ပလက်ဝမှာ မှတ်ပုံတင်ပြပြီး ဆန်ဝယ်ရ

ရေးသားခဲ့သည်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်တစ်ခုလုံးနီးပါး ရိက္ခာပြတ်လပ်မှုတွေနဲ့ကြုံနေကြရပြီး ဆန်အပါအဝင် စားနပ်ရိက္ခာတွေကို ဝယ်ယူလို့မရတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရတယ်လို့ မြို့ခံတွေက‌ ပြောဆိုကြပါတယ်။

ရိက္ခာပြတ်လပ်မှုတွေကြောင့် ကုန်ဈေးနှုန်းတွေလည်း အဆမတန်မြင့်တက်နေပြီး မြို့ခံတွေအပါအဝင် စစ်ရှောင်ဒုက္ခသည်တွေပါ စားဝတ်နေရေး အကျပ်အတည်းတွေနဲ့ ကြုံနေကြရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းက ဆန်တစ်အိတ်ကို ကျပ် ၈ သောင်းအထိ မြင့်တက်ခဲ့သလို ကြက်သွန်ဥ တစ်ပိဿာကို ၇၀၀၀ ကျပ်၊ စားအုန်းဆီ တစ်လီတာကို ၈၅၀၀ ကျပ်၊ ကြက်ဥ ၃ လုံးကို ၁၀၀၀ ကျပ်အထိ စျေးမြင့်ပေးဝယ်နေရတယ်လို့ ဆိုပါတယ်။

အခုလအတွင်းမှာတော့ စစ်ကောင်စီကနေ ဆန်နဲ့စားသောက်ကုန်စည်တွေကို ထိန်းချုပ်မှုတွေလုပ်ထားပြီး ဆန်တစ်အိတ်ကို ကျပ် ၆၅၀၀၀ နှုန်းနဲ့ သတ်မှတ်ပြီး ရောင်းချခွင့်ပြုထားတယ်လို့ သိရပါတယ်။

 လတ်တလောမှာ ဆန်ဈေးအနည်းငယ်ကျဆင်းသွားပေမယ့် တခြားကုန်ဈေးနှုန်းတွေက ဆက်လက် မြင့်တက်နေဆဲဖြစ်သလို ပလက်ဝမြို့ပေါ်က ဈေးဆိုင်ပိုင်ရှင်တွေကိုလည်း  ဆိုင်တွေမှာ ပစ္စည်းအသစ်တွေမရောင်းကြဖို့ ခံဝန်လက်မှတ် ထိုးထားရတယ်လို့ သိရပါတယ်။  

 

အခု ရောင်းချပေးနေတဲ့ဆန်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ကျောက်တော်မြို့ကနေ သယ်ယူခွင့်ပြုလိုက်တဲ့ဆန်တွေကို ရောင်းချပေးနေတာဖြစ်ပြီး လိုသလောက် ဝယ်ယူခွင့်မရကြဘူးလို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

တစ်အိမ်ထောင်ကို နှစ်ပြည်နှုန်းသာ ရောင်းချပေးပြီး ဆန်ဝယ်ယူခွင့်ရရှိဖို့အတွက် အိမ်ထောင်စုစာရင်းနဲ့ မှတ်ပုံတင်တွေကို ပြနိုင်မှ ရောင်းချပေးတာလို့ ဆိုပါတယ်။

“အလွယ်တကူ ဝယ်ယူလို့တော့မရဘူး။ အိမ်ထောင်စုတစ်စုကို ဘယ်လောက်ဆိုပြီး သတ်မှတ်လို့ရောင်းပေးတယ်။ အိမ်ထောင်စု၊ မှတ်ပုံတင်တွေပြပြီးမှဝယ်လို့ရတာ။ ဒါတောင် မြို့သူမြို့သားတွေအကုန်ဝယ်လို့ရတာမဟုတ်ဘူး။ မျက်နှာရှိတဲ့သူတွေမှရကြတာ။”လို့အမည်မဖော်လိုတဲ့ ပလက်ဝမြို့ခံတစ်ဦးက ပြောပါတယ်။

 

 ပလက်ဝမြို့နယ်ဟာ ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တစ်ခုဖြစ်ပေမယ့် ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်နဲ့ နယ်နိမိတ်ထိစပ်နေတာကြောင့် ရခိုင်မြောက်ပိုင်းဒေသနဲ့ ဆက်သွယ်သွားလာကြရသလို ဆန်နဲ့တခြားစားနပ်ရိက္ခာတွေကိုလည်း ကျောက်တော်မြို့ကနေ တစ်ဆင့် ဝယ်ယူနေကြရတာဖြစ်ပါတယ်။

အဆိုးဆုံးကတော့ စစ်ရှောင်မိသားစုတွေနဲ့ လက်လုပ်လက်စား မိသားစုတွေဖြစ်ကြပါတယ်။ လက်ရှိမှာ ပလက်ဝမြို့နယ်အတွင်း ဆက်သွယ်သွားလာရေးတွေ ဖြတ်တောက်ခံနေကြရတဲ့အတွက် စီးပွားရေးလုပ်ငန်းတွေလည်း ရပ်တန့်နေကြတာကြောင့် နေ့တွက်လုပ်အားခနဲ့ ရပ်တည်နေကြသူတွေအတွက် အလုပ်အကိုင်မရှိတဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့က အလုပ်လက်မဲ့ဖြစ်နေတယ်။ အထောက်အပံ့တွေလည်းမရ၊ အလုပ်အကိုင်လည်းမရှိတော့ ပိုက်ဆံမရှိဘူး။ ကုန်ဈေးနှုန်းတွေလည်း မြင့်တဲ့အခြေအနေမှာ ဝယ်မရတဲ့ပြဿနာက ပိုဆိုးတာပေါ့။”လို့ စစ်ရှောင်တစ်ဦးက ပြောပါတယ်။

ရှေ့ဆက်ပြီး ဒါမျိုးတွေ ဆက်ဖြစ်လာလို့ရှိရင် ပြည်သူတွေအတွက် အခက်အခဲတွေ ပိုကြုံကြရမှာဖြစ်သလို ငတ်မွတ်မှုတွေများပြားလာလို့ရှိရင် ဒုစရိုက်မှုတွေလည်း ဖြစ်ပွားလာနိုင်တယ်လို့ မြို့ခံတွေက ပြောဆိုကြပါတယ်။

ဇွန်လအတွင်းကစလို့ ပလက်ဝမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်တွေနဲ့ ရက္ခိုင့်တပ်တော်အေအေတို့အကြား တစ်ကျော့ပြန်တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတွေကတော့ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြပေမယ့် အခု နိုဝင်ဘာလအတွင်းမှာတော့ နှစ်ဖက်တိုက်ပွဲတွေမရှိတော့ဘဲ တည်ငြိမ်နေတဲ့အခြေအနေကိုတွေ့နေရတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တစ်ကျော့ပြန်တိုက်ပွဲအတွင်း အရပ်သားဖမ်းဆီးခံရမှုတွေလည်းအများအပြားရှိနေသလို နောက်ထပ်လည်း အခုလို ဖမ်းဆီးခံကြရမှာကို စိုးရိမ်ကြောင့်ကြစိတ်တွေနဲ့ နေထိုင်နေကြရတယ်လို့ မြိုခံတွေက ပြောဆိုကြပါတယ်။