စက်တင်ဘာ ၂၉ ရက် နိုင်ငံတဝန်းသတင်းအနှစ်ချုပ် - သန်းခေါင်စာရင်းအတွက် ရေဘေးရှောင်တွေနေရပ်ပြန်ဖို့ ဒုစစ်ခေါင်းဆောင်ပြော

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

စစ်ကောင်စီက အောက်တိုဘာ ၁ ရက်‌နေ့မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့ ကယ် ဆယ်ရေးစခန်းမှာနေထိုင်နေတဲ့ ရေ‌ဘေးရှောင်ပြည်သူတွေ မူလနေရပ်ကို အတတ်နိုင်ဆုံးပြန်လည် ရောက်ရှိဖို့လိုအပ်တယ်လို့ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက စက်တင်ဘာ ၂၇ ရက်က ပြောပါတယ်။

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌအဖြစ်လည်းတာဝန်ယူထားတဲ့ ဒုစစ်ခေါင်းဆောင်က မိုးရာသီသစ်ပင်စိုက်ပွဲ အဖွင့်အမှာစကားထဲမှာ အခုလိုထည့်သွင်းပြောခဲ့တာပါ။

နေရပ်ပြန်ရေးအတွက်လည်း စစ်ကောင်စီဘက်က ‌ထောက်ပံ့တာတွေကို လုပ်သွားမှာဖြစ်ပြီး ပြန်လည်ထူထောင်ရေးအတွက် ရေကျချိန်မှာတင်ကျန်ခဲ့တဲ့ သဲနုန်းရှင်းလင်းရေးအပါအဝင် သန့်ရှင်းရေးတွေကို စစ်ကောင်စီလုံခြုံရေး၊ မီးသတ်၊ ပြည်သူ့စစ်နဲ့ လူမှုကူညီရေးအသင်းအဖွဲ့တွေက ကူညီဆောင်ရွက်ပေးရမယ်လို့လည်း ပြောခဲ့ပါတယ်။

ရေဘေးအကြီးအကျယ်ခံခဲ့ရတဲ့ တောင်ငူမြို့ပေါ်က ရေဘေးကယ်ဆယ်ရေးစခန်း ဆယ်နဲ့ချီကတော့ အထက်တန်းကျောင်းတွေမှာ ဖွင့်ထားတာဖြစ်တဲ့အတွက် စာမေးပွဲကာလာကြောင့် ပိတ်လိုက်ပြီလို့ မြို့ခံ တစ်ဦးက ပြောပါတယ်။

“ပိတ်လိုက်ပေမဲ့ အများစုကတော့ ပြန်လို့အဆင်မပြေကြပါဘူး။ အိမ်အလုံးလိုက်မျောတဲ့သူတွေကတော့ ဘုန်းကြီးကျောင်းမှာ နေကြပါတယ်”လို့ သူက ပြောပါတယ်။

စက်တင်ဘာ ၁၇ ရက်တုန်းကလည်း စစ်ကောင်စီက နေပြည်တော်မှာပြုလုပ်တဲ့ သဘာဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှာ အခုလိုပဲ ရေဘေးသင့်ပြည်သူတွေ အိမ်ပြန်ရေး ပြောခဲ့ပါသေးတယ်။

စစ်ကောင်စီကရေဘေးပြန်လည်ထူထောင်ရေးကို ၂၀၂၅ ခုနှစ်၊ မတ် ၁၅ ရက် အပြီးဆောင်ရွက်ရမယ်လို့ ပြောထားတာဖြစ်ပါတယ်။

သန်းခေါင်စာရင်းစတင်ကောက်ယူမယ့် အောက်တိုဘာ ၁ ရက် မတိုင်ခင်မှာလည်း စမ်းကောက်ယူတဲ့အနေနဲ့ မန္တလေးတိုင်း၊စဉ့်ကိုင်မြို့နယ် နဲ့ ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်တို့မှာ ကောက်ယူနေတယ်လို့ ထုတ်ပြန်ထားတာပါ။

စက်တင်ဘာလရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူ တစ်သိန်းခွဲနီးပါး နဲ့ သေဆုံးသူ လေးရာကျော်ရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ဇေကမ္ဘာဦးခင်ရွှေ ပြန်လွတ်လာ

စစ်အာဏာသိမ်းပြီး ၂၀၂၂ ခုနှစ်၊ မတ်လက စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းမှုခံထားရတဲ့ ဇေကမ္ဘာကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေ စက်တင်ဘာ ၂၈ ရက်မှာ ပြန်လည်လွတ်မြောက်လာပြီလို့ မိသားစုနဲ့ နီးစပ်သူ တချို့ကပြောပါတယ်။

နီးစပ်သူတချို့ရဲ့အပြောအရ ဒီနေ့မှာ သာသနာ့ဘောင်ဝင်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

ထောင်တွင်းကာလမှာတုန်းက ဦးခင်ရွှေဟာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ကုသဆောင်၊ သီသန့်ခန်းမှာ ၂၀၂၄ ဧပြီလက စပြီး အာရုံကြောအားနည်းတဲ့ရောဂါနဲ့ ဦးခေါင်းခွဲစိတ်ကုသမှုခံယူခဲ့ရတယ်လို့ လည်း သိရပါတယ်။

အဲဒီကျန်းမာရေးပြဿနာကြောင့် လွတ်ငြိမ်းခွင့်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဇေကမ္ဘာကုမ္ပဏီ ပိုင်ရှင်ဦးခင်ရွှေကို ရှေးဟောင်းအဆောက်အအုံများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ - ၂၄ နဲ့ ဗဟန်းရဲစခန်း မှာအမှုဖွင့်ခဲ့ပြီးနောက် ထောင်ဒဏ် ၇ နှစ်ချမှတ်ထားတာဖြစ်ပါတယ်။

မအူပင်မြို့မှာ လူငယ်တစ်ဦး စစ်ကြောရေးမှာသေဆုံး၊ PDF ဆက်စပ်သံသယနဲ့ လူ ၁၁ ဦး ဖမ်းဆီးခံရ

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ လက်နက်ခဲယမ်းတွေ့ရှိမှုနဲ့ မသင်္ကာခံရပြီး ဖမ်းဆီးခံရတဲ့ လူငယ်တစ်ဦးဟာ စစ်ကြောရေးမှာ သေဆုံးခဲ့ပြီး နောက်ထပ် ဒေသခံ ၁၁ ဦးလည်း သံသယနဲ့ဖမ်းဆီးခံထားရတယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

စစ်ကြောရေးမှာ သေဆုံးခဲ့တဲ့လူငယ်ဟာ စက်တင်ဘာလ ၁၈ ရက်မှာ ဖမ်းဆီးခံရပြီးတဲ့နောက် ၁၉ ရက်မှာ အလောင်းလာထုတ်ဖို့ မိသားစုကို စစ်ကောင်စီဘက်က အကြောင်းကြားခဲ့ပြီး မအူပင်မြို့၊ အမှတ် ၉ ရပ်ကွက်၊ ၁၀ လမ်း ဇာတိ ဖြစ်ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက အဲဒီအမျိုးသားတွေကို ဖမ်းဆီးခဲ့တာဟာ မအူပင်မြို့၊ အောင်ဟိတ်ကျေးရွာ အုပ်စု၊ အင်းမ ကျေးရွာထဲမှာဖြစ်ပြီး သူတို့နဲ့ ဆက်စပ်တယ်ဆိုတဲ့သံသယနဲ့ လူ ၉ ဦးကိုလည်း ဖမ်းဆီးထားပါတယ်။

‘‘စက်တင်ဘာ ၁၈ ရက်မှာ စပြီးတော့ အဖမ်းခံရတဲ့အမျိုးသား ၂ ဦးထဲက တစ်ဦး ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးခဲ့တာပါ။ နံရိုးကျိုးပြီး အတွင်းကလီစာတွေလည်း ပျက်စီးခဲ့တယ်။ သေဆုံးသူအမျိုးသားရဲ့ အသက် ၃၀ အရွယ် အမျိုးသမီးလည်း တစ်နေ့တည်းမှာပဲ အဖမ်းခံရတယ်။ ကောင်မလေးက ကိုယ်ဝန် ၄ လရှိနေတယ်’’ လို့ မြေပြင်အခြေအနေသိသူမြို့ခံ တစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အင်းမကျေးရွာအုပ်ချုပ်ရေးမှူးချွေးမဖြစ်သူ မမော်မော်၊ ကိုစူပါ၊ ကိုဆန်းလင်းသိန်း၊ ကိုထွန်းလင်း၊ ကိုသိန်းတန်၊ ကိုတင်ဝင်းလှိုင်၊ ကိုဝင်းနိုင်၊ မချိုလေး၊ မခင်စိုးဝင်းနဲ့ နောက်ထပ်မြို့ခံအမျိုးသားတစ်ဦးတို့ဖြစ်ကြတယ်လို့လည်း အမည်မဖော်လိုတဲ့မြို့ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

စစ်ကောင်စီဟာ ဖမ်းဆီး စစ်ဆေးမှုတွေကို မအူပင်မြို့စွန်က အမှတ် ၂၇ ခြေလျင်တပ်ရင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဖမ်းထားသူတွေကို ပြီးခဲ့တဲ့တစ်ပတ်မှာ ချုပ်ရက်အတွက် မအူပင်တရားရုံးမှာ ရုံးထုတ်ခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

လားရှိုးမြို့ ၈ ကြိမ်မြောက် လေကြောင်းတိုက်ခံရ ပြည်သူတချို့မြို့ကနေ စစ်ရှောင်ထွက်ခွာနေ

ကိုးကန့်တပ်(MNDAA) က အုပ်ချုပ်ရေးဖော်ဆောင်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ်က ရပ်ကွက် ၈ ကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၈ ရက် ညပိုင်းမှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေက ဘီဘီစီကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ရပ်ကွက် ၈ က ကားဝပ်ရှော့ပေါ် ဗုံးကျရောက်ပေါက်ကွဲပြီး အဆောက်အအုံနဲ့ ကားတချို့ မီးလောင်ပျက်စီးခဲ့ပေမဲ့ လူထိခိုက်သေဆုံးတာမရှိဘူးလို့ နယ်မြေအခြေအနေသိရှိသူက ဘီဘီစီကို ပြောပါတယ်။

“ဒီမနက်(စက်တင်ဘာ၂၉)တော့ အခြေအနေက ပုံမှန်ပြန်ဖြစ်နေပါတယ်။ မြို့ကနေ နယ်ခံတချို့ ထွက်ခွာတာရှိပေမဲ့ အတော်နည်းပါသေးတယ်” လို့ သူက ပြောပါတယ်။

ကိုးကန့်တပ် MNDAA ကတော့ မြို့နေလူထုကို ဘေးကင်းတဲ့ ခိုလှုံရာနေရာတွေ ကြိုတင်ပြင်ဆင်ထားဖို့ဆိုတဲ့အချက်အပါအဝင် လေကြောင်းရန်ကြိုတင်ကာကွယ်ရေးအချက် ၁၀ ချက်ကို အသိပေးထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၂၈ ရက်ည လေကြောင်းတိုက်ခိုက်မှုအပါအဝင် သြဂုတ်လကုန်ပိုင်းကနေ ဒီနေ့အထိ စစ်ကောင်စီတပ်က လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှု ၈ ကြိမ်လုပ်ခဲ့ပြီးဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှု တစ်ခါပြုလုပ်ရင် ဗုံး ၂ လုံးအထိ ကြဲချတဲ့ အဲဒီဗုံးကြဲမှုတွေအတွင်း ဒေသခံ ၃ ဦး သေဆုံးကာ ၃၈ ဦးဒဏ်ရာရခဲ့တယ်လို့ ကိုးကန့်တပ်(MNDAA)က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ရှိရာ လားရှိုးမြို့ကို ကိုးကန့်တပ်က ဇူလိုင်လကုန်ပိုင်းကတည်းက ထိန်းချုပ်ထားတာဖြစ်ပါတယ်။

မန္တလေးမြို့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခဲ့တယ်လို့ဆို

တိုင်းစစ်ဌာနချုပ်တစ်ခုဖြစ်တဲ့ မန္တလေးမြို့၊ နန်းတွင်းထဲက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)ကို ၁၀၇ မမရှော့တိုက်ဒုံး ၆ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar( BWM) အဖွဲ့က ဒီနေ့ စက်တင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှုကို BWM နဲ့ မဟာမိတ်တွေက စက်တင်ဘာ ၂၉ ရက် မနက်အစောပိုင်းမှာ လုပ်ခဲ့တာလို့ ထုတ်ပြန် ချက်မှာ ပြောထားပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲက ကားတချို့လည်းထိခိုက်ပျက်စီးတယ်လို့ BWM ပြောရေး ဆိုခွင့်ရှိသူ က ဘီဘီစီကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး နောက်ဆုံးရအခြေအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ ဘီဘီစီက ကြိုးစားနေပါတယ်။

“မန္တလေးကတော့ အခုရက်ပိုင်း သုံးပြလောက်ကို တစ်ဂိတ်ချပြီးတော့ စစ်‌ဆေးရေးက ပိုကြပ်နေတယ်။ ပေါ်တာဆွဲတယ်ဆိုတဲ့သတင်းတွေလည်း ကြားနေရတော့ ည ၇ နာရီဆို လမ်းပေါ် လူမရှိတော့ဘူး” လို့ မန္တလေး မြို့ခံတစ်ဦးက ပြောပါတယ်။

BWM က မန္တလေးမြို့အခြေစိုက် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာ ၃ ရက်တို့မှာလည်း ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခဲ့တာကြောင့် အခုတစ်ကြိမ်ဆို ၃ ကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။

ကရင်မှာ ရေဘေးသင့်သူ ၄ သိန်းနီးပါးအတွက် အရေးပေါ်အကူအညီလိုနေ

ကရင်အမျိုးသားအစည်းအရုံး(KNU)နယ်မြေ၊ ခရိုင် ၇ ခုထဲက မြို့နယ် ၂၀ မှာ ရေ‌ဘေးကြုံနေရပြီး ပြည်သူ ၃၈၀,၀၀၀ ကျော် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ KNU က စက်တင်ဘာ ၂၈ ရက်မှာ ထုတ်ပြန်ပါတယ်။

တောအူးခရိုင်(တောင်ငူခရိုင်)က အိမ်ခြေ ၁၆၀၀ကျော်နဲ့ လယ်ယာမြေဧက ၁၅၀၀၀ ကျော်ပျက်စီးကာ ရေ ဘေးကြောင့် ပျက်စီးဆုံးရှုံးမှုအများဆုံးဖြစ်နေတာပါ။

စစ်ကောင်စီက ဒီနယ်မြေထဲကိုသွားမယ့် ရေဘေးအကူအညီတွေနဲ့ပတ်သက်ပြီး စစ်တောင်းမြစ်ကူးတံတားထိပ်ကနေ ဂိတ်ချ စစ်ဆေးနေတာကြောင့် ကူညီကယ်ဆယ်ရေးအပိုင်းမှာ အကန့်အသတ်တွေကြုံနေရတယ်လို့ လူမှုကူညီရေးအသင်းတချို့က ဘီဘီစီကို ပြောပါတယ်။

အစားအစာ၊ သောက်သုံးရေနဲ့ သန့်ရှင်းရေးပစ္စည်းတွေက အရေးကြီးဆုံး အရေးပေါ်လိုအပ်ချက်ဖြစ်တယ်လို့ ဆိုထားတာပါ။

ရေဘေးကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ လယ်ယာသုံးပစ္စည်းကိရိယာတွေ၊ မော်တော်ယာဉ်နဲ့ စက်ပစ္စည်းတွေပြင်ဆင်အစားထိုးဖို့ အကူအညီတွေ၊ ရေဘေးကြောင့် ပျက်စီးဆုံးရှုံးသွားတဲ့ တနိုင်တပိုင်မွေးမြူထားတဲ့တိရစ္ဆာန်တွေနေရာမှာ ပြန်လည်အစားထိုးနိုင်မယ့်အကူအညီတွေနဲ့ ရေတွင်း၊ ရေပိုက်လိုင်းတွေ အစားထိုးပြင်ဆင်ဖို့ အကူအညီတွေ လိုအပ်နေတယ်လို့ KNU ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

အိမ်နီးချင်း ထိုင်းအစိုးရ၊ အာဆီယံ၊ အလှူရှင်အစိုးရတွေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအေဂျင်စီတွေအနေနဲ့ တပြိုင်နက်အကူအညီပေးရေး အစီအစဉ်တွေဖော်ဆောင်ပေးဖို့ လိုအပ်တယ်လို့လည်း ပြောထားပါတယ်။

KNU ထိန်းချုပ်နယ်မြေအပါအဝင် တော်လှန်ရေးအင်အားစုနယ်မြေတွေက ပြည်သူတွေကို အကူအညီတွေပေးပို့ရာမှာ စစ်ကောင်စီရဲ့ပါဝင်ပတ်သက်မှုမရှိဘဲ သက်ဆိုင်ရာတော်လှန်ရေးအင်အားစုတွေနဲ့ညှိနှိုင်းဆောင်ရွက်ဖို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ရန်ကုန်က အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးပစ်သတ်ခံရမှု စွပ်စွဲချက်နဲ့ လူ ၁၂ ဦး အဖမ်းခံရ

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်၊ အမှတ် ၁၀၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ အုပ်ချုပ်ရေးမှူးရုံးအတွင်း ပစ်ခတ် သတ်ဖြတ်ခံရမှုနဲ့ပတ်သက်ပြီး အမျိုးသား ၁၁ ဦး နဲ့ အမျိုးသမီး ၁ ဦးကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရမှုဟာ စက်တင်ဘာ ၂၀ ရက်တုန်းက ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

အခုဖမ်းမိတဲ့သူတွေဟာ အုပ်ချုပ်ရေးမှူးရုံးအတွင်း ပစ်ခတ်မှုလုပ်ခဲ့တဲ့ Anonymous Force အဖွဲ့ဝင်တွေလို့ စစ်ကောင်စီက ပြောပြီး သူတို့ကို လက်နက်ခဲယမ်းတွေနဲ့အတူ တစ်ပတ်အတွင်း ဖမ်းမိတာလို့ ဆိုပါတယ်။

တောင်ဒဂုံ၊ အမှတ် ၁၀၇ ရပ်ကွက်၊ ငုဝါမြိုင်လမ်းက အုပ်ချုပ်ရေးမှူးရုံးအတွင်း ပစ်ခတ်မှုမှာ အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူးတို့ သေဆုံးပြီး ရုံးအကူတစ်ဦး မစိုးရိမ်ရဒဏ်ရာရခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်ချက်မှာဆိုထားပါတယ်။

ဖမ်းဆီးရမိသူတွေထဲက အချို့ဟာ ဒီရပ်ကွက်ထဲမှာ ၂၀၂၁ အာဏာမသိမ်းခင်ကာလတုန်းက အုပ်ချုပ်ရေးမှူးနဲ့ ရုံး စာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူတွေဖြစ်ပြီး သေဆုံးသူတွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာမကျေနပ်ချက်ရှိနေခဲ့တယ်လို့ စစ်ကောင်စီ ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

ဒီပစ်ခတ်မှုနဲ့ ဆက်နွှယ်တဲ့သူ ၂ ဦးကိုလည်း ဖမ်းဆီးဖို့ ကျန်နေသေးတယ်လို့ စစ်ကောင်စီက ပြောထားပါတယ်။

ရန်ကုန်မှာ ကုန်စျေးနှုန်းမြင့်တက်မှုနဲ့ စစ်မှုထမ်းဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်နေတဲ့ လူငယ် ၄ ဦးလည်း စက်တင်ဘာ ၁၉ ရက်မှာ စစ်ကောင်စီရဲ့ဖမ်းဆီးမှု ခံခဲ့ရပါတယ်။

CDF(မတူပီ) တပ်မဟာ ၁ ကို အေအေက လက်နက်ခဲယမ်းထောက်ပံ့

အာရက္ခတပ်တော်(အေအေ)က ချင်းညီနောင်(Chin Brotherhood)အဖွဲ့ဝင် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) -မတူပီ တပ်မဟာ ၁ ကို လက်နက်ခဲယမ်းတချို့ကို စက်တင်ဘာ ၂၇ ရက်မှာထောက်ပံ့ခဲ့တယ်လို့ အဲဒီတပ်မဟာက စက်တင်ဘာ ၂၉ ရက်၊ ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

အဖွဲ့အစည်း ၂ခုကြားက မဟာမိတ်ဆက်ဆံရေး အားကောင်းစေဖို့၊ စစ်ရေးပူးပေါင်းမှုအားကောင်းစေဖို့နဲ့ အိမ်နီးချင်း အတူယှဉ်တွဲနေထိုင်ကြတဲ့ လူမျိုးအချင်းချင်း ချစ်ခင်ရင်းနှီးပိုမိုတိုးပွားလာစေဖို့ဆိုပြီး ပွဲတက်ရောက်လာတဲ့ နှစ်ဖက်တပ်မှူးတွေက ပြောခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ချင်းပြည်အတွင်း စစ်ကောင်စီကင်းစင်ရေးအတွက် အိမ်နီးချင်းကောင်း ပီသစွာနဲ့လက်နက်ခဲယမ်းကူညီပေးတဲ့ အေအေကို ကျေးဇူးတင်တယ်လို့ CDF မတူပီ၊ တပ်မဟာ၁ က ထုတ်ပြန်ပြောဆိုပါတယ်။

ချင်းပြည်နယ်အတွင်းက ချင်းညီနောင်အဖွဲ့ နဲ့ အာရက္ခတပ်တော်တို့ မဟာမိတ်ဖွဲ့ပူးပေါင်းတဲ့အပေါ် ချင်းနိုင်ငံ‌ရေး၊ စစ်ရေးအစုအဖွဲ့ နဲ့ ချင်းလူထုတချို့က ဝေဖန်ပြောဆိုတာတွေ ရှိနေပါတယ်။

ဇွန်လအတွင်းက မတူပီမြို့သိမ်းတိုက်ပွဲမှာလည်း ချင်းညီနောင် မဟာမိတ်တွေနဲ့ ချင်းအမျိုးသားတပ်ဦး (CNF/CNA)တို့ ပစ်ခတ်မှုတွေဖြစ်ခဲ့ပါတယ်။ ချင်းအမျိုးသားတပ်ဦးကတော့ ချင်းညီနောင်ကိုတိုက်တာမဟုတ်ဘဲ အေအေကို တိုက်တာဖြစ်တယ်လို့ အဲဒီတုန်းက ပြောထားပါတယ်။

လက်ရှိအခြေအနေမှာတော့ ပဋိပက္ခဖြစ်ခဲ့တဲ့ ချင်းတပ်ဖွဲ့တွေ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မြို့တော် အိုက်ဇောမှာ ပထမဆုံးအကြိမ်တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့ပြီး အချင်းချင်းအငြင်းပွားမှုတွေကို လက်နက်ကိုင်ဖြေရှင်းတာမလုပ်ဖို့ သဘောတူညီချက်အပါအဝင် သဘောတူညီချက် ၅ ချက်ရထားတာပါ။

ဒီတွေ့ဆုံမှုဟာ ကောင်းမွန်တဲ့တွေ့ဆုံမှုဖြစ်ခဲ့တယ်လို့ CNF/CNA နဲ့ ချင်းညီနောင် နှစ်ဖွဲ့လုံးရဲ့ ပြောရေးဆိုခွင့်ရှိသူတွေက ဘီဘီစီကို ပြောထားပါတယ်။

ချင်းပြည်အုပ်ချုပ်ရေးအပေါ် အေအေနဲ့ ချင်းညီနောင် ဘယ်လိုသဘောတူညီချက်ရှိသလဲဆိုတာနဲ့ ပတ်သတ်လို့ CB ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောဆိုချက်ပါဝင်တဲ့ "တူမီးပေါ်က အက်ကြောင်းများဆောင်းပါး " ကို ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

စစ်တပ်က မင်းတပ်ကို ၂ လအတွင်း လေကြောင်းကနေ အကြိမ် ၄၀ ကျော်ဗုံးကြဲ၊ မြို့ပေါ်က အိမ် ၃၆ လုံး မီးရှို့ခံရ

သြဂုတ်နဲ့ စက်တင်ဘာ ၂ လအတွင်း စစ်ကောင်စီတပ်က ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ကို လေကြောင်းကနေ ၄၄ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) မင်းတပ်က စက်တင်ဘာ ၂၉ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။

မင်းတပ်မြို့နယ်ထဲက တိုက်နယ် ၃ ကို လေကြောင်း ၁၄ ကြိမ်အထိ တိုက်ခိုက်ခံခဲ့ရပြီး တခြားတိုက်နယ်တွေထက် ပစ်မှတ်ထားတိုက်ခံနေရတာ ဖြစ်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦး ထိခိုက်ကာ စာသင်ကျောင်း၊ ဘော်ဒါဆောင်နဲ့ လူနေအိမ် ဆယ်ကျော်လည်း ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒါအပြင် ကာကွယ်ရေးတပ်တွေ ထိန်းချုပ်နိုင်ခြင်းမရှိသေးတဲ့ မင်းတပ်မြို့ပေါ်က လူနေအိမ် ၃၆ လုံးကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုထားတာပါ။

စစ်ကောင်စီက မင်းတပ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း ခလရ ၂၇၄ ကိုလည်း လေကြောင်းကနေ လက်နက်၊ ခဲယမ်းနဲ့ ရိက္ခာ ၅၃ ကြိမ်ထောက်ပို့ပေးခဲ့တယ်လို့ CDF မင်းတပ် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီကနေ ဇူလိုင်လအထိ စစ်ကောင်စီက မင်းတပ်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှု ၈၄ ကြိမ်လုပ်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုတွေအတွင်း ပြည်သူ ၈ ဦး သေဆုံးပြီး ၅၀ ကျော်ဒဏ်ရာရခဲ့တယ်လို့ CDF မင်းတပ်က သြဂုတ်လအတွင်းမှာ ထုတ်ပြန်ထားပါတယ်။