ကြေကွဲစရာ မိုဘီ တံတားပြိုကျမှု ဒေသခံ မျက်မြင်သက်သေတွေရဲ့ ပြောပြချက်

အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်က မြစ်ကူးကြိုးတံတားတစ်စင်း တနင်္ဂနွေနေ့ ညနေပိုင်းက ပြိုကျခဲ့ပြီး အနည်းဆုံး လူ၁၄၁ ဦး သေဆုံးခဲ့ပါတယ်။
ဒီတံတားပြိုကျမှုမှာ အမျိုးသမီးတွေ၊ကလေးတွေနဲ့ သက်ကြီးရွယ်အိုအများစု အသက်ဆုံးရှုံးခဲ့ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တံတားပြိုကျမှုနဲ့ပတ်သက်ပြီး အခင်းဖြစ်တဲ့နေရာမှာ ရှိနေတဲ့သူတွေက ဘီဘီစီကို ပြန်ပြောပြခဲ့ပါတယ်။
'ကျွန်တော်အသက်ရှင်ခဲ့ပေမယ့် ညီမလေးကို အခုထိရှာမတွေ့သေးဘူး '
တံတားပြိုကျတဲ့အချိန်မှာ အသက်ခြောက်နှစ်အရွယ် သူ့ညီမလေးနဲ့အတူ တံတားပေါ်မှာ ရှိနေခဲ့ပြီး၊တံတားပြိုကျတော့ သူအသက်မသေခဲ့ပေမယ့် သူ့ညီမလေးကတော့ အခုအ ချိန်အထိ ရှာမတွေ့သေးဘူးလို့ ဘီဘီစီဂူဂျာရတီ သတင်းဌာနကို လူငယ်တစ်ယောက်က ပြောပြပါတယ်။
“ကျွန်တော်တို့ တံတားပေါ်မှာရှိနေတဲ့အချိန် အဲ့မှာ လူရာနဲ့ချီ ရှိတယ်။ ဒီတံတားကို ပထမဆုံးအကြိမ် ကျွန်တော်တို့ ရောက်ဖူးတာ။ ကျွန်တော်နဲ့ ကျွန်တော့် ညီမလေး မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက်နေကြတုန်း ရုတ်တရက် တံတားပြိုကျသွားတာ။ ညီမလေးနဲ့ ကျွန်တော် ရေထဲပြုတ်ကျသွားတယ်။ အခု ကျွန်တော်က အသက် မသေပေမဲ့ ကျွန်တော့် ညီမလေးကတော့ ပျောက်နေတုန်းပဲ ”
ပျောက်နေတဲ့ သူ့ညီမလေးကို တနင်္ဂနွေညနေကတည်းက သူ လိုက်ရှာနေတာ အခုထိမတွေ့သေးဘူးလို့ ငိုပြီး ထပ်ပြောပြပါတယ်။
“ဆေးရုံမှာတင်မက နေရာအားလုံးမှာ ရှာပြီးပြီ။ ဒါပေမဲ့ ညီမလေးကို ဘယ်မှာမှ ရှာမတွေ့ဘူး”

ဓာတ်ပုံ ရင်းမြစ်, BIPIN TANKARIYA
တိကျတဲ့အဖြေမရဘူး
ဂျေးရှဘီရဲ့ သူငယ်ချင်းရာဂျစ်ဟာ တံတားပြိုကျမှုမှာ ပါသွားပြီး တနင်္လာနေ့ မနက်အစောပိုင်းအထိ သူ့သူငယ်ချင်းကို သူရှာခဲ့တယ်လို့ ဂျေးရှဘီက ဘီဘီစီ ဂူဂျာရတီကို ပြောပြပါတယ်။
" ဆေးရုံတွေမှာ လိုက်ရှာတယ်။ တာဝန်ရှိသူတွေကိုလည်း မေးပြီး အကူအညီ တောင်း တယ်။ ဒါပေမဲ့ သူတို့ဆီကရတဲ့ တစ်ခုတည်းသော တုံ့ပြန်ချက်က "ကြိုးစားနေပါတယ်" ဆိုတာပဲ။ တိကျတဲ့ အဖြေမရဘူး” လို့ ဂျေးရှဘီက ပြောပါတယ်။
"သူ့မိသားစုက အရမ်းဝမ်းနည်းနေကြတယ်၊ ဒါပေမဲ့ ရာဂျစ်ဘာမှမဖြစ် ဘူးဆိုတဲ့ မျှော်လင့်ချက်ကတော့ သူတို့စိတ်ထဲမှာရှိနေကြတုန်း "လို့ ဂျေးရှဘီကပြောပြီး တံတားကို ပြုပြင်ပြီးနောက် ပြန်မဖွင့်ခင်မှာ လုံလောက်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်သင့်တယ်လို့လည်း သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ANI
လူ ၅၀၊ ၆၀လောက် တံတားအပျက်ကြီးမှာ တွဲလောင်းဖြစ်နေ
တံတားပြိုကျတဲ့ ဖြစ်ရပ်ဆိုးကြီး ဖြစ်ပွားခဲ့ပြီးနောက် အခင်းဖြစ်တဲ့နေရာကို အပြေးအလွှားလာရောက်ခဲ့တဲ့ ဒေသ ခံရာမက်ဘီဂျီလာရီယာက အလောင်းတွေကို ရေထဲက ဆယ်ထုတ်ဖို့အတွက် သူ ကူညီခဲ့တယ်လို့ ဘီဘီစီဂူဂျာရတီကို ပြောပြ ပါတယ်။
“တံတားပြိုကျပြီဆိုတာ ကြားကြားချင်း ကြိုးတစ်ချောင်းယူပြီး ဖြစ်တဲ့နေရာကို အပြေး သွားလိုက်တယ်။ အဲဒီကိုရောက်တော့ လူ၅၀ ၆၀လောက်ကို ပြိုကျနေတဲ့ တံတားပေါ်မှာ တွဲလောင်းဖြစ်နေတာကို တွေ့ရတယ်”လို့ သူက ပြောပါတယ်။
ဂျီလာရီယာနဲ့ အခြားသူတွေက ကြိုးနဲ့ အလောင်း ၁၅ လောင်းခန့်ကို မြစ်ထဲကနေ ဆယ်ခဲ့ကြပါတယ်။
"ကျွန်တော်တို့ ဆယ်ခဲ့ရတဲ့အလောင်းတွေထဲမှာ ကလေးအလောင်းသုံးလောင်း လည်းပါတယ်"

ဓာတ်ပုံ ရင်းမြစ်, BIPIN TANKARIA
တံတားကျိုးကျတဲ့အသံ အကျယ်ကြီးကြားရ
"အလုပ်ပြီးလို့ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်းတွေ တံတားနားမှာ ထိုင်နေကြတာ " လို့ တံတားကျိုးကျတဲ့ အဖြစ်ဆိုးကို မျက်မြင်တွေ့ရတဲ့ ဆူဘာစ်ဘာဟီက ဘီဘီစီ ဂူဂျာရတီကို ပြောပြပါတယ်။
တံတားကျိုးကျတဲ့အသံ အကျယ်ကြီးကြားရပြီး လူတွေကိုကယ်ဖို့ ဆူဘာစ်ဘာဟီ တို့သူငယ်ချင်းတွေ အဲ့ဒီနေရာကို အမြန်ပြေးသွားခဲ့ကြပါတယ်။
“တချို့က ရေကူးနေကြပေမယ့် တချို့ကတော့ ရေနစ်နေကြပြီ။အဲ့ထဲက ကလေးငယ်တွေကို အရင်ဆုံး ဆွဲထုတ်ကယ်ရတယ်။ပြီးတော့ ပိုက်တစ်ခုနဲ့ လူကြီးတွေကို ဆက်ကယ်ဆယ်ဖို့ ကြိုးစားရတယ်။”
လူရှစ်ဦး ကိုးဦးလောက်ကို ရေထဲကနေကယ်နိုင်ခဲ့ပြီး၊ အလောင်းနှစ်လောင်းကို ဆယ်ယူခဲ့တယ်” လို့ သူကပြောပါတယ်။
ဘီဘီစီဂူဂျာရတီ အတွက် တာဂျက်စ်ဗိုင်ဒ်ယာ၊ ရိုဇီဂါဒီကာချာဟာရာနဲ့ ရာဂျက်စ် အမ်ဘာလီယာတို့ သတင်းပေးပို့ချက်








