ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အမေရိကန် ဒဏ်ခတ်ခံရတဲ့ ဟွာဝေးကုမ္ပဏီအမြတ် ထိုးကျ- မတ်လ ၃၁ ရက် နောက်ဆုံးရ နိုင်ငံတကာသတင်းများ
အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအပြင် တရုတ်နိုင်ငံတွင်းမှာ ကိုဗစ်စည်းမျဉ်း ကန့်သတ်မှုတွေ ရင်ဆိုင်ခဲ့ရတဲ့ ဟွာဝေး တရုတ် ဆက်သွယ်ရေးကုမ္ပဏီကြီးက ပြီးခဲ့တဲ့နှစ်က သူတို့ရဲ့ အမြတ်ငွေ ၃ ပုံ ၂ ပုံ လျော့ကျခဲ့တယ်လို့ ထုတ်ဖော်ပြောပါတယ်။
ဟွာဝေး ကုမ္ပဏီရဲ့ အသားတင် အမြတ်ငွေက ၅ ဒဿမ ၂ ဘီလျံ သာ ရှိခဲ့ပြီး ၂၀၂၁ ခုနှစ်က စံချိန်တင် ရခဲ့တဲ့ အမြတ်ငွေထက် ၆၉ ရာခိုင်နှုန်းနီးပါး လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။
ဟွာဝေးရဲ့ အလှည့်ကျ ဥက္ကဋ္ဌ အဲရစ် ရှူးက စိန်ခေါ်မှုတွေ ရှိနေတဲ့ ပြင်ပပတ်ဝန်းကျင်အနေအထား၊ စျေးကွက်နဲ့ မဆိုင်တဲ့ အချက်တွေကြောင့် ကုမ္ပဏီရဲ့ လှုပ်ရှားလည်ပတ်မှုတွေအပေါ် ထိခိုက်မှုတွေ ဆက်ရှိလာခဲ့တယ်လို့ ပြောပါတယ်။
သူလျှိုမှုနဲ့ ထိန်းသိမ်းခံထားရတဲ့ သြစတြေးလျနိုင်ငံသား သတင်းထောက်ရဲ့အမှု ကြန့်ကြာနေတဲ့အတွက် သြစတြေးလျအစိုးရ စိုးရိမ်
တရုတ်နိုင်ငံမှာ ၂၀၂၀ ခုနှစ်ကတည်းက ထိန်းသိမ်းခံထားရတဲ့ သြစတြေးလျနိုင်ငံသား သတင်းထောက် တစ်ဦး အပေါ် စစ်ဆေးကြားနာနေမှု နှောင့်နှေးနေတာနဲ့ ပတ်သက်လို့ အကြီးအကျယ် စိုးရိမ်မိကြောင်း သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီး ပဲန်နီ ဝေါင်းက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
နိုင်ငံတော် လုံခြုံရေး စွဲချက်တွေနဲ့ ဘေဂျင်းမြို့မှာ တံခါးပိတ် ကြားနာစစ်ဆေးခံနေရတဲ့ ချန်း လေရဲ့ အမှု တစ်နှစ်တင်းတင်းပြည့်တဲ့နေ့မှာပဲ မစ်စ် ဝေါင်းက အခုလို ကြေညာချက် ထုတ်ပြန်လိုက်တာပါ။
တရုတ်အစိုးရ အသံလွှင့်ဌာန CGTN မှာ ရုပ်မြင်သံကြား စီးပွားရေးသတင်းတင်ဆက်သူ ချန်းလေ ဟာ နိုင်ငံခြားတိုင်းပြည်တစ်ခုအတွက် အစိုးရလျှို့ဝှက်ချက် သတင်းတွေ ပို့ပေးနေတယ်ဆိုပြီး စွပ်စွဲခံထားရတာပါ။ သူ့မိသားစုကတော့ ဒီစွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။
ဒီအမှုကို တရားဥပဒေနဲ့အညီ ကိုင်တွယ်ဖြေရှင်းနေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက အစောပိုင်းက ပြောထားပြီး သူတို့ရဲ့ တရားစီရင်ရေးဆိုင်ရာ အချုပ်အချာအာဏာကို လေးစားလိုက်နာဖို့ သြစတြေးလျအစိုးရကို ပြောထားပါတယ်။
ကွန်ပျူတာ ချစ်ပ်ပြားတွေလုပ်ရာမှာ သုံးတဲ့ စက်ပစ္စည်းတင်ပို့မှု ဂျပန်က ထိန်းချုပ်လိုက်တာအပေါ် တရုတ်ဝေဖန်
အဆင့်မြင့် နည်းပညာကဏ္ဍမှာ အရေးပါတဲ့ ကွန်ပျူတာ ချစ်ပ် ပြားတွေ လုပ်ရာမှာ အသုံးပြုတဲ့ စက်ပစ္စည်း တင်ပို့မှုကို ထိန်းချုပ်ဖို့ ဂျပန်က ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး တရုတ်အစိုးရက ဝေဖန်ရှုတ်ချလိုက်ပါတယ်။
ဂျပန်အစိုးရဟာ ကုန်သွယ်ရေးနဲ့ နည်းပညာ ကိစ္စတွေကို နိုင်ငံရေးထဲ ဆွဲသွင်းနေတယ်လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသမီး မော် နင်းက စွပ်စွဲပြောကြားခဲ့ပါတယ်။
ဒီလိုမျိုး လုပ်ခြင်းအားဖြင့် တခြားသူတွေအပေါ်မှာရော တချိန်တည်းမှာပဲ လုပ်တဲ့သူတွေအပေါ်ကိုပါ ထိခိုက်လာစေနိုင်တယ်လို့ သူက ပြောပါတယ်။
ဂျပန်အစိုးရကတော့ ဒီလိုလုပ်တာဟာ စစ်ရေးအတွက် အဆင့်မြင့်နည်းပညာတွေ အသုံးပြုနေတာကို တားဆီးဖို့ကိုသာ ရည်ရွယ်တာ ဖြစ်ပြီး တရုတ်ကို ပစ်မှတ်ထားလုပ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။
ဒီလို ထိန်းချုပ်မှုမျိုးကို အမေရိကန်နဲ့ နယ်သာလန်နိုင်ငံတွေက လုပ်ခဲ့အပြီးမှာ အခု ဂျပန်နိုင်ငံက အခုနောက်ဆုံး လုပ်လိုက်တာ ဖြစ်ပါတယ်။