ဒီဇင်ဘာ ၂၅ရက် ထိပ်တန်းရောက်သတင်းစုစည်းချက်

ရေးသားခဲ့သည်။

ရေဖြူ၊ နဘုလယ်ဒေသက စစ်ကောင်စီရဲကင်းတိုက်ခိုက်ခံရ

ရေဖြူ၊ နဘုလယ်ဒေသက စစ်ကောင်စီရဲကင်းတိုက်ခိုက်ခံရ

ဓာတ်ပုံ ရင်းမြစ်, CJ

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသမှာရှိတဲ့ လုံခြုံရေးရဲကင်းကို မနေ့ ဒီဇင်ဘာ ၂၄ရက်မနက်ပိုင်းမှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေကနေသိရပါတယ်။

အဲ့ဒီဖြစ်စဉ်ပြီးတဲ့နောက် စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ နဘုလယ်ဒေသမှာရှိတဲ့ ကျေးရွာတွေထဲကို ဝင်ရောက်လာတာကြောင့် ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ပြောပါတယ်။

"အင်အားကရာချီပါတယ်လို့ သိထားရပါတယ်။ ရွာထဲက အများစုကပြေးကြပြီ၊ တချို့လည်း ရွာထဲ ပိတ်မိနေပြီး စစ်ဆေးခံနေရတယ်လို့ ကြားနေရတယ်၊ အကုန်လုံးက ကြောက်လန့်နေပြီ" လို့ နဘုလယ်ဒေသခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

နဘုလယ်ဒေသမှာ ထိန်ကြီး၊ လဲရှောင်စတဲ့ ကျေးရွာလေးရွာပါဝင်ပြီး ဒေသခံ ထောင်နဲ့ချီ နေထိုင်တဲ့ ဒေသတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

နာမည်ကြီးဟိုတယ်တချို့ အပါအဝင် လူစုလူဝေး‌များတဲ့နေရာတွေကို သတိထားသွားလာဖို့ အမေရိကန်နဲ့ ဗြိတိန်သံရုံးတို့ သတိပေးချက် ထုတ်ပြန်

နာမည်ကြီးဟိုတယ်တချို့ အပါအဝင် လူစုလူဝေး‌များတဲ့နေရာတွေကို သတိထားသွားလာဖို့ အမေရိကန်နဲ့ ဗြိတိန်သံရုံးတို့ သတိပေးချက် ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, AFP

လာမယ့် လွတ်လပ်ရေးနေ့၊ ပြည်ထောင်စုနေ့တွေ အပါအဝင် အထင်ကရနေ့ရက်တွေမှာ တိုက်ခိုက်မှုနဲ့ ပေါက်ကွဲမှုတွေ ဖြစ်ပွားနိုင်တာကြောင့် အမေရိကန်နဲ့ ဗြိတိန်နိုင်ငံသားတွေအနေနဲ့ သတိထားသွားလာကြဖို့ သက်ဆိုင်ရာသံရုံးတွေက ဒီရက်ပိုင်းမှာ ရှေ့ဆင့်နောက်ဆင့် သတိပေးစာ ထုတ်ပြန်လာပါတယ်။

ဒီဇင်ဘာ ၂၃ နဲ့ ၂၄ ရက်မှာ ဆက်တိုက်ဆိုသလို ထုတ်ပြန်လာတဲ့ ဒီသံရုံးတွေရဲ့ထုတ်ပြန်ချက်ထဲ ဖော်ပြချက်အရ ရန်ကုန်၊ နေပြည်တော်မှာရှိတဲ့ ရှန်ဂရီလာ (Shangri - La) ၊ လောတီ (Lotte) ဟိုတယ်တွေအနီးတဝိုက် ၊ နောက် စစ်တပ်နဲ့ဆက်စပ်နေတဲ့ အဆောက်အအုံ၊ ဘား၊ စားသောက်ဆိုင်တွေကို မသွားဖို့ သတိပေးထားတာတွေ့ရပါတယ်။

နေ့ထူးနေ့မြတ်တွေမှာလည်း မလိုအပ်ဘဲ အိမ်အပြင်မထွက်ဖို့ အမေရိကန်နဲ့ ဗြိတိန်သံရုံးတွေက သူတို့နိုင်ငံသားတွေကိုသတိပေးချက်ထုတ်ပြန်ထားတာဖြစ်ပါတယ်။

ဒါ့အပြင် ပြည်တွင်းမှာ လုယက်ခိုးယူမှုတွေလည်း များနေတာကြောင့် နိုင်ငံခြားသားတွေအနေနဲ့ လုံခြုံရေးသတိထားဖို့အပါအဝင် မြေမြှုပ်မိုင်းအန္တရာယ်တွေကအစ သတိပြုဖို့လည်း တိုက်တွန်းထားပါတယ်။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးဖို့ စစ်ကောင်စီရဲ့အကြောင်းကြားမှုကို အပစ်ရပ် ၇ဖွဲ့ လက်မခံ

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးဖို့ စစ်ကောင်စီရဲ့အကြောင်းကြားမှုကို  အပစ်ရပ် ၇ဖွဲ့ လက်မခံ

ဓာတ်ပုံ ရင်းမြစ်, AFP

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

တဖက်သတ်ဖိတ်ကြားတာမဟုတ်ဘဲ နှစ်ဦးသဘောတူဆွေးနွေးပွဲပြုလုပ်ဖို့ အပစ်ရပ်အဖွဲ့တွေပြော စစ်ကောင်စီရဲ့ အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ ( NSPNC ) ကနေ အပစ်ခတ်ရပ်ဆဲရေးလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ဖွဲ့နဲ့ နေပြည်တော်မှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဆိုပြီး အကြောင်းကြားမှုကို အပစ်ရပ်အဖွဲ့တွေဘက်က လက်မခံခဲ့ဘူးလို့ ဘီဘီစီကိုပြောပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် တဖက်သတ်နေရာ၊ အချိန်၊ ဆွေးနွေးမယ့်အကြောင်းအရာတွေ သတ်မှတ်ပြီး ဖိတ်ကြားတာမျိုးထက် နှစ်ဖက်စလုံးအဆင်ပြေနိုင်မယ့် အခင်းအကျင်းတစ်ခုကို တိုင်ပင်ပြီးမှသာ ဆက်ဆွေးနွေးဖို့ အပစ်ရပ် ၇ဖွဲ့ဘက်က တုံ့ပြန်ခဲ့တယ်လို့ သိရပါတယ်။

"လာမယ့် ၂၇၊ ၂၈၊ ၂၉ရက်နေ့တွေမှာ ငြိမ်းချမ်းရေးဆွေးနွေးဖို့ တစ်ဖွဲ့ချင်းစီကို လိပ်မူပြီး အကြောင်းကြားခဲ့ပါတယ်။ အကြောင်းအရာက ၂၀၀၈ အခြေခံဥပဒေမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်က ပြင်ဆင်လိုတာရှိရင် ‌ဆွေးနွေးဖို့၊ တခြားဆွေးနွေးလိုတာတွေရှိရင် ပြောဖို့ဆိုပြီး ပါပါတယ်။ အပစ်ရပ်အဖွဲ့တွေဘက်ကတော့ နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေနိုင်မယ့် အခင်းအကျင်းတစ်ခုကိုသဘောတူပြီးမှ ငြိမ်းချမ်းရေးဆွေးနွေးကြမယ်လို့ အကြောင်းပြန်ခဲ့တယ်" လို့ KNU/KNLA PC က ဗိုလ်မှူးကြီး စောကျော်ညွန့်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေထဲမှာပဲ အပစ်ရပ် ၇ဖွဲ့ကနေ အလွတ်သဘောတွေ့ဆုံဆွေးနွေးရေး ပြုလုပ်ဖို့ စစ်ကောင်စီဘက်ကို ဖိတ်ကြားခဲ့ပေမဲ့ စစ်ကောင်စီဘက်က အဆင်သင့်မဖြစ်သေးဘူးလို့ အကြောင်းပြန်ကြားခဲ့ပြီးနောက်ပိုင်း နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီဘက်က ထပ်မံကြိုးစားလာတာလည်းဖြစ်ပါတယ်။

အဲဒီ ၇ ဖွဲ့ထဲမှာ မွန်ပြည်သစ်ပါတီ (NMSP) ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)၊ ဒီမိုကရေစီ အကျိုးပြုကရင်တပ်မတော် (DKBA)၊ ကရင် အမျိုးသားအစည်းအရုံး/ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)၊ ပအိုဝ်းအမျိုးသားလွတ်မြောက် ရေးအဖွဲ့ချုပ် (PNLO)နဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) တို့ပါဝင်ပါတယ်။

ထိုင်းရွှေဆိုင်ထဲ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ဝင်ရောက်လုယက်ခဲ့တယ်လို့ဆို

ထိုင်းရွှေဆိုင်ထဲ မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ဝင်ရောက်လုယက်ခဲ့တယ်လို့ဆို

ဓာတ်ပုံ ရင်းမြစ်, MLD

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ၊ အေကချိုင် ဘန်ဘောမှာရှိတဲ့ထိုင်းရွှေဆိုင်တစ်ဆိုင်ကို မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက ဝင်ရောက်လုယက်မှုတစ်ခု မနေ့ ဒီဇင်ဘာ ၂၄ရက်ကဖြစ်ပွားခဲ့ပါတယ်။

လုယက်သူအဖြစ်ဖမ်းဆီးခံရတဲ့မြန်မာရွှေ့ပြောင်းလုပ်သားဟာ အသက် ၂၀ကျော်အရွယ်ပဲရှိသေးပြီး လက်ရှိမှာ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိထားပြီလို့ အမှုကိုလိုက်ပါကူညီပေးတဲ့ မြန်မာလုပ်သားအရေးဆောင်ရွက်ပေးတဲ့အဖွဲ့က ပြောပါတယ်။

'' သူအကြွေးတွေများနေလို့ လုပ်မိတယ်လို့ပြောပါတယ်။ ဘန်ဘောကစက်ရုံအလုပ်သမားပါ။ နာရီဝက်အတွင်းဖမ်းမိတယ်။ သူကလုပြီးထွက်ပြေးတာ သူဝင်ပုန်းတဲ့အိမ်က ထိုင်းရဲအိမ်ဖြစ်နေတာဆိုတော့ ရဲက စီစီတီဗီ က ကြည့်ပြီးလိုက်ဖမ်းတော့ ချက်ချင်းလိုမိသွားတာပါ'' လို့ စကားပြန်အဖြစ်ကူညီပေးတဲ့သူကပြောပြပါတယ်။

လက်ရှိမှာ လုယက်သူလို့သတ်မှတ်ခံထားရတဲ့ မြန်မာလုပ်သားရဲ့ မြန်မာနိုင်ငံနေရပ်လိပ်စာကိုအသေးစိတ်မသိရသေးသလို သူ့ရဲ့ မိဘတွေနဲ့ စက်ရုံဘက်ကဆက်သွယ်နေပြီး အာမခံရဖို့ကြိုးစားပေးနေတယ်လို့ပြောပါတယ်။

စစ်ဒဏ်သင့်သူတွေအရေး မမေ့ထားဖို့  ပုပ်ရဟန်းမင်းကြီးပြော

လူတွေ အာဏာနဲ့ ချမ်းသာကြွယ်ဝမှုနောက်လိုက်နေတယ်လို့လည်း ရဟန်းမင်းကြီးကပြော

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, လူတွေ အာဏာနဲ့ ချမ်းသာကြွယ်ဝမှုနောက်လိုက်နေတယ်လို့လည်း ရဟန်းမင်းကြီးကပြော

စစ်ဒဏ်သင့်လို့ ပင်ပန်းဆင်းရဲနေသူတွေနဲ့ ချို့တဲ့သူတွေကို မမေ့ကြဖို့ ပုပ်ရဟန်းမင်းကြီး ဖရန့်ဆစ်က ပြောလာပါတယ်။

ယူကရိန်းအပေါ် ရုရှားနိုင်ငံရဲ့ကျူးကျော်စစ်အပါအဝင် တခြားပဋိပက္ခတွေကို ရည်ညွှန်းပြီး ဗာတီကန်မှာပြုလုပ်တဲ့ ခရစ္စမတ်နေ့မတိုင်ခင် ဒီဇင်ဘာလ ၂၄ ရက် ဝတ်ပြုဆုတောင်းပွဲမှာ ရဟန်းမင်းကြီးက အခုလို ပြောလာတာပါ။

''ကျွန်ုပ်တို့ စစ်ပွဲတွေကို ကြုံတွေ့ခံစားခဲ့ရဖူးပါပြီ'' လို့ ပုပ်ရဟန်းမင်းကြီးက ပြောသလို စစ်ပွဲတွေမှာ သေကြေရသူတွေဟာ အင်အားနည်းသူနဲ့ ထိခိုက်ခံစားလွယ်သူတွေလို့လည်း ထပ်လောင်းပြောပါတယ်။

ဒါ့အပြင် လူတွေဟာ အာဏာနဲ့ကြွယ်ဝမှုရဖို့ဆိုရင် သွေးသားရင်းချာနဲ့ အိမ်နီးချင်းကိုတောင် ချနင်းတဲ့အဆင့်ကို ရောက်နေတယ်လို့ ပုပ်ရဟန်းမင်းကြီးက ပြောပါတယ်။

ပုပ်ရဟန်းမင်းကြီးဟာ သူ့ဆုတောင်းပွဲအတွင်း မြန်မာ့ အရေးကို ထည့်သွင်းပြောကြားတာမျိုး မရှိခဲပေမဲ့ ပြည်တွင်းမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးတဲ့နောက် မြန်မာ့အရေးကို သူ့အနေနဲ့ စိုးရိမ်တကြီး စောင့်ကြည့်နေတယ်လို့ ပြောခဲ့ဖူးသလို မြန်မာပြည်တွင်းက ပဋိပက္ခ အထူးသဖြင့် ကလေးငယ်တွေအရေးကို မမေ့ထားကြဖို့ အခုနှစ်အတွင်း ပြုလုပ်တဲ့ သူ့ဆုတောင်းပွဲမှာ ပြောခဲ့ဖူးပါတယ်။

ထိုင်းနိုင်ငံ PTT ရဲ့ မြန်မာပြည်တွင်းက လောင်စာဆီဆိုင်ရာလုပ်ငန်းကိုရပ်ဆိုင်း

ထိုင်းနိုင်ငံ PTT ရဲ့ မြန်မာပြည်တွင်းက လောင်စာဆီဆိုင်ရာလုပ်ငန်းကိုရပ်ဆိုင်း

ဓာတ်ပုံ ရင်းမြစ်, AFP

ထိုင်းနိုင်ငံအစိုးရပိုင်စွမ်းအင်ကုမ္ပဏီ PTT လက်အောက်မှာရှိတဲ့ လုပ်ငန်းခွဲကနေ မြန်မာနိုင်ငံတွင်း ‌လောင်စာဆီသယ်ယူပို့ဆောင်ရေးနဲ့ သိုလှောင်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းမယ်လို့ ထိုင်းဘက်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

ကမ္ဘာ့အကြီးဆုံးရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့ နော်ဝေရန်ပုံငွေအဖွဲ့က မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေးချိုးဖောက်မှုတွေကိုအားပေးရာရောက်လို့ ထိုင်းနိုင်ငံ PTTမှာရှိတဲ့ သူတို့ရဲ့ ရင်းနှီးမြုပ်နှံမှုကိုရပ်ဆိုင်းမယ်လို့ပြောပြီးတဲ့နောက် တစ်ပတ် အကြာမှာပဲ PTTကုမ္ပဏီဘက်က အခုလိုကြေညာလာခဲ့တာလို့ ဆိုပါတယ်။

ထိုင်းစွမ်းအင်ကုမ္ပဏီ PTTရဲ့ လုပ်ငန်းခွဲဖြစ်တဲ့ PTT Oil and Retail Business Plc (OR)အနေနဲ့ မြန်မာနိုင်ငံမှာ မငြိမ်မသက်မှုတွေဖြစ်နေသလို နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှုတွေရှိနေတာကြောင့်ပါ နောက်ထပ်အရင်းအနှီးမထည့်သွင်းတော့ဘူးလို့ ကုမ္ပဏီဘက်က ထုတ်ပြောတဲ့အကြောင်း ထိုင်းဘက်ကသတင်းတွေကနေ သိရပါတယ်။

OR လုပ်ငန်းခွဲဟာ မြန်မာ့စွမ်းအင်သယ်ယူပို့ဆောင်ရေးနဲ့ သိုလှောင်ရေးဝန်ဆောင်မှုတွေကို လုပ်ကိုင်တဲ့ Brighter Energy လုပ်ငန်းရဲ့ အစုရှယ်ယာ ၃၅ရာခိုင်နှုန်းကိုလည်း ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။

ဒါကြောင့် Brighter Energy လုပ်ငန်းအနေနဲ့ နိုင်ငံတကာပိတ်ဆို့အရေးယူတဲ့ စာရင်းမှာပါဝင်နေသူတွေနဲ့ ငွေကြေးလွှဲပြောင်းမှုတွေကိုပါ ရှောင်ရှားဖို့ OR လုပ်ငန်းကနေ တောင်းဆိုထားပြီး အကြမ်းဖက်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ ပံ့ပိုးကူညီတာမျိုးမဖြစ်အောင် တင်းတင်းကျပ်ကျပ်လုပ်ဆောင်သွားမယ်လို့ OR လုပ်ငန်းတာဝန်ရှိသူတစ်ဦးက ပြောကြောင်း ထိုင်းကသတင်းတွေမှာဖော်ပြပါတယ်။

ထိုင်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ PTT ကတော့ သက်ဆိုင်သူတွေနဲ့ ဆက်ဆံရေးကောင်းဆက်တည်ဆောက်သွားမှာဖြစ်ပြီး ဥပဒေတွေနဲ့ နိုင်ငံတကာလက်ခံထားတဲ့ကျင့်ဝတ်တွေနဲ့အညီ ဆက်လက်ဆောင်ရွက်မယ်လို့ ထုတ်ပြောထားပါတယ်။

ဆားတောင်မြို့နယ်ထဲ ကျေးရွာတွေမီးရှို့ခံရ

ဒီဇင်ဘာလ ၂၃ ရက် တစ်နေ့တည်းမှာတင် ကျေးရွာ ၃ ရွာက နေအိမ် ၉၀ နီးပါး မီးရှို့ခံခဲ့ရ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ဒီဇင်ဘာလ ၂၃ ရက် တစ်နေ့တည်းမှာတင် ကျေးရွာ ၃ ရွာက နေအိမ် ၉၀ နီးပါး မီးရှို့ခံခဲ့ရ

အရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့ဆို

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့နယ်ထဲက ကျေးရွာ ၅ ရွာထက်မနည်း အခုရက်ပိုင်းအတွင်းဆက်တိုက် မီးရှို့ခံရလို့‌ အရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဒီကနေ့ ဒီဇင်ဘာ ၂၅ရက်မနက်ပိုင်းမှာလည်း စစ်ကိုင်းမြို့နယ် ညောင်ငုပ်တိုရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဆားတောင်မြို့နယ်ထဲ ထပ်ဝင်နေလို့ ဒေသခံတွေ တိမ်း‌ရှောင်ကြဖို့လည်း ‌စစ်ရှောင်ကူညီသူမြို့နယ်အဖွဲ့တွေက သတိပေးနေပါတယ်။

ပြီးခဲ့တဲ့ရက်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုတည်းကနေ ဆားတောင်မြို့နယ်ထဲက သိမ်ချောင်း၊ ထန်းတောကုန်း၊ ဂူကြီးရွာတွေကို မီးရှို့ခဲ့တာလို့လည်း ဆိုပါတယ်။

ဒါ့အပြင် မိုးသောက်ကျေးရွာအုပ်စုထဲက လင်းယဥ်၊ ရှမ်းကုန်း၊ ကုန်းကြီး စတဲ့ရွာတွေလည်း ပါတယ်လို့ ဆိုပါတယ်။

မီးလောင်ခဲ့တဲ့ကျေးရွာတွေဟာ ရွာလုံးကျွတ်နီးပါးလောင်ကျွမ်းခဲ့တာကြောင့် အနည်းဆုံးဒေသခံ စစ်ရှောင် ထောင်ချီရှိနေပြီး အရေးပေါ် အစားအစာနဲ့ ဆေးဝါး ‌၊ စောင်တို့လိုအပ်နေတယ်လို့ ‌စစ်ရှောင်အရေးကူညီသူတွေကပြောပါတယ်။

စစ်ကောင်စီတပ်က ဂူကြီးကုန်းကျေးရွာကို ဝင်ချိန်မှာ ရွာသား ၂ ဦး ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းကြောင့် နေအိမ် ရာချီမီးလောင်ခဲ့သလို အဲဒီထဲမှာ စစ်ကိုင်း-ရွှေဘိုကားလမ်းဘေးမှာ စျေးရောင်းချနေကြတဲ့ သိမ်ချောင်းကျေးရွာက လေထိုးဆိုင်၊ စားသောက်ဆိုင်တွေလည်း ပါဝင်ပြီး ကားလမ်းနဲ့ ဝေးတဲ့နေအိမ်တွေကတော့ အိမ်တွင်း ပရိဘောဂတွေ ဖျက်ဆီးခံခဲ့ရတယ်လို့ စစ်ကိုင်းသတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်ဘက်ကတော့ ဆားတောင်မြို့က အခြေအနေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အမေရိကန် NDAA ကို တရုတ်ကန့်ကွက်  

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ G20 ထိပ်သီးဆွေးနွေးပွဲနဲ့ဆက်စပ်ပြီး နိုဝင်ဘာလတုန်းကတွေ့ဆုံခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်တို့ G20 ထိပ်သီးဆွေးနွေးပွဲနဲ့ဆက်စပ်ပြီး နိုဝင်ဘာလတုန်းကတွေ့ဆုံခဲ့ကြပါတယ်။

ဒီမိုကရေစီအရေး ကြိုးပမ်းနေသူတွေကို အကူအညီပေးရေးပါဝင်တဲ့ အမေရိကန်အမျိုးသား ကာကွယ်ရေးအက်ဥပဒေကို သမ္မတဂျိုးဘိုင်ဒန်က အတည်ပြုလက်မှတ်ထိုးလိုက်တာကို ကန့်ကွက်တဲ့အကြောင်း တရုတ်နိုင်ငံက ပြောလာပါတယ်။

 ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် နိုင်ငံတော် ကာကွယ်ရေး အသုံးစရိတ် ဥပဒေ (Bill of National Defense Authorization Act - NDAA) ထဲမှာ တရုတ်နိုင်ငံနဲ့ပတ်သက်ပြီး အပြုသဘောမဆောင်တဲ့ ကိစ္စတွေ ပါဝင်နေတယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောခွင့်ရသူက ပြောပါတယ်။

 အဲဒီဥပဒေထဲမှာ ပြည်မကြီးနဲ့ ဝေးကွာနေတဲ့ပြည်နယ်တစ်ခုအဖြစ် တရုတ်ဘက်က ရှုမြင်ထားတဲ့ ထိုင်ဝမ်ကျွန်းကို အကူအညီပေးရေးအချက်တွေလည်း ပါဝင်နေတာကြောင့် ဒါဟာ တရုတ်-အမေရိကန် ပူးတွဲ သဘောတူညီချက်တွေမှာပါဝင်တဲ့အချက်တွေကိုလည်း ချိုးဖောက်ရာရောက်နေတယ်လို့ တရုတ်ဘက်က ထောက်ပြ ပြောဆိုပါတယ်။

 ဒါ့အပြင် တရုတ်ဘက်ကတော့ အခု ဥပဒေဟာ တရုတ်ခြိမ်းခြောက်မှုဆိုတဲ့အကြောင်းအရာတွေကို စောင်းပေးနေပြီး လူထုရွေးချယ်မှုနဲ့ တက်လာတဲ့တရုတ်ကွန်မြူနစ်ပါတီကို သေးသိမ်အောင် လုပ် ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

အမေရိကန် သမ္မတက လက်မှတ်ရေးထိုးတားတဲ့ အဲဒီကာကွယ်ရေးအသုံးစရိတ် ဥပဒေမှာ တရုတ်နိုင်ငံကနေ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူနေတဲ့ မြန်မာစစ်တပ်ရဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ (Ethnic Armed Organizations – EAOs) တွေ ၊ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ တွေ (PDFs) တွေကိုလက်နက်မဟုတ်တဲ့ နည်းပညာ အကူအညီတွေထောက်ပံ့ဖို့အချက်တွေလည်း ထည့်သွင်းထားပါတယ်။  

ကော့သောင်း၊ ၉မိုင်အကျဉ်းထောင်က ထောင်ဝန်ထမ်းတစ်ဦးကို ဖမ်းဆီးမိထားတယ်လို့ မြိတ် PDF ပြော

ကော့သောင်း၊ ၉မိုင်အကျဉ်းထောင်က ထောင်ဝန်ထမ်းတစ်ဦးကို ဖမ်းဆီးမိထားတယ်လို့ မြိတ် PDF ပြော

ဓာတ်ပုံ ရင်းမြစ်, မြိတ် PDF

အရပ်ဝတ်နဲ့ ခရီးသွားလာတဲ့ စစ်ကောင်စီရဲ့ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတစ်ဦးကို မနေ့ ဒီဇင်ဘာ ၂၄ရက်တုန်းက မြိတ် - ထားဝယ်ကားလမ်းမကြီးပေါ်မှာ ဖမ်းဆီးရမိခဲ့တာလို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တပ်ရင်း ၁ ကနေ သိရပါတယ်။

"မနေ့က လမ်းမပေါ်တက်ပြီး စစ်ဆေးရေးလုပ်နေတုန်း မသင်္ကာတာနဲ့ စစ်ဆေး‌ရာကနေ သူ့ကို ဖမ်းမိခဲ့တာပါ။ လက်ကိုင်ဖုန်းထဲမှာလည်း စစ်ကောင်စီနဲ့ဆက်စပ်တာတွေ တွေ့ပါတယ်။ လောလောဆယ်က ထိန်းသိမ်းထားတုန်းပါ ၊ ကျန်းမာရေးကောင်းပါတယ်" လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တပ်ရင်း၁ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဖမ်းဆီးခံရသူဟာ တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ၉မိုင်အကျဉ်းထောင်မှာ တာဝန်ထမ်းဆောင်နေတဲ့ အကျဉ်းဉီးစီးဌာနကဖြစ်ပြီး ထားဝယ်မြို့ဘက်ကို သွားရာကနေ ထိန်းသိမ်းခံရတာလို့ ဆိုပါတယ်။

ဒါဟာ မြိတ် - ထားဝယ်လမ်းမကြီးပေါ်မှာ ပထမဆုံးအကြိမ် စစ်ကောင်စီနဲ့ဆက်စပ်သူကို ဖမ်းဆီးရမိတာလို့ ကာကွယ်ရေးအဖွဲ့ဘက်က ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်ဖို့ စစ်ကောင်စီကို မေးမြန်းဖို့ကြိုးစားနေသလို စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ဘက်ကလည်း သတင်းထုတ်ပြန်လာတာမတွေ့ရသေးပါဘူး။

ဒုံးပျံတင်ဖရီဂိတ်စစ်‌ရေယာဉ်တွေကို ကိုယ်တိုင်တည်ဆောက်ပြီး တိုက်ပွဲဝင်နိုင်တဲ့ အဆင့်ရှိနေပြီလို့ စစ်ခေါင်းဆောင်ပြော

ဒုံးပျံတင်ဖရီဂိတ်စစ်‌ရေယာဉ်တွေကို ကိုယ်တိုင်တည်ဆောက်ပြီး တိုက်ပွဲဝင်နိုင်တဲ့ အဆင့်ရှိနေပြီလို့ စစ်ခေါင်းဆောင်ပြေ

ဓာတ်ပုံ ရင်းမြစ်, စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့

မြန်မာ့ရေတပ်ကို အဆင့်ဆင့်တည်ဆောက်လာခဲ့ရာကနေ အခုတော့ ဒုံးပျံတင် ဖရီဂိတ်စစ်ရေယာဉ်တွေကို ကိုယ်တိုင်တည်ဆောက်နိုင်ပြီး တိုက်ပွဲဝင်နိုင်တဲ့ အဆင့်ထိရောက်ဆောင်ရွက်နိုင်ပြီလို့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ ၇၅နှစ်မြောက် စိန်ရတုတပ်မတော် (ရေ) နှစ်ပတ်လည်နေ့အခမ်းအနားမှာ ပဥ္စမနဲ့ ဆဋ္ဌမမြောက် Super Dvora အမြန်သွားကင်းလှည့်ရေယာဉ် ၂စီးအပါအဝင် တပ်ဖွဲ့ဝင်ကမ်းထိုးရေယာဉ် ၂စီးနဲ့ ရေသယ် ရေယာဉ် ၁စီးတို့ တပ်တော်ဝင်ခဲ့တယ်ဆိုတဲ့ ဒီကနေ့ ဒီဇင်ဘာ ၂၅ရက်နေ့ ထုတ် သတင်းစာမှာဖော်ပြထားတာပါ။

ရေတပ်ဟာ အခုဆိုရင် မြန်မာ့ပင်လယ်ပြင်သီးသန့်စီးပွားရေးဇုန်အထိ အပြည့်အဝကာကွယ်နိုင်တဲ့ သုံးဖက်မြင်စစ်ဆင်နိုင်စွမ်းရှိတဲ့ တိုက်ပွဲဝင်အသင့်ရေတပ်အဖြစ်ကို ရောက်ရှိနေတယ်လို့လည်း ဆိုပါတယ်။ ဒုတိယအဆင့်ဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာထဲမှာရှိတဲ့ မြန်မာ့ပင်လယ်ပြင်နဲ့ ဆက်စပ်ပြင်လယ်ပြင်တွေကို အင်အားဖြန့်ကြက်နိုင်တဲ့ ရေတပ်အဖြစ်တည်ဆောက်နေပြီး ရေရှည်အနေနဲ့ မိမိအကျိုးစီးပွားတွေ ဆက်စပ်တည်ရှိရာ ရေပြင်ကို အင်အားပို့လွှတ်နိုင်တဲ့ ရေတပ်အဖြစ် ရောက်အောင် မျှော်မှန်းထားတယ်လို့ ဆိုပါတယ်။

ဒါကြောင့် ဒေသတွင်းအင်အားဖြန့်နိုင်တဲ့ စစ်ရေယာဉ်ကြီးတွေကို ဆက်တည်ဆောက်သွားမှာဖြစ်သလို အခုတည်ဆောက်နိုင်တဲ့ Super Dvora ထက် အရွယ်ပမာဏပိုကြီးပြီး ပိုစွမ်းဆောင်နိုင်တဲ့ သင်္ဘောမျိုးတည်ဆောက်ဖို့ ကြိုးစားသွားရမယ်လို့ စစ်ခေါင်းဆောင်က ထည့်ပြောသွားခဲ့တာပါ။

ရေတပ်အရာရှိနဲ့ စစ်သည်တွေကို ရုရှား၊ တရုတ်၊ အိန္ဒိယစတဲ့ ပြည်ပနိုင်ငံတွေကို စေလွှတ်သင်ကြားခဲ့ပြီး နိုင်ငံတကာရေတပ်နဲ့ ချစ်ကြည်ရင်းနှီးမှုအပြင် အကျိုးကျေးဇူးတွေရခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တဖက်မှာတော့ အာဏာသိမ်းစစ်ကောင်စီကို လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေထောက်ပံ့တာကို ကမ္ဘာလုံးဆိုင်ရာရပ်တန့်ပေးဖို့ အရပ်ဖက်အဖွဲ့တွေရော ဒီမိုကရေစီအင်အားစုတွေကပါ တောင်းဆိုနေကြတာဖြစ်ပေမဲ့ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အတည်ပြုခဲ့တဲ့ မြန်မာ့အရေးဆိုင်ရာမူကြမ်းမှာ ဒီအချက်တွေချန်လှပ်ထားခံခဲ့ရတာဖြစ်ပါတယ်။