ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယက လူ ၆ ဦးသေဆုံးခဲ့ရတဲ့ လူမျိုးစုအကြမ်းဖက်မှု ဖြစ်ရာမြို့မှာ ကာဖျူး ထုတ်ပြန်- သြဂုတ်လ ၂ ရက် ညပိုင်း နိုင်ငံတကာသတင်းများ
အိန္ဒိယနိုင်ငံမှာ အနည်းဆုံး လူ ၆ ဦး သေဆုံးခဲ့ရတဲ့ လူမျိုးစုအချင်းချင်း အကြမ်းဖက်မှုတွေ ဖြစ်ပွားခဲ့အပြီး ဒေလီမြို့နားက မူဆလင်တွေ အများစုနေထိုင်တဲ့ မြို့တစ်မြို့မှာ အာဏာပိုင်တွေက ကာဖျူး အမိန့် ထုတ်ပြန်လိုက်ပြီး အင်တာနက်လိုင်းတွေ ဖြတ်တောက်လိုက်ပါတယ်။
အဲဒီ နူရ်မြို့မှာ စျေးဆိုင်တွေ လုယက်ဖျက်ဆီးခံခဲ့ရသလို ကားတွေလည်း မီးတင်ရှို့ခံခဲ့ရပြီး လမ်းတွေပေါ်မှာ အဓိကရုဏ်းရဲ ရာပေါင်းများစွာ ချထားတာကို တွေ့ရတယ်လို့ အဲဒီမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။
တနင်္လာနေ့က ဟိန္ဒူ အမျိုးသားရေးဝါဒီအုပ်စုတွေရဲ့ ဘာသာရေး စီတန်းလှည့်လည်ပွဲတစ်ခု တိုက်ခိုက်ခံခဲ့ရအပြီး ဆူပူအကြမ်းဖက်မှုတွေ စတင်ခဲ့တာပါ။
ကျွဲနွား ရောင်းဝယ်သူ မူဆလင် နှစ်ဦး အသတ်ခံခဲ့ရမှုနဲ့ ဆက်နွှယ်နေတယ်လို့ ဆိုတဲ့ လက်ယာဝါဒီ တစ်ဦး အဲဒီ ဘာသာရေးပွဲမှာ ပါနေတဲ့အတွက် ဒေသခံတွေက ဒေါသအမျက် ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။
အကြမ်းဖက်မှုတွေ ဖြစ်ပွားလာအောင် အပြင်လူတွေ လှုံ့ဆော် သွေးထိုးပေးနေတယ်လို့ အဲဒီမြို့က လူတွေက ပြစ်တင် ပြောဆိုနေပါတယ်။
ထိုင်းညွန့်ပေါင်းအစိုးရသစ်ထဲ Move Forward ပါတီ ပါနိုင်မယ့်ပုံမျိုး မတွေ့ရတော့
ထိုင်းနိုင်ငံ ရွေးကောက်ပွဲမှာ အမတ်နေရာအများစု အနိုင်ရခဲ့တဲ့ Move Forward ရှေ့သို့ချီပါတီဟာ အသစ်ဖွဲ့မယ့် အစိုးရအဖွဲ့ထဲ မပါနိုင်တော့မယ့်ပုံမျိုး တွေ့ရပါတယ်။
အမတ်နေရာ ဒုတိယအများဆုံး နိုင်ငံရေးပါတီဖြစ်တဲ့ ဖူအာထိုင်း ပါတီက ရွေးကောက်ပွဲအနိုင်ရတဲ့ ပါတီ မပါဘဲ ညွန့်ပေါင်းအစိုးရတစ်ခု ဖွဲ့နိုင်ဖို့ သူတို့မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
ဝန်ကြီးချုပ်အဖြစ် သူတို့အဆိုပြုထားတဲ့ ကိုယ်စားလှယ်လောင်းကို လွှတ်တော်က အခုသီတင်းပတ်နှောင်းပိုင်းကျရင် အတည်ပြုမယ်လို့ သူတို့က မျှော်လင့်နေတာပါ။
စစ်တပ်က စိတ်ကြိုက် ရွေးချယ်ခန့်ထားတဲ့ အမတ်တွေနဲ့ ဖွဲ့ထားတဲ့ ထိုင်း အထက်လွှတ်တော်ကတော့ Move Forward ပါတီခေါင်းဆောင်ကို ဝန်ကြီးချုပ်မဖြစ်အောင် ကန့်ကွက် ပိတ်ပင်ထားခဲ့ပြီး ဖြစ်ပါတယ်။
သူ့ရဲ့ ဦးစားပေးအစီအစဉ်တွေ အထူးသဖြင့် ထိုင်းဘုရင်စနစ်နဲ့ ပတ်သက်တဲ့ အစီအစဉ်တွေဟာ အစွန်းရောက်လွန်းအားကြီးတယ်လို့ အထက်လွှတ်တော်အမတ်တွေက သတ်မှတ်ထားတာပါ။ ဒါပေမဲ့ ထောက်ခံမဲအများဆုံး ရထားတဲ့ ပါတီကို ထုတ်ပယ်လိုက်ခြင်းအားဖြင့် လမ်းမပေါ်ထွက် ကန့်ကွက်ဆန္ဒပြမှုတွေ ပေါ်ပေါက်လာနိုင်ပါတယ်။
ဒန်ညုမြစ်ပေါ်က ယူကရိန်းဆိပ်ကမ်းနေရာတွေကို ရုရှားက ပစ်မှတ်ထား ထပ်မံ တိုက်ခိုက်
ချို့တဲ့ လိုအပ်နေတဲ့ အာဖရိကနိုင်ငံတွေအတွက် ရုရှားက ဂျုံစပါး တင်ပို့မှုကို တူရကီအစိုးရအနေနဲ့ ကူညီဆောင်ရွက်ပေးဖို့ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က မေတ္တာ ရပ်ခံထားတယ်လို့ ရုရှားအစိုးရက ပြောပါတယ်။ တချိန်တည်းမှာပဲ ယူကရိန်းရဲ့ စားနပ်ရိက္ခာ ထောက်ပံ့မှု ကွန်ရက်တွေကို ရုရှားက ဆက်လက် ပစ်မှတ်ထား တိုက်ခိုက်နေပါတယ်။
ရုရှားသမ္မတ ပူတင်နဲ့ တူရကီသမ္မတ အာဒိုဝမ်တို့ ဖုန်းနဲ့ စကားပြောဆိုခဲ့အပြီးမှာ တူရကီနဲ့ တခြားနိုင်ငံတွေက ပူးပေါင်းဆောင်ရွက်ဖို့ လိုလိုလားလား ရှိကြကြောင်း ရုရှားအစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
အစောပိုင်းတုန်းကတော့ ယူကရိန်းနိုင်ငံရဲ့ မြစ်ကမ်းနား ဆိပ်ကမ်းမြို့တစ်ခုဖြစ်တဲ့ အစ်ဇ်မေးလ်ဆိပ်ကမ်းကို ရုရှားက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့အတွက် အကြီးအကျယ် ထိခိုက် ပျက်စီးသွားခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
ပင်လယ်နက်ကို ဖြတ်ပြီး ယူကရိန်းက စားနပ်ရိက္ခာ တင်ပို့နိုင်ရေး တူရကီက ကြားဝင်ဆောင်ရွက်ပေးခဲ့တဲ့ သဘောတူချက်တစ်ခုကနေ ရုရှား နုတ်ထွက်သွားခဲ့အပြီးမှာ ဒန်းညုမြစ်ပေါ်မှာ ရှိတဲ့ အစ်ဇ်မေးလ် ဆိပ်ကမ်းဟာ ယူကရိန်းအတွက် စားနပ်ရိက္ခာ တင်ပို့မှုမှာ တစ်နေ့တခြား အရေးပါလာနေတာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတဟောင်း ထရမ့်က သူ့အပေါ် အခုနောက်ဆုံး စွဲဆိုလိုက်တဲ့ ရာဇဝတ်ကြောင်းစွဲချက်တွေကို တုံ့ပြန် ဝေဖန်
အမေရိကန် သမ္မတဟောင်း ဒေါ်နယ်လ် ထရမ့်အပေါ် အခုနောက်ဆုံးလုပ်လိုက်တဲ့ ရာဇဝတ်ကြောင်းအရ စွဲချက်တင်မှုတွေကြောင့် ရွေးကောက်ပွဲမှာ ဝင်ရောက်စွက်ဖက်မှုတွေ ဖြစ်လာစေတယ်လို့ သူ့ရဲ့ မဲဆွယ်ရေးအဖွဲ့က ပြောပါတယ်။
မစ္စတာ ထရမ့်ဟာ ပြီးခဲ့တဲ့ သမ္မတရွေးကောက်ပွဲကို ကဗြောင်းကဗြန် ဖြစ်သွားအောင် အကွက်ချ ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲမှုတွေနဲ့ ကြာသပတေးနေ့ကျရင် တရားရုံးမှာ ကြားနာစစ်ဆေးခံရဖို့ ရှိပါတယ်။
ဒီစွပ်စွဲချက်တွေဟာ အပြစ်မရှိအပြစ်ရှာ စွပ်စွဲချက်တွေဖြစ်ပြီး နာဇီ ဂျာမနီနဲ့ ဆိုဗီယက် ပြည်ထောင်စုခေတ်တုန်းက လုပ်ခဲ့တဲ့ စွပ်စွဲအရေးယူမှုတွေနဲ့ အလားတူတယ်လို့ မစ္စတာ ထရမ့်ရဲ့ မဲဆွယ်ရေးအဖွဲ့က ခိုင်းနှိုင်း ပြောသွားပါတယ်။
သူ့အပေါ် စွဲဆိုထားချက်တွေထဲမှာတော့ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေ ရှိတယ်ဆိုပြီး မစ္စတာ ထရမ့်က မဟုတ်မှန်းသိရက်နဲ့ လိမ်ညာပြောခဲ့တာလို့ ဖော်ပြထားပါတယ်။
သူ့နဲ့ ပူးပေါင်း ကြံစည်ခဲ့သူ ၆ ဦး ရှိတယ်လို့လည်း ဆိုပါတယ်။
သူတို့ရဲ့အမည်တွေကို တရားဝင် ထုတ်ဖော်ပြတာမျိုး မရှိသေးပေမဲ့ မစ္စတာထရမ့်ရဲ့ ရှေ့နေဟောင်း ရူဒီ ဂျူလီယာနီလည်း ပါတယ်လို့ အမေရိကန် သတင်းမီဒီယာတွေက ဆိုပါတယ်။