သြဂုတ်လ ၃၀ ရက် ထိပ်တန်းသတင်းများ - ကွတ်ခိုင် နဲ့ စယ်လန့်က တိုက်ပွဲနဲ့ပစ်ခတ်မှုတွေကြောင့်သေဆုံးဒဏ်ရာရသူတွေရှိ

ရေးသားခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်း ၊ ကွတ်ခိုင်နယ်ထဲကနမ့်ဖတ်ကာရွာနဲ့ မူဆယ် ၁၀၅ မိုင်အနီးကစယ်လန့်ရွာမှာစစ်ကောင်စီနဲ့ တအာင်းတပ်မတော်(TNLA) တို့ ကြား သြဂုတ် ၃၀ ရက် ဖြစ်တဲ့တိုက်ပွဲ နဲ့ ပစ်ခတ်မှုတွေကြောင့် အမျိုးသမီး ၁ ဦး‌ သေဆုံးပြီး အရပ်သား ၅ ဦးထက်မနည်းထိခိုက်ဒဏ်ရာတွေရထားတယ်လို့ ဒေသအခြေစိုက်ကူညီကယ်ဆယ်ရေးလုပ်နေသူတွေကပြောပါတယ်။

သေဆုံးသူအမျိုးသမီးငယ်ဟာ နမ့်ဖတ်ကာရွာကဖြစ်ပြီး အသက် ၁၅ နှစ်အရွယ်သာရှိသေးတာပါ။

ဒီကနေ့မနက်ပိုင်း က နမ့်ဖတ်ကာထဲစစ်ကောင်စီနဲ့ TNLAကြားပစ်ခတ်မှုဖြစ်ပွားခဲ့တာကနေလက်နက်ကျည်ကနေအိမ်ပေါ်ကျရောက်ပေါက်ကွဲခဲ့တာလို့ဆိုပါတယ်။ နမ့်ဖတ်ကာက အနည်းဆုံးရပ်ကွက် ၃ ခုထက်မနည်းအဲဒီလိုလက်နက်ကျည်ကျရောက်ပေါက်ကွဲတာရှိလို့ အရပ်သား ၃ ဦးထက်မနည်းထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့လည်းသိရပါတယ်။

မူဆယ်အနီး စယ်လန့်ကျေးရွာဘက်မှာတော့ မူကြိုကျောင်းကိုလက်နက်ကျည်ကျရောက်ခဲ့လို့ ပျက်စီးတာတွေရှိခဲ့သလိုနေအိမ်တစ်လုံးလည်းလက်နက်ကြီးကျလို့ မီးလောင်ခဲ့ပါတယ်။ အဲဒီမှာအရပ်သား ၂ ဦး လည်း စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကျည်ထိလို့ ဒဏ်ရာရတာတွေရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ပေးခဲ့သူတစ်ဦးကပြောပါတယ်။

ဒီကနေ့ ညနေပိုင်းအထိ စစ်ကောင်စီတပ်နဲ့ TNLA တပ်အကြား စယ်လန့်မှာ စစ်ရေးတင်းမာနေဆဲဖြစ်လို့ ဒေသခံ ၂ ထောင်ကျော်ဟာ နီးစပ်ရာကလုံခြုံတဲ့ဘုန်းကြီးကျောင်းနဲ့ဘုရားကျောင်းတွေမှာခိုလှုံနေကြရပြီး စားနပ်ရိက္ခာ အသုံးဆောင်တွေ လိုအပ်နေတယ်လို့ ဒေသတွင်းသတင်းတွေကဖော်ပြပါတယ်။

PDF သတင်းကြောင့် နေပြည်တော်လေဆိပ်အနီး လုံခြုံရေးတင်းကျပ်

နေပြည်တော်လေဆိပ်အနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လို့ သံသယရှိသူ သုံးဦးကို မနေ့က ဖမ်းမိပြီးတဲ့နောက် မနေ့ညကတည်း နေပြည်တော်လေဆိပ်အနီးတဝိုက် ကို လုံခြုံရေး တင်းကျပ်လိုက်တယ် လို့ ဘီဘီစီရဲ့ နေပြည်တော် သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

လူ သုံးဦး စီးလာတဲ့ ဆိုင်ကယ်တစ်စီးကို တားတာမရပ်ပေးလို့ စစ်တပ်က ပစ်ခတ်ရာကနေ သုံးဦးကိုဖမ်းမိခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ မြေပြင်အခြေအနေကို သိရှိသူက ပြောပါတယ်။

‘’သူတို့က အခြေအနေကိုလာ ကင်းထောက်တာ။ လက်နက်မပါဘူး။ သူတို့ အဖွဲ့က လယ်ဝေးအရှေ့ဘက်မှာ အခြေပြုနေတာလို့ စစ်ဆေးပေါ်ပေါက်တယ်’’ လို့ နေပြည်တော် သတင်းအရင်းအမြစ်က ပြောပါတယ်။

အဲဒီနောက် သတင်းရတဲ့နေရာကို တောနင်းရှာရာကနေ အပြန်အလှန် ပစ်ခတ်မှုဖြစ်ရင်း လယ်ဝေးနဲ့ ထိစပ်နေတဲ့ ရေတာရှည်မြို့နယ်ထဲကို PDF တွေ ထွက်ပြေးလွတ်မြောက်သွားတယ် လို့ သိရပါတယ်။

လယ်ဝေးက ပစ်ခတ်မှု အခြေအနေနဲ့ပတ်သက်လို့ ဒဏ်ရာရ၊ကျဆုံး နဲ့ ဖမ်းမိစာရင်းကို စစ်တပ်က မထုတ်ပြန်ပါဘူး။

လယ်ဝေး မှာ PDF တွေ ဖမ်းမိတယ် ဆိုတဲ့ ဖြစ်စဉ်ကို လတ်တလော မသိရှိရသေးဘူးလို့ နေပြည်တော်တပ်ပေါင်းစုနဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီ ကို ဒီကနေ့ ညနေပိုင်းက ပြောပါတယ်။

နေပြည်တော်အစပ်က စစ်ကောင်စီရဲ့ အမှတ် ၆၀၆ ခြေမြန်တပ်ရင်းကို သြဂုတ် ၁၀ ရက် က နေပြည်တော် တပ်ပေါင်းစုက ဝင်ရောက်တိုက်ခိုက်ရာကနေ ပျဉ်းမနားမြို့ တောင်ပေါ်ကျေးရွာတွေဖြစ်တဲ့ သစ်တုံ၊ ဘို့မ၊ တောင်မြင့်၊ ရေပူခေါင်စတဲ့နေရာတွေမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က လမ်းများအားလုံးနေပြည်တော်သို့ ဆိုတဲ့ စစ်ဆင်ရေးမှာပါဝင်တဲ့ အရေးကြီးတဲ့ စစ်ဆင်ရေး ဧရိယာတွေကို ထုတ်ပြောထားပြီး နေပြည်တော်အပြင် ရန်ကုန်၊ မန္တလေး၊ ပဲခူး နဲ့ ဧရာဝတီတိုင်း တွေပါဝင်တယ် လို့ ဆိုပါတယ်။

စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နေပြည်တော်ရဲ့ လုံခြုံရေးကို အကောင်းဆုံးထိန်းချုပ်ထားနိုင်တယ်လို့ ဘီဘီစီကို ဖြေကြားထားပါတယ်။

ပုဂ္ဂလိကျောင်းတွေကိုစစ်ကောင်စီ စစ်ဆေးမယ်

ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းတွေ နဲ့ နိုင်ငံတကာသင်ရိုးတွေကိုသင်တဲ့ ပုဂ္ဂလိကကျောင်းတွေကို စစ်ဆေးဖို့ဆိုပြီး စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်တွေ နဲ့ ပါမောက္ခချုပ်တွေပါတဲ့စိစစ်စစ်ဆေးရေးအဖွဲ့ နှစ်ခု ဖွဲ့စည်းထားတယ်လို့ ပညာရေးအသိုင်းအဝိုင်းက သိရပါတယ်။

အဲဒီအဖွဲ့ဟာ စာသင်ကြားမှုကစလို့ ကျောင်းလခ နဲ့ ကျောင်းဥပဓိရုပ်အထိ ကွင်းဆင်းစစ်ဆေးဖို့ အခွင့်အာဏာရှိတယ်လို့ အဖွဲ့ဝင်တစ်ဦးကလည်းအတည်ပြုပါတယ်။

ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ဖို့ နဲ့ မြန်မာ့ယဉ်ကျေးမှုမပျောက်ပျက်ဖို့ဆိုပြီး မြန်မာစာ၊မြန်မာ့သမိုင်း နဲ့ မြန်မာ့ပထဝီကို သင်ရိုးညွှန်းတမ်း အပြည့်အစုံ သင်ကြားခြင်းရှိ၊ မရှိကို စစ်ဆေးဖို့လည်း စစ်ကောင်စီပညာရေးဝန်ကြီးဌာနက ညွှန်ကြားထားပါတယ်။

ဒါ့အပြင် ပြည်ပနိုင်ငံတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်း နဲ့ ဘာသာရေးတွေကို ထည့်သွင်းစည်းရုံး သင်ကြားပို့ချမှု ရှိ ၊ မရှိကိုပါ စစ်ဆေးဖို့ ဝန်ကြီးဌာနက ညွှန်ကြားထားတယ်လို့ဆိုပါတယ်။

အထက်မြန်မာပြည်က ကျောင်းတွေအတွက် တစ်ဖွဲ့ နဲ့ အောက်မြန်မာပြည်က ကျောင်းတွေအတွက်တစ်ဖွဲ့ ဖွဲ့ထားပြီး စစ်ဆေးတွေ့ရှိချက်တွေကို ပညာရေးဝန်ကြီးဌာနကို အစီရင်ခံရမယ်လို့ အဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၂ရက်က ထုတ်ပြန်ခဲ့တဲ့ အခန်း ၁၆ ခန်း ပုဒ်မပေါင်း ၈၂ ခုပါဝင်တဲ့ စစ်ကောင်စီရဲ့ ပုဂ္ဂလိကပညာရေးဥပဒေအရ ပညာရေးဝန်ကြီး ဌာန ကဖွဲ့စည်းခွင့်ရတဲ့ ကြီးကြပ်ရေးအဖွဲ့တွေဖွဲ့တယ်လို့ နားလည်ကြောင်း ပညာရေးအသိုင်းအဝိုင်းကပြောပါတယ်။

ဒီဥပဒေဟာ ပုဂ္ဂလိကကျောင်းနဲ့ဆက်စပ်တဲ့အရာအားလုံးကို ထိန်းချုပ်လုပ်ကိုင်ဖို့ပြင်သလို CDM ဆရာ၊ ဆရာမနဲ့ ပညာရေးလုပ်သားတွေကို ထိန်းချုပ်တာ နဲ့ လွတ်လပ်တဲ့ ပုဂ္ဂလိက ပညာရေးအခန်းကဏ္ဍ တခုလုံးကိုထိန်းချုပ်လိုက်တာလို့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်လှုပ်ရှား ကြတဲ့ ပညာရေးဆိုင်ရာအဖွဲ့အစည်းတွေက ဝေဖန်၊ ကန့်ကွက်ပြောဆိုထားကြတာပါ။

KNU တပ်မဟာ (၃) နယ်ထဲ လက်နက်ကြီးကျလို့ ကလေးနဲ့ မိခင် သေဆုံး

ကေအဲန်ယူ တပ်မဟာ (၃) အုပ်ချုပ်နယ်မြေအတွင်းက ညောင်လေးပင်ခရိုင် (ခလယ်လွီထူ)ထဲပါတဲ့ ကျေးရွာတွေ ကို သြဂုတ် ၂၉ ရက်က လက်နက်ကြီးပစ်ခတ်ခံရလို့ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦး နဲ့ မိခင်သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံးက ထုတ်ပြန်ပါတယ်။

ညောင်လေးပင်ခရိုင် တပ်မဟာ (၃) အပြင် ရွှေကျင် နဲ့ မူးမြို့နယ်တွေထဲ ကျေးရွာလူထုရှိတဲ့နေရာတွေ၊ တောင်ယာလုပ်ကိုင်တဲ့နေရာတွေကို စစ်ကောင်စီကပစ်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်ခဲ့တာလို့ဆိုပါတယ်။

သေဆုံးခဲ့ရသူတွေဟာ ရွှေကျင်မြို့နယ် ပျဉ်ရေကြီးကျေးရွာက သားအမိနှစ်ဦးဖြစ်တဲ့ အသက် ၄၀ ကျော်အရွယ် မိခင်နဲ့ အသက် ၇ နှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံးခဲ့တာဖြစ်ပါတယ်။

အရပ်သား ၄ ဦးကတော့ အမျိုးသားတွေဖြစ်ပြီး လက်နက်ကြီးထိမှန်တာကနေ ထိခိုက်ဒဏ်ရာရကြတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ကလည်း တပ်မဟာ ၃ ကျောက်ကြီးမြို့နယ်ထဲက ကညင်ကျိုးကျေးရွာကိုလက်နက်ကြီးကျရောက်လို့ အသက် ၄ နှစ်အရွယ် ကလေးငယ်အပါအဝင် အမျိုးသမီးကြီး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြတယ်လို့ ဒေသအခြေစိုက် လူမှုရေးအဖွဲ့တွေကပြောထားပါတယ်။

သြဂုတ်လအတွင်း ကေအဲန်ယူတပ်မဟာ (၃) နယ်မြေ ပဲခူးတိုင်းအတွင်းဒေသတွေမှာ စစ်ကြောင်းထိုးနေသလိုနှစ်ဖက်တိုက်ပွဲတွေလည်းဖြစ်နေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။ စစ်ကောင်စီဘက်ကတော့ ညောင်လေးပင်ခရိုင်ထဲက တိုက်ပွဲတွေနဲ့ပတ်သက်လို့ သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ကန့်ဘလူတောင်ဘက်ခြမ်း စစ်ကြောင်းထိုးလို့ ဒေသခံထောင်ချီ မိုးထဲရေထဲ ထွက်ပြေးတိမ်းရှောင်

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် တောင်ဘက်ခြမ်း ကို ဒီကနေ့ ဩဂုတ်လ ၃၀ ရက် မနက်အစောပိုင်းက အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်နဲ့ အရပ်အခေါ် ပျူစောထီးပူးပေါင်းတပ်က စစ်ကြောင်းထိုးလာလို့ မိုးထဲရေထဲဒေသခံ ထောင်ချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသအခြေအနေသိရှိသူတစ်ဦးကပြောပါတယ်။

ဇီးကုန်းနဲ့ ထန်းကုန်းတိုက်နယ်အတွင်းက အနည်းဆုံးကျေးရွာ ရှစ်ရွာထက်မနည်းက ဒေသခံ ၈ ရှစ်ထောင်ခန့် ထွက်ပြေးတိမ်းရှောင်နေကြရတာလို့ စစ်ရှောင်အရေးကူညီတဲ့ Infinity Group က ကိုအနန္တ က ပြောပါတယ်။

" ပြီးခဲ့တဲ့ရက်က ငမြောင်ကျေးရွာမှာ ပြည်သူ့စစ်အဖွဲ့လုပ်တာ ၅ ယောက်အသတ်ခံရတာရှိတယ်။ အဲဒါကို ဒီဘက်ကလုပ်တယ်ထင်ပြီး လာကြတာထင်တယ်။ မိုးက မနေ့ကတည်းကနေ ဒီနေ့အထိရွာနေတာ။ စစ်ကြောင်းဝင်လာတော့ မိုးရွာထဲအထုတ်တွေဆွဲ လှည်းနဲ့ပြေးသူကပြေး တော်တော်ဒုက္ခရောက်နေကြတယ် " လို့ ကိုအနန္တက ပြောပါတယ်။

ဒီစစ်ကြောင်းဟာ ဩဂုတ်လ ၂၉ ရက် ညနေပိုင်းက ဇီးကုန်းမြို့အရှေ့ဘက် စစ်တပ်ပိုင် MEC သကြားစက်က တဆင့် ဒီကနေ့မှာတော့ ကန့်ဘလူတောင်ဘက်ခြမ်းကို စစ်ကြောင်းထိုးလာတာလာလို့ဆိုပါတယ်။

လက်နက်ကိုင်တပ်တွေကြား လမ်းကြောင်းလွဲလာရင် တော်လှန်ရေးထိခိုက်မယ်လို့ NUG ဝန်ကြီးချုပ်ပြော

ပြည်သူကို ကာကွယ်ပေးရမယ့် တော်လှန်ရေးအဖွဲ့တွေမှာလမ်းကြောင်းလွဲလာကြမယ်ဆိုရင် တော်လှန်ရေးအတွက် ထိခိုက်မှု ရှိလာမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က မနေ့ သြဂုတ် ၂၉ ရက်မှာလုပ်တဲ့ အစိုးရအဖွဲ့ အစည်းအဝေး မှာ သတိပေးပြောကြားတယ်လို့ NUG ဘက်က ထုတ်ပြန်ပါတယ်။

တော်လှန်ရေးအင်အားစုများဘက်က လက်နက်ကိုင် တပ်ဖွဲ့တွေအတွင်းမှာလည်း လက်ရှိ ဆင်နွှဲနေရတဲ့ တော်လှန်ရေးရဲ့ အရင်းအမြစ်ပြဿနာက ဘာလဲဆိုတာကို မေ့လျော့ပြီး လက်နက်ရှိလာတာနဲ့ ပြည်သူအပေါ် အာဏာပြချင်တဲ့ လူပုဂ္ဂိုလ်မျိုးတွေ၊ အနိုင်အထက်ပြုကျင့်လိုသူတွေရှိလာတယ်လို့ ဝန်ကြီးချုပ် က ထောက်ပြပါတယ်။

ပြည်သူတွေဘက်က ငြိုငြင်စရာဖြစ်ရပ်တွေ များပြားလာရင် ပြည်သူလူထုရဲ့ အားပေး ထောက်ခံမှုလည်း တစ်စထက်တစ်စ ပျယ်လွင့်သွားနိုင်တာကို ကြီးစွာသတိထားရမှာ ဖြစ်တယ်လို့ဆိုပါတယ်။

အထူးသဖြင့် လက်နက် ကိုင်ထားကြတဲ့ အစုအဖွဲ့တွေကြားက ပြဿနာတွေဆိုရင် အစိုးရအနေနဲ့ ခိုင်ခိုင်မာမာ မူဝါဒတွေ ချမှတ်ဖြေရှင်းကြရမှာ ဖြစ်တာကြောင့် သတိထားဖြေရှင်းရမယ့် ကိစ္စတွေကိုပြဿနာတွေ မကြီးထွားခင် မြန်မြန်ဆန်ဆန်ဖြေရှင်းဆောင်ရွက်ကြမှ အခက်အခဲနည်းမယ်လို့ လည်းပြောကြားခဲ့ပါတယ်။

လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်း ဗိုလ်နဂါးရဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် MRDA အပါအဝင် ဒေသအခြေစိုက်တော်လှန်ရေးတပ်တွေနဲ့ NUG လက်အောက်PDF တော်လှန်ရေးတပ်တွေကြားတော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေအချင်းချင်းကြား ပွတ်တိုက်မှုတွေ ဖြစ်နေသလို ခွဲထွက်၊ကွဲထွက်တဲ့ အခြေအနေတွေဖြစ်နေလို့ ဒါကို NUG က ထိန်းသိမ်းသင့်တယ်ဆိုတဲ့ ဝေဖန်ချက်တွေထွက်ပေါ်နေတာဖြစ်ပါတယ်။

မူဆယ်နဲ့ ကွတ်ခိုင်မှာ စစ်တပ်နဲ့ TNLA တိုက်ပွဲ ၃ နေရာဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်နဲ့ ကွတ်ခိုင်မြို့နယ်တွေထဲက နေရာ ၃ ခုမှာ စစ်တပ်နဲ့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် - TNLA က ထုတ်ပြန်ပြောဆိုလာပါတယ်။

မနေ့ တစ်နေ့တည်းမှာတင် အဲဒီမြို့နယ် ၂ ခုထဲက နေရာ ၃ ခုမှာ ဒီတိုက်ပွဲတွေဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးအပြင် တိုက်လေယာဥ်ပါအသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်-မြန်မာနယ်စပ်အနီးက TNLA တပ်စွဲထားတဲ့ လွယ်တယ်မိန်းတောင်ကို စစ်ကောင်စီတပ်ဘက်က တပ်မ ၉၉ လက်အောက်ခံ အမှတ် ၄၂၀၊ ၄၁၇ ခြေမြန်တပ်ရင်းတွေနဲ့ ပြည်သူ့စစ်တွေက အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် ဆယ်လန့်ကျေးရွာအနီးအပါအဝင် နေရာ ၂ ခုမှာ တိုက်ပွဲဖြစ်ခဲ့တာလို့လည်း ဆိုပါတယ်။

နောက် ကွတ်ခိုင်မြို့နယ်ထဲမှာလည်း ခိုမုန်းကျေးရွာအနီးမှာ မနေ့ မနက်ခင်းနှောင်းပိုင်းမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က ဒီထိုးစစ်ကြောင့် မူဆယ်မြို့တွင်း၊ စယ်လန့်ရွာက စစ်ကောင်စီတပ်စခန်းနဲ့ ကွတ်ခိုင်မြို့နယ်ထဲက နမ့်ဖက်ကာဘက်မှာ တန်ပြန်တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ TNLA က ပြောပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်က လွယ်မောက်တောင်၊ ဆယ်လန့်ရွာစေတီတောင်နဲ့ ရွာထဲကို လက်နက်ကြီးနဲ့ အကြိမ် ၆၀ နီးပါး ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေကြောင့် စယ်လန့်ရွာဒေသခံတွေနဲ့ နေအိမ်တွေ ထိခိုက်မှုရှိပြီး ဒေသခံတွေဟာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ သိရပါတယ်။