုံစံနဲ့တကွ ဈေးကွက်ရော ကျယ်ပြန့် များပြားလာနေတဲ့ အခြေအနေတွေထဲက တခုသာ ဖြစ်ပါတယ်။

သာမန်ပြည်သူတွေဘက်က လျှပ်စစ်ကား ဝယ်ယူမှုကလည်း မကြုံစဖူး အရေအတွက်များပြားလာတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လမှာ တရုတ်ခရီးသည်တင်ကား ဆိုင်ရာ အစည်းအရုံးက ခန့်မှန်းချက် ထုတ်ပြန်ခဲ့ရာမှာ ၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံမှာ လျှပ်စစ်ကားသစ် ခြောက်သန်းအထိ မှတ်ပုံတင်လာကြ လိမ့်မယ်လို့ ဆိုပါတယ်။

ယခင်က အခုလို လျှပ်စစ်ကားသစ် မှတ်ပုံတင်မှု ၅.၅ သန်းသာ ရှိမယ်ဆိုတဲ့ ခန့်မှန်းချက်ကို ပြန်လည် တိုးမြှင့် ပြင်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။

တရုတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်တနိုင်ငံလုံးမှာ မှတ်ပုံတင်လာကြတဲ့ ကားအသစ်တွေထဲက လေးပုံတပုံလောက်အထိဟာ လျှပ်စစ်သီးသန့် ဒါမှမဟုတ် ကြိုးနဲ့အားသွင်းနိုင်တဲ့ လျှပ်စစ်၊ လောင်စာဆီ နှစ်မျိုးသုံးကားတွေ ဖြစ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အမေရိကန် လျှပ်စစ်ကားကုမ္ပဏီကြီး တက်စလာဆိုရင် တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ စက်တင်ဘာလက သူတို့အတွက် အရောင်းရဆုံး စံချိန်တင်ခဲ့ပြီး လျှပ်စစ်ကားစီးရေ ၈၃၁၃၅ စီး ရောင်းထွက်ခဲ့ပါတယ်။

တရုတ်တနိုင်ငံလုံးမှာ မှတ်ပုံတင်လာကြတဲ့ ကားအသစ်တွေထဲက လေးပုံတပုံလောက်အထိဟာ လျှပ်စစ်သီးသန့် ဒါမှမဟုတ် ကြိုးနဲ့အားသွင်းနိုင်တဲ့ လျှပ်စစ်၊ လောင်စာဆီ နှစ်မျိုးသုံးကားတွေ ဖြစ်ကြတယ်လို့လည်း ဆိုပါတယ်။

အခုလို လျှပ်စစ်ကားသစ် မှတ်ပုံတင်တဲ့ အရေအတွက်ဟာ ဥရောပက နိုင်ငံတွေထက်များသလို အမေရိကန်ထက်လည်း သိသိသာသာ များနေတာကို တွေ့ရပါတယ်။

တကမ္ဘာလုံး အနေအထားနဲ့ ကြည့်မယ်ဆိုရင်လည်း တကမ္ဘာလုံးက ထုတ်လုပ်လိုက်သမျှ လျှပ်စစ်ကားတွေရဲ့ တဝက်လောက်က တရုတ်ပြည်မှာ ရောင်းထွက်နေတာကို တွေ့ရမှာ ဖြစ်ပါတယ်။

အခုလို တရုတ်နိုင်ငံမှာ လျှပ်စစ်ကား တွင်ကျယ်နေတဲ့အခြေအနေဟာ အစိုးရအမိန့်နဲ့တကွ ဘဏ္ဍာရေးအရပါ စိုက်ထုတ်ကူညီမှု တို့ကြောင့် ဖြစ်တယ်လို့ ထိုင်ဝမ်နိုင်ငံတော် တက္ကသိုလ်က ပညာရှင် ယွန်လီဆာရှားက ပြောပါတယ်။

တရုတ်အစိုးရဟာ အများပြည်သူတွေ လျှပ်စစ်ကား ဝယ်မယ်ဆိုရင် အစိုးရက တချို့တဝက် ကျခံ စိုက်ထုတ်ပေးနေတာ ဆယ်စုနှစ် တခုကျော်နေပြီလည်း ဖြစ်ပါတယ်။

အခုလို စိုက်ထုတ်ပေးလာတဲ့ ပမာဏကတော့ အချိန်ကြာလာတာနဲ့အမျှ နည်းလာပြီး အဲဒီ စိုက်ထုတ်ပေးမှု အစီအစဉ်က ၂၀၂၃ မှာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။

ဝူလင်းဟောင်ကွမ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အဆင့်မြင့်မြင့် မဟုတ်တဲ့ အခြေခံကား ဝူလင်းဟောင်ကွမ်း ကားတွေဆိုရင် တစီးကို ပေါင်စတာလင်ငွေနဲ့ တွက်ရင် ၄၂၀ဝ လောက်သာ ကျသင့်

အခုလို စိုက်ထုတ်ပေးမှု အစီအစဉ်က သက်တမ်းကုန်တော့မှာ ဖြစ်ပေမယ့်လည်း တရုတ်နိုင်ငံမှာ လျှပ်စစ်ကား ဝယ်စီးတာက ဘဏ္ဍာရေးအရ တွက်ချေ ကိုက်ရတဲ့ အကြောင်းအချက်တွေ အများကြီး ရှိနေသေးတယ်လို့ ဆိုပါတယ်။

လက်ရှိ တရုတ်နိုင်ငံမှာ သမားရိုးကျ ရုပ်ကြွင်းလောင်စာနဲ့ မောင်းနှင်တဲ့ ကားသစ်တွေကို ဝယ်ယူသူတွေ အနေနဲ့ ကားလိုင်စင်ပြား ရဖို့အတွက်ပါ ထပ်ဆောင်း ပိုက်ဆံ ပေးဖို့ လိုအပ်ပါတယ်။

အခုလို လိုင်စင်ပြားအတွက် ထပ်ဆောင်းပေးရတဲ့ တန်ဖိုးက အလွန်ဈေးကြီးပြီး ဥပမာ ရှန်ဟိုင်းမြို့မှာ ဆိုရင် ယွမ် တသိန်း (အမေရိကန်ဒေါ်လာ ၁၄၀ဝ၀) အထိ ပေးရတယ်လို့ မစ္စတာ ရှားက ဆိုပါတယ်။

အခုလို လျှပ်စစ်ကားဝယ်မယ်ဆိုရင် မပေးရတဲ့ အလားတူ အခွင့်အရေးတွေလည်း ရှိသေးပြီး တရုတ်နိုင်ငံအနှံ့က မြို့အလိုက် ကွာခြားမှုတော့ ရှိတယ်လို့ ဆိုပါတယ်။

ဥပမာအားဖြင့် လွီကျိုးမြို့မှာ ဆိုရင် လျှပ်စစ်ကားတွေကို ခရီးသည်တင် ဘတ်စ်ကားသီးသန့် လမ်းပိုင်းပေါ်ကို တက်မောင်းခွင့်ပေးထားပြီး အခမဲ့ ကားရပ်နားနိုင်တဲ့ နေရာတွေကိုလည်း ပေးထားပါတယ်။

တရုတ်နိုင်ငံမှာ လျှပ်စစ်ကားတွေ အဝယ်များရတဲ့ နောက်ထပ် အကြောင်းအရင်းတခုကတော့ ပုံမှန်အားဖြင့် လျှပ်စစ်ကားတွေက ရုပ်ကြွင်းလောင်စာသုံး ကားတွေထက် ဈေးများလေ့ရှိတဲ့ကြားက ပြည်တွင်းမှာ သက်သာအောင် ထုတ်နိုင်တာလည်း တကြောင်းဖြစ်ပါတယ်။

ဥပမာအားဖြင့် တရုတ်ပြည်တွင်းမှာ ထုတ်လုပ်တဲ့ ဝူလင်းဟောင်ကွမ်း မီနီ လျှပ်စစ်ကားဆိုရင် တရုတ်ပြည်တွင်းမှာ လျှပ်စစ်ကားတွေ အမြောက်အများ ရောင်းရစေဖို့အတွက် အကြောင်းအရင်းတခု ဖြစ်ခဲ့ပါတယ်။

အဲဒီ အဆင့်မြင့်မြင့် မဟုတ်တဲ့ အခြေခံကား ဝူလင်းဟောင်ကွမ်း ကားတွေဆိုရင် တစီးကို ပေါင်စတာလင်ငွေနဲ့ တွက်ရင် ၄၂၀ဝ လောက်သာ ကျသင့်ပြီး ပထမဆုံး ကားစဝယ်သူတွေနဲ့ မြို့နေလူတန်းစားတွေက သဘောကျကြတယ်လို့ Stormcrow Capital ဆိုတဲ့ အကြံပေးနဲ့ သုတေသနအဖွဲ့ရဲ့ ဥက္ကဋ္ဌနဲ့ ဒါရိုက်တာဖြစ်သူ ယွန်ဟေကာဗေက ဆိုပါတယ်။

ဒီကားတွေဟာ အာရှတဝိုက်မှာ အများကြီး ရောင်းထွက်သွားနိုင်တယ်လို့လည်း သူက ဆိုပါတယ်။

လျှပ်စစ်ကား

ဓာတ်ပုံ ရင်းမြစ်, lotus

ဓာတ်ပုံ ပုံစာ, သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေးဆိုင်ရာ စနစ်တွေ၊ တခြား နည်းပညာကိရိယာတွေကို ပိုမိုထည့်သွင်းလာပြီး ဝယ်သူတွေကို ဆက်လက် စွဲဆောင်ထားဖို့လည်း ကြိုးပမ်းနေကြ

ဟောင်ကွမ်းမီနီလို ဈေးသက်သာတဲ့ကားက လက်ရှိ တရုတ်နိုင်ငံမှာ လူကြိုက်အများဆုံး လျှပ်စစ်ကားဖြစ်နေတယ် ဆိုပေမယ့်လည်း တရုတ်မှာ အရောင်းရဆုံး ကားစာရင်းထဲမှာ ဈေးကြီးတဲ့ ကားတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။

တရုတ်ပြည်တွင်း ထိပ်တန်း အရောင်းရဆုံး လျှပ်စစ်ကား ဆယ်မျိုးထဲမှာဆိုရင် တစီးကို စတာလင်ပေါင်ငွေ ၄၉၀ဝ၀ တန်ဖိုးရှိတဲ့ တက်စလာရဲ့ မော်ဒယ်ဝိုင် လျှပ်စစ်ကားသာမက တရုတ်ပြည်တွင်း ရှောင်ပန်း ကုမ္ပဏီက ထုတ်လုပ်တဲ့ စတာလင်ပေါင်ငွေ ၃၀၄၁၀ တန် ပီဆဲဗင်း ကားတွေပါ ပါဝင်နေတာ ဖြစ်ပါတယ်။

အခုလို တရုတ်နိုင်ငံ လျှပ်စစ်ကားဈေးကွက်ဟာ အပြိုင်အဆိုင်ရှိလှပြီး ကုမ္ပဏီအများအပြားက ဈေးကွက်နေရာရဖို့ ကြိုးစားနေကြပါတယ်။

အဲဒီအထဲမှာ တရုတ်လေကြောင်းလိုင်း တခုဖြစ်တဲ့ ကျွန်းယောင် ကုမ္ပဏီပါ ပါဝင်လာပြီး ဒီကုမ္ပဏီက လျှပ်စစ်ကားတွေ စတင်ထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ရိုက်တာ သတင်းဌာနက ဆိုပါတယ်။

တရုတ်ပြည်တွင်း လျှပ်စစ်ကားဈေးကွက် အနေအထားဟာ ကုမ္ပဏီတွေ နည်းပညာ အဆင့်မြှင့်ဖို့အတွက် ရေခံမြေခံ ကောင်းတဲ့နေရာ ဖြစ်နေပြီး ဈေးကွက်အတွင်း ဝယ်ယူနိုင်တဲ့ လျှပ်စစ်ကားပုံစံကလည်း အမျိုးအစား စုံလင်လှတယ်လို့ အမေရိကန် အခြေစိုက် နည်းပညာ သုတေသနကုမ္ပဏီ Gartner က သုတေသီတဦးဖြစ်သူ ပက်ဒရို ပချေကိုက ဆိုပါတယ်။

လျှပ်စစ်ကားထုတ်တဲ့ ကုမ္ပဏီတွေအနေနဲ့ ဈေးကြီးတဲ့ လျှပ်စစ်ကား အမျိုးအစားတွေမှာ သတင်းအချက်အလက်နဲ့ ဖျော်ဖြေရေးဆိုင်ရာ စနစ်တွေ၊ တခြား နည်းပညာကိရိယာတွေကို ပိုမိုထည့်သွင်းလာပြီး ဝယ်သူတွေကို ဆက်လက် စွဲဆောင်ထားဖို့လည်း ကြိုးပမ်းနေကြပါတယ်။

လျှပ်စစ်ကား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်ပြည်တွင်းမှာ လျှပ်စစ်ကားတွေ အားသွင်းစခန်း ဖြန့်ကျက်တည်ရှိမှုက ဒေသအားလုံး တပြေးညီ မဖြစ်သေးတာ တွေ့ရ

တရုတ်မှာ လျှပ်စစ်ကားဈေးကွက် တွင်ကျယ်ကြီးထွားလာမှု ဘယ်လောက်ကြာကြာခံမလဲ

အခုလို လျှပ်စစ်ကားတွေ တရုတ်ပြည်မှာ ဈေးကွက်တွင်ကျယ်နေတဲ့ အခြေအနေဟာ ဘယ်လောက်အထိ ကြာကြာ ဆက်ရှိနေနိုင်မလဲ ဆိုတာနဲ့ ကမ္ဘာ့လျှပ်စစ်ကားဈေးကွက်ကို ဘယ်လို သက်ရောက်မှု ရှိလာနိုင်သလဲ ဆိုတာက စဉ်းစားစရာ ရှိလာပါတယ်။

ယူကေအခြေစိုက် အီကော်နောမစ် သတင်းစာတိုက်ရဲ့ ဌာနခွဲတခုဖြစ်တဲ့ Economics Intelligence Unit ရဲ့ လျှပ်စစ်ကားနယ်ပယ်ဆိုင်ရာ သုတေသန ဒါရိုက်တာ အန်နာ နစ်ခိုးစ်ကတော့ တရုတ်မှာ လျှပ်စစ်ကားတွေ အမြောက်အများ ရောင်းနေရတာ အံ့သြစရာဖြစ်ပေမယ့် တရုတ်အစိုးရရဲ့ ဘဏ္ဍာရေးအရ စရိတ်ခံပေးမှုတွေ မရှိတော့ရင် လျှပ်စစ်ကား ဝယ်လိုအား ကျသွားနိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလက်ရှိ တိုးတက်နေတဲ့ ဈေးကွက်တွင်ကျယ်မှု ပမာဏအတိုင်း အနာဂတ်မှာ ဆက်ပြီး တိုးတက်နေဖို့ကလည်း မသေချာဘူးလို့ သူကဆိုပါတယ်။

တရုတ်ပြည်တွင်းမှာ လျှပ်စစ်ကားတွေ အားသွင်းစခန်း ဖြန့်ကျက်တည်ရှိမှုက ဒေသအားလုံး တပြေးညီ မဖြစ်သေးတာ တွေ့ရသလို လတ်တလော တရုတ်ပြည်တွင်း မိုးခေါင်ရေရှားမှုကြောင့် ပြည်တွင်း လျှပ်စစ်ထုတ်လုပ်မှု ကျဆင်းလို့ ဓာတ်အားသွင်းစခန်း ပိတ်ပစ်ရတာတွေလည်း ရှိခဲ့ပါတယ်။

ဒါ့အပြင် တရုတ်ပြည်မှာ လျှပ်စစ်ကားပိုင်ဆိုင်သူ များလာတာနဲ့အမျှ ပြည်တွင်းလျှပ်စစ်လိုအပ်ချက်ကလည်း တက်လာမယ့် အခြေအနေဟာ တရုတ်ပြည်တွင်း ကျောက်မီးသွေးသုံး လျှပ်စစ်ထုတ်လုပ်မှု လျှော့ချနေတဲ့ စီမံကိန်းနဲ့လည်း ဝိရောဓိ ဖြစ်နေတာကို တွေ့ရပါတယ်။

အခုလို အနေအထားတွေကြောင့် လျှပ်စစ်သီးသန့်နဲ့သာ မောင်းနိုင်တဲ့ ယာဉ်တွေထက် တခြားလောင်စာနဲ့လည်း တွဲသုံးနိုင်တဲ့ ကားတွေရဲ့ တွင်ကျင်မှုက ပိုကောင်းလာနိုင်တယ်လို့ သုံးသပ်တဲ့ ပညာရှင်တွေလည်း ရှိနေပါတယ်။

ဒါ့အပြင် လျှပ်စစ်ကားအတွက် လိုအပ်တဲ့ ဘက်ထရီထုတ်လုပ်ရေးမှာ အရေးပါတဲ့ လစ်သီယံ သတ္ထုကလည်း လာမယ့် နှစ်တွေမှာ ရှားပါးသွားနိုင်တဲ့ အခြေအနေလည်း ရှိနေပါတယ်။

တရုတ်လျှပ်စစ်ကား ဈေးကွက်ရဲ့ နိုင်ငံတကာကို လွှမ်းမိုးမှု

တရုတ်ပြည်တွင်းမှာ အောင်မြင်နေတဲ့ တရုတ် လျှပ်စစ်ကားကုမ္ပဏီတွေဟာ လက်တင်အမေရိက၊ အာဖရိကနဲ့ တခြားနိုင်ငံတကာမှာ စတင် အရောင်းမြှင့်တင်ရေးတွေ လုပ်လာကြတာကို တွေ့ရပါတယ်။

လျှပ်စစ်ကားဆိုင်ရာ အဆင့်မြင့် ပစ္စည်းတွေ ထုတ်လုပ်တဲ့ Nio ကုမ္ပဏီဆိုရင် လျှပ်စစ်ကားဘက်ထရီကို အားသွင်းပြီးသား လဲပေးတဲ့ စခန်းတွေ နော်ဝေးမှာပါ လာရောက် တိုးချဲ့ ဆောက်လုပ်လာတာကို တွေ့ရပါတယ်။

ဒါပေမဲ့လည်း မစ္စတာ ပချေကို ကတော့ အခုလို ကားမောင်းဖို့ လျှပ်စစ်ဘက်ထရီ လဲလှယ်ပေးမှု ဥရောပမှာ တွင်ကျယ်လာဖို့ ဆိုရင် ဒီနည်းပညာကို နာမည်ကျော် ကားကုမ္ပဏီကြီးတွေကလည်း ပါဝင် လုပ်ဆောင်လာဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံမှာ ဝူလင်းနဲ့ ချယ်ရီတို့လို ဈေးသက်သာတဲ့ လျှပ်စစ်ကားကုမ္ပဏီတွေ ရှိပေမယ့် ဥရောပဘက်မှာ မရှိသေးဘူးလို့ ပြောပါတယ်။

တစ်ဖက်မှာလည်း တရုတ်ပြည်တွင်း အစိုးရက လျှပ်စစ်ကားဝယ်သူတွေအတွက် ဘဏ္ဍာရေးရာ စိုက်ထုတ်ပေးမှု မလုပ်တော့ချိန်မှာ တရုတ်ပြည်တွင်း ကုမ္ပဏီတွေက ပြည်ပဈေးကွက်မှာ တိုးချဲ့ဝင်ရောက်လာပြီး နိုင်ငံတကာမှာ လျှပ်စစ်ကား ပိုမိုတွင်ကျယ်လာဖို့ အထောက်အကူ ဖြစ်တာမျိုးလည်း ရှိလာနိုင်တယ်လို့ မစ္စ နစ်ခိုးစ်က သုံးသပ်ပြောဆိုခဲ့ပါတယ်။