ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပါလက်စတိုင်းတွေကို တောက်ဘက်ပိုင်းပိုကျတဲ့ နေရာတွေကို ထပ်ရွှေ့ဖို့ အစ္စရေးပြော - ဒီဇင်ဘာ ၄ ရက် ထိပ်တန်း နိုင်ငံတကာ သတင်းများ
ဂါဇာထဲမှာ ပါလက်စတိုင်း ဦးရေ တစ်သိန်းခုနှစ်သောင်း ဝန်းကျင်ကို တောင်ဘက်ပိုင်း ပိုကျတဲ့ နေရာတွေဆီ ထပ်ပြီး ရွှေ့ပေးဖို့ လိုမယ် ဆိုပြီး အစ္စရေးဘက်က ပြောပါတယ်။ ဟားမတ်စ် အဖွဲ့ကို တိုက်ခိုက်နေတဲ့ အစ္စရေးစစ်တပ်ရဲ့ မြေပြင် ထိုးစစ်တွေကို တိုးချဲ့ လုပ်ဆောင်နေတာကြောင့် အဲဒီလို ရွှေ့ဖို့ လိုအပ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဟားမတ်စ်အဖွဲ့ရဲ့ ပစ်မှတ် ၂၀၀ ဝန်းကျင်ကို ပြီးခဲ့တဲ့ တနင်္ဂနွေညတုန်းက ည လုံးပေါက် တိုက်ခိုက် နေခဲ့တယ်လို့လည်း အစ္စရေး စစ်တပ်က ပြောပါတယ်။
ပါလက်စတိုင်းတွေ အတွက် ပြေးစရာ မြေမရှိ ဆိုတဲ့ အခြေအနေမျိုး ရောက်နေပြီး၊ ဂါဇာထဲ ဘယ်နေရာမှာမှ လုံခြုံမှု မရှိဘူးလို့ မြေပြင်မှာ ကူညီရေးတွေ လုပ်ဆောင်နေတဲ့ ကုလသမဂ္ဂ အရာရှိ တစ်ယောက်က ဆိုပါတယ်။
လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး နိုင်ငံတကာ အဖွဲ့ ဖြစ်တဲ့ HRW က ပရိုဂရမ် ဒါရိုက်တာ ဆာရီဘာရှီကလည်း အစ္စရေးဟာ အရပ်သားတွေကို ကာကွယ်စောင့်ရှောက်မှုပေးတာမျိုး မရှိဘူးဆိုပြီး အခုလို ပြောပါတယ်။
“လုံခြုံရာနေရာ ဘယ်မှာမှ မရှိသလို၊ သွားလာဖို့ လုံခြုံရာ လမ်းကြောင်းတွေလည်း ကင်းမဲ့နေချိန်မှာ လူတွေကို ထွက်ပြေးခိုင်းနေတာ ဖြစ်တဲ့ အတွက်၊ လူတွေဟာ ဘာလုပ်လို့ လုပ်ရမှန်းမသိ ဖြစ်ရပါတယ်။ သူတို့ အတွက် ထိရောက်ပြီး ဘေးကင်းစေတဲ့ ဘယ်လို တင်ကြို သတိပေးမှုမျိုးမှ ရှိမနေပါဘူး” ဆိုပြီး ပြောသွားတာပါ။
နယ်သာလန်မှာ ရှိတဲ့ အမေရိကန် သိုလှောင်ရုံထဲက တိုက်လေယာဉ် အစိတ်အပိုင်းတွေ အစ္စရေးထဲ မပို့ရေး တရားရုံးမှာ တင်သွင်းလျှောက်ထား
ဒီအချိန်မှာပဲ နယ်သာလန်နိုင်ငံမှာတော့ လူ့အခွင့်အရေး အဖွဲ့တွေ ပူးပေါင်း လျှောက်ထားလာတဲ့ အစ္စရေးကို လက်နက်ထောက်ပံ့ ရောင်းချတာတွေ ချက်ခြင်း ရပ်တန့်ရေး တောင်းဆိုထားတဲ့ အမှုကို တရားရုံးတော် တစ်ခုက ကြားနာနေပါတယ်။
F35 အမျိုးအစား တိုက်လေယာဉ်ပျံရဲ့ အစိတ်အပိုင်းတွေကို နယ်သာလန် နိုင်ငံကနေ အစ္စရေးထဲ တင်ပို့နေတာဟာ ဂါဇာထဲ အစ္စရေးက ကျုးလွန်နေတယ်လို့ စွပ်စွဲခံရတဲ့ စစ်ရာဇဝတ်မှုတွေထဲ နယ်သာလန်နိုင်ငံလည်း ကြံရာပါ ဖြစ်စေတယ် ဆိုပြီး လူ့အခွင့်အရေး အဖွဲ့တွေက အမှု တည်ဆောက်ထားပါတယ်။
သူတို့ ထောက်ပြနေတဲ့ တိုက်လေယာဉ် အစိတ်အပိုင်းတွေ ဆိုတာ နယ်သာလန်နိုင်ငံထဲ ထားရှိတဲ့ အမေရိကန် သိုလှောင်ရုံ တစ်ခုကနေ အစ္စရေး အပါအဝင် တခြား အမေရိကန် မိတ်ဖက် နိုင်ငံတွေကို တင်ပို့နေတာဖြစ်ပါတယ်။
နယ်သာလန် အစိုးရကတော့ သူတို့ အနေနဲ့ အမေရိကန် ကုန်ပစ္စည်းတွေ ဖြန့်ဖြူးခြင်း အပေါ် ဝင်ရောက် စွက်ဖက်ဖို့ရာ ဥပဒေကြောင်းရ လုပ်ပိုင်ခွင့် ရှိမရှိ ဆိုတာကို ဆန်းစစ်နေတယ်လို့ ဆိုပါတယ်။
အမှု တင်သွင်း လျှောက်ထားကြသူတွေဟာ နိုင်ငံတကာ လွတ်ငြိမ်း ချမ်းသာခွင့် အဖွဲ့ Amnesty International နဲ့ လူမှု ကူညီရေး ပရဟိတ အဖွဲ့ Oxfam အဖွဲ့တို့ရဲ့ နယ်သာလန် ရုံးခွဲတွေက လှုပ်ရှား တက်ကြွသူတွေ ဖြစ်ပါတယ်။
အက်စကွီဘိုကို ပိုက်နက်မြေ အဖြစ် သတ်မှတ်ရေး ဗင်နီဇွဲလားမှာ လူထုဆန္ဒခံယူပွဲ ပြုလုပ်
ဗင်နီဇွဲလား နိုင်ငံဟာ ရေနံကြွယ်ဝတဲ့ အက်စကွီဘိုး Essequibo ဒေသကို သူတို့ နိုင်ငံရဲ့ ပိုက်နက် နယ်မြေ အစိတ်အပိုင်း အဖြစ် တောင်းဆိုသွားမယ် ဆိုပြီး နိုင်ငံတွင်း မဲပေး အတည်ပြု ခဲ့ကြပါတယ်။ အက်စကွီဘိုးဟာ လက်ရှိမှာတော့ အိမ်နီးချင်း ဂိုင်ယားနား Guyana နိုင်ငံရဲ့ အစိတ်အပိုင်း အဖြစ် တည်ရှိနေတာ ဖြစ်ပါတယ်။
နှစ်နိုင်ငံကြား ပဋိပက္ခတွေ ပေါ်ပေါက်လာအောင် ဗင်နီဇွဲလား သမ္မတ နီးကိုးလပ်စ် မာဒူရိုက မီးမွှေး နေတယ် ဆိုပြီး ဂိုင်ယားနား အိုင်ရ်ဖန်း အလီက ပြစ်တင် ရှုံ့ချပါတယ်။
ဗင်နီဇွဲလားထဲ ပြုလုပ်ခဲ့တဲ့ လူထု ဆန္ဒ ခံယူပွဲဟာ ဥပဒေအရ မဖြစ်မနေ လိုက်လံ ဖော်ဆောင် စရာ မလိုတဲ့ ဆန္ဒခံယူပွဲဖြစ်သလို၊ လာရောက် မဲပေးခဲ့တဲ့ အရေအတွက်ဟာလည်း မများလှဘူး ဆိုပြီး အကဲခတ်တွေက ဆိုပါတယ်။
အက်စကွီဘိုး ဘယ်နိုင်ငံရဲ့ ပိုင်နက်မြေလည်း ဆိုတာကို ဗင်နီဇွဲလားနဲ့ ဂိုင်ယားနားကြား အငြင်းအခုံ ဖြစ်နေခဲ့ကြတာ ၁၉ ရာစု ကတည်းက ဖြစ်ပြီး၊ အက်စကွီဘိုး ဒေသခံတွေ အနေနဲ့လည်း ကိုယ်တိုင် ဆန္ဒခံယူပွဲလုပ် ဆုံးဖြတ်နိုင်ခွင့်မရှိ ဖြစ်နေတယ်လို့ ဆိုပါတယ်။
မာရာပီမီးတောင်ပေါက်လို့ ၁၂ ဦး သေဆုံး၊ ၁၂ ဦး ပျောက်ဆုံး
အင်ဒိုနီးရှားနိုင်ငံ အနောက်ဘက်ပိုင်း ဆူမာတြားကျွန်းပေါ်မှာ မာရာပီ မီးတောင် ပေါက်ကွဲခဲ့ပြီး၊ တောင်တက်သမား ၁၁ ယောက်ရဲ့ အလောင်းတွေကို တွေ့ရှိထားရတယ်လို့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
မီးတောင်အောက်ကို လူ အယောက် ၅၀ ဝန်းကျင် သယ်ဆောင် ကယ်ထုတ် ပေးခဲ့ရပြီး၊ ပျောက်ဆုံးနေဆဲ လူ ၁၂ ယောက် ရှိတယ်လို့လည်း ဆိုပါတယ်။
မာရာပီမီးတောင်ကနေ ပြာတွေကို ကောင်းကင်ယံထက် ၂ မိုင်နီးပါးထိ မြင့်အောင် မှုတ်ထုတ်နေခဲ့တာကို မနေ့ တနင်္ဂနွေနေ့မှာ တွေ့မြင် နေခဲ့ရပါတယ်။ အဲဒီနောက် ကြီးမားတဲ့ မီးတောင်ပြာထု တိမ်တိုက်ကြီး ပေါ်ပေါက်လာပြီး လမ်းတွေထက်က မော်တော်ယာဉ်တွေပေါ် ပြာတွေ ဖုန်းလွှမ်းသွားပါတယ်။
အင်ဒိုနီးရှား နိုင်ငံဟာ ပစိဖိတ်ဒေသရဲ့ မီးကွင်းကြီးလို့ တင်စား ခေါ်ကြတဲ့ မီးတောင် ရပ်ဝန်းပေါ် တည်ရှိနေပြီး၊ နိုင်ငံ နယ်နမိတ်ထဲ လှုပ်ရှား နေတဲ့ မီးတောင် တစ်ရာကျော် ရှိပါတယ်။
ယူကရိန်းကို ထောက်ပံ့ရေး အမေရိကန် ဘတ်ဂျက်ငွေ ကုန်ခမ်းနေပြီ
အမေရိကန် ပြည်ထောင်စုကနေ ယူကရိန်းကို ထောက်ပံ့နေတဲ့ လက်နက် အပါအဝင် အသုံးအဆောင် ပစ္စည်းတွေနဲ့ ပတ်သက်ပြီး သုံးစွဲနေတဲ့ ဘဏ္ဍာရန်ပုံငွေတွေဟာ အခု နှစ်ကုန်မှာပဲ ကုန်ဆုံးသွားဖွယ်ရာ ရှိတယ် ဆိုပြီး အိမ်ဖြူတော်ကနေ အမေရိကန် ကွန်ဂရက်စ် လွှတ်တော်ကို သတိပေးပါတယ်။
သမ္မတ ဘိုင်ဒန်ရဲ့ ဘတ်ဂျက်ရေးရာ အကြီးအမှူး ရှာလန်ဒါ ယန်း Shalanda Young က ကွန်ဂရက်စ် လွှတ်တော် ဥက္ကဋ္ဌထံ စာရေးသား ပေးပို့ပါတယ်။ တကယ်လို့ အမေရိကန်လွှတ်တော်ဘက်က ဘတ်ဂျက် အသစ် ချပေးဖို့ ပျက်ကွက်မယ် ဆိုရင် စစ်မျက်နှာပြင်မှာ ရှိနေတဲ့ ယူကရိန်းရဲ့ ဒူးခေါင်းကို ပစ်ချိုးလိုက်သလို ဖြစ်လိမ့်မယ် ဆိုပြီး စာထဲမှာ ရေးသားထားပါတယ်။
ရုရှားရဲ့ ရန်လိုမှုကနေ ယူကရိန်း အနေနဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံနိုင်စွမ်း ရှိအောင် ကူညီတာဟာ အမေရိကန်ရဲ့ အမျိုးသား အကျိုးစီးပွားနဲ့လည်း တိုက်ရိုက် ပတ်သက်နေတယ် ဆိုပြီးတော့လည်း မစ္စယန်းက သူ့ရဲ့စာထဲ ထည့်သွင်းထားပါတယ်။ လွှတ်တော်ထဲ သဘောထားတင်းမာတဲ့ အတိုက်အခံ ရီပတ်ဘလစ်ကင် အမတ်တချို့ကတော့ ဒေါ်လာသန်း ထောင်ပေါင်းများစွာ တန်ဖိုးရှိတဲ့ ယူကရိန်းကို ထောက်ပံ့ရေး ဘတ်ဂျက် အသစ် ထွက်မလာအောက် ပိတ်ဆို့နေကြပါတယ်။
ချန်နိုင်းမြို့မှာ ဆိုင်ကလုံးဒဏ် စပြီး ခံနေရပြီ
ဘင်္ဂလား ပင်လယ်အော်ထဲက လေဖိအားနည်း ရပ်ဝန်းဟာ အားကောင်းတဲ့ ဆိုင်ကလုန်း မုန်တိုင်း အဆင့်ကို ရောက်ရှိသွားပြီဖြစ်လို့ အိန္ဒိယနိုင်ငံရဲ့ အရှေ့တောင်ဘက် ကမ်းရိုးတန်း တလျှောက် လေပြင်းတိုက်ပြီး မိုးကြီးနေပါတယ်။ ချန်နိုင်းမြို့ကြီးပေါ်က လူနေ ရပ်ကွက်တချို့မှာ ရေကြီးရေလွှမ်းတဲ့ဒဏ် ခံနေရပါတယ်။ အိမ်တစ်လုံး ပြိုကျခဲ့လို့ အနည်းဆုံး လူ ၂ ယောက် သေဆုံးသွားကြောင်း အဲဒီကလာတဲ့ သတင်းတွေက ဆိုပါတယ်။ ရေစီးနဲ့အတူ လူစီးကားတွေ မျောပါသွားတဲ့ ဗီဒီယိုတွေကို လူမှုကွန်ရက် စာမျက်နှာတွေထက် တွေ့နေရပါတယ်။ အခုဆိုရင် ချနိုင်းကို အဝင်အထွက် လေယာဉ် ခရီးစဉ်တွေအားလုံး ဆိုင်းငံ့လိုက်ပြီ ဖြစ်ပါတယ်။ မုန်တိုင်းဟာ ကုန်းတွင်းကို ဒေသအချိန် အင်္ဂါနေ့ မနက်ပိုင်း ဝင်ရောက်မယ်လို့ ခန့်မှန်းထားပါတယ်။