ပူတင်က နျူလက်နက်နဲ့ ခြိမ်းခြောက်တာကို အနောက်အုပ်စုက ဘယ်လို တုံ့ပြန်နေကြသလဲ

ရေးသားခဲ့သည်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်းက ရုရှားသိမ်းထားတဲ့ နယ်မြေတွေ ကာကွယ်ဖို့အတွက် နျူလက်နက် သုံးနိုင်တယ် ဆိုပြီး ခြိမ်းခြောက် ပြောဆိုနေတာကို ပေါ့ဆလို့ မရဘူးလို့ အမေရိကန်နဲ့ ဥရောပသမဂ္ဂက ထိပ်တန်း အရာရှိတွေက ပြောကြားလိုက်ပါတယ်။

အမေရိကန်အစိုးရ အိမ်ဖြူတော်ရဲ့ ထိပ်တန်းအရာရှိ ဂျွန်ကာဘီက အမေရိကန်နိုင်ငံဟာ ပူတင်ရဲ့ နျူလက်နက်နဲ့ ခြိမ်းခြောက်မှုကို အလေးအနက်ထား စောင့်ကြည့်နေတယ်လို့ ဘီဘီစီကို ပြောဆိုခဲ့ပြီး ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ဂျိုးဆက် ဘိုရဲလ်ကလည်း အလားတူပဲ ပူတင်ရဲ့ ခြိမ်းခြောက်မှုကို ဥရောပသမဂ္ဂက အလေးအနက်ထား စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ ဘီဘီစီကို ပြောကြားခဲ့ကြတာ ဖြစ်ပါတယ်။

ပူတင်ရဲ့ ခြိမ်းခြောက်မှုနဲ့ ရုရှားရဲ့ ယူကရိန်းစစ်ပွဲ အခြေအနေ

ရုရှားဟာ ယူကရိန်းစစ်ပွဲမှာ သူတို့ သိမ်းပိုက်ထားတဲ့ နယ်မြေ လေးခုအတွင်း လူထုဆန္ဒ ခံယူပွဲကျင်းပပြီး ရုရှားပိုင်နက်ထဲ သွင်းဖို့ ကြိုးစားနေတဲ့ အချိန်မှာ ပူတင်က ရုရှားပိုင်နက်ကို ကာကွယ်ဖို့အတွက် ရှိသမျှ လက်နက်မျိုးစုံကို အသုံးပြုသွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ပူတင်က အခုလို ပြည်တွင်းမှာ မိန့်ခွန်းပြောကြားရာမှာ ဒီလို လက်နက်မျိုးစုံသုံးမယ်လို့ ပြောတာက ခြောက်လှန့်ဖို့ သက်သက်မဟုတ်ဘဲ အလေးအနက် ပြောနေတာ ဖြစ်တယ်လို့လည်း ဖြည့်စွက် ပြောကြားခဲ့ပါသေးတယ်။

ရုရှားဟာ စစ်မှုထမ်း မနေရ ဥပဒေအရ စစ်မှုထမ်းခဲ့ဖူးသူတွေထဲက တပ်သား သုံးသိန်း ခေါ်ယူမယ်ဆိုတဲ့ ကိစ္စကိုလည်း အဲဒီ မိန့်ခွန်းအတွင်းမှာပဲ ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိအနေအထားမှာ ရုရှားဟာ ယူကရိန်းရဲ့ လျင်မြန်တဲ့ တန်ပြန်ထိုးစစ်ဆင်မှုတွေကြောင့် သူတို့ သိမ်းယူထားတဲ့ နယ်မြေတွေထဲက ဧရိယာ ကီလိုမီတာ ၈၀ဝ၀ ကျော် (ဧရိယာ ၃၀၈၈ မိုင်) ကျော်အထိ ပြန်လည် လက်လွှတ်ခဲ့ရတာကို တွေ့ရပါတယ်။

အမေရိကန်က ပူတင်ရဲ့ ခြိမ်းခြောက်မှုကို ဘယ်လို တုံ့ပြန်ခဲ့သလဲ

ပူတင်ရဲ့ နျူလက်နက်သုံးမယ်လို့ သွယ်ဝိုက်ခြိမ်းခြောက်မှုနဲ့ ပတ်သက်လို့ အမေရိကန်ကတော့ အလေးအနက်ထားတယ်ဆိုပေမယ့် နျူလက်နက်နဲ့ ပတ်သက်တဲ့ နည်းဗျူဟာမြောက် တားဆီးရေး ရပ်တည်ချက် ထားတာကိုတော့ ပြောင်းမှာ မဟုတ်ဘူးလို့ အိမ်ဖြူတော် ထိပ်တန်း အရာရှိ ဂျွန်ကာဘီကို ဘီဘီစီကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံတော် လုံခြုရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဖြစ်တဲ့ ဂျွန်ကာဘီက ပူတင်ဟာ ယူကရိန်းမှာ စစ်ရှုံးနေတဲ့အချိန်မှာ အခုလို စကားမျိုး ပြောလာတာက တာဝန်မဲ့ရာကျတယ်လို့လည်း မှတ်ချက်ပေးခဲ့ပါတယ်။

ရုရှားက လူထုဆန္ဒခံယူပွဲ အသုံးပြုပြီး ယူကရိန်းနယ်မြေတွေ ရုရှားပိုင်ဖြစ်အောင် လုပ်မယ့်ကိစ္စဟာလည်း နိုင်ငံတကာက ဘယ်သူမှ အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်ထော်နီ ဘလင်ကင်ကလည်း ရုရှားဟာ လက်ရှိ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ အခြား ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံတွေနဲ့အတူ “နျူးကလီးယားစစ်ပွဲဆိုတာ နိုင်သူ ပေါ်လာနိုင်တဲ့ စစ်ပွဲမျိုး မဟုတ်ဘဲ ဘယ်တော့မှလည်း မတိုက်သင့်ဘူး” ဆိုတာကို သဘောတူထားပါလျက်နဲ့ လက်နက်စနစ် အားလုံးသုံးပြီး အချုပ်အချာ အာဏာကာကွယ်မယ်လို့ ပြောနေကြောင်း ကုလအထူးအစည်းအဝေးတခုမှာ ပြီးခဲ့တဲ့ စက်တင်ဘာ ၂၂ ရက်နေ့က ပြောကြားထားခဲ့ပါတယ်။

ဥရောပသမဂ္ဂက ပူတင်ရဲ့ ခြိမ်းခြောက်မှုကို ဘယ်လို တုံ့ပြန်ခဲ့သလဲ

ဥရောပသမဂ္ဂ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ဂျိုးဆက် ဘိုရဲလ်က ဆိုရင်လည်း ပူတင်ရဲ့ နျူလက်နက်ပါ သုံးနိုင်တယ်လို့ သွယ်ဝိုက် ခြိမ်းခြောက်မှုမှာ ခြောက်လှန့်ဖို့ သက်သက်မဟုတ်ဘဲ အလေးအနက်ပြောနေတာလို့ ဆိုထားတဲ့အတွက် အီးယူဘက်က အလေးအနက်ထားရမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို အနေအထားမှာ ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်ကလည်း အန္တရာယ်ကြီးတဲ့ အဆင့်ကို ရောက်လာပြီလို့ သူက ဆက်ပြောပါတယ်။

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာ ရုရှားဘက်က ဆုံးရှုံးမှုတွေ ရှိနေတယ် ဆိုပေမယ့် သံတမန်နည်းလမ်းနဲ့ စစ်ပွဲရပ်ဖို့ကိုတော့ ရအောင် ကြိုးစားရမှာ ဖြစ်ပြီး ဒီလိုမှမဟုတ်ရင် စစ်ပွဲပြီးသွားရင်တောင် ငြိမ်းချမ်းရေးတကယ်မရဘဲ နောက်ထပ် စစ်ပွဲ ထပ်ဖြစ်နိုင်တယ်လို့ မစ္စတာ ဘိုရဲလ်က ဆိုပါတယ်။

အခုလို သံတမန်နည်းလမ်းနဲ့ စစ်ပွဲ ရပ်တယ် ဆိုတဲ့နေရာမှာ ယူကရိန်းရဲ့ ပိုက်နက်နဲ့ အချုပ်အချာအာဏာ ဆက်လက် ခိုင်မြဲမှုကိုလည်း ထိန်းသိမ်းနိုင်တဲ့ နည်းလမ်းဖြစ်ရမယ်လို့ ဆိုပါတယ်။

အီးယူအနေနဲ့ကတော့ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ဆက်လက် ထောက်ပံ့ပေးသွားမှာ ဖြစ်ပြီး ရုရှား သမ္မတ ပူတင်နဲ့တကွ သူ့ရဲ့ မဟာမိတ်တွေကိုလည်း စီးပွားရေးနဲ့ သံတမန်ရေးရာ ဒဏ်ခတ်မှုတွေ လုပ်သွားမယ်လို့ မစ္စတာ ဘိုရဲလ်က ဘီဘီစီကို ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လည်း အခုလို ရုရှား-ယူကရိန်းစစ်ပွဲကြောင့် ဥရောပမှာ စွမ်းအင်ဈေးနှုန်း မြင့်တက်နေလို့ အများပြည်သူ စိုးရိမ်စရာ ဖြစ်တာကိုတော့ သူက ဝန်ခံခဲ့ပါတယ်။

ပူတင် အနေနဲ့လည်း တွေ့ဆုံဆွေးနွေးရေး အဖြေရှာတဲ့နေရာမှာ ပါဝင်ဖို့လိုတယ်လို့ မစ္စတာ ဘိုရဲလ်က ပြောဆိုခဲ့ပြီး ပူတင်ဟာ သူနဲ့ ညှိနှိုင်းဖို့လာတဲ့လူတိုင်းကို သူလိုချင်တဲ့ စစ်ရေး ရည်မှန်းချက် မရရင် ဆက်တိုက်မယ်လို့ ပြောထားတာကြောင့် ယူကရိန်းကို အီးယူက ဆက်လက် ထောက်ပံ့နေရဦးမယ်လို့ ဆိုပါတယ်။