တရုတ်နိုင်ငံမှာ ငလျင်လှုပ်ချိန် လော့ဒေါင်းကြောင့် လူတွေ ပိတ်မိ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်နိုင်ငံမှာ ငလျင်ဒဏ်ကြောင့်ပြေးလွှားနေတဲ့သူတွေကို ကိုဗစ်လော့ဒေါင်း စည်းကမ်းနဲ့အညီ အိမ်ထဲကမထွက်ဖို့ တားမြစ်ခံရတာကြောင့် ဒေါသပေါက်ကွဲပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်နေကြတာကို အွန်လိုင်းတင်ထားတဲ့ ဗီဒီယိုတွေမှာ တွေ့မြင်နေရပါတယ်။
ငလျင်လှုပ်ချိန်ထွက်ပြေးဖို့ကြိုးစားချိန်မှာ ကိုဗစ်စည်းကမ်းကြောင့် ထွက်ပေါက်ပိတ်ထားတာကို တွေ့ရတယ်လို့ သူတို့က ဆိုပါတယ်။ လူ ၂၁ သန်းနေထိုင်တဲ့ ချန်ဒုမြို့ကို အပြင်မထွက်ရအမိန့် တင်းတင်းကျပ်ကျပ်ချထားချိန်မှာ ငလျင်လှုပ်ခဲ့တာပါ။ တရုတ်နိုင်ငံက ဇီးရိုးကိုဗစ်ပေါ်လစီကျင့်သုံးနေပြီး ရောဂါကူးစက်ခံရသူတွေ့တာနဲ့ လော့ဒေါင်းချ ပိတ်ဆို့မှု အမြန်လုပ်လ့ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တချို့အိမ်ရာတိုက်ခန်းတွေမှာဆိုရင် လူ ၁ ယောက်မှာ ကိုဗစ်ပိုးတွေ့တာနဲ့ တိုက်တန်းလျားတခုလုံးလော့ဒေါင်းချပိတ်ဆို့လိုက်ပါတယ်။ အဲဒီတိုက်တန်းမှာ နေထိုင်တဲ့သူ ဘယ်သူဖြစ်ဖြစ် ရောဂါရှိရှိ မရှိရှိ အပြင်ထွက်ခွင့်မရတော့ပါဘူး။
သံတံခါးနောက်မှာ အပိတ်ခံထားရတဲ့လူတွေဟာ ငလျင်ကြောင့် ကြောက်လန့်အော်ဟစ်ပြီး ထွက်ခွင့်တောင်းနေကြတာတွေကို တစ်တော့ ဗီဒီယိုတွေမှာ တွေ့မြင်ကြရပါတယ်။
ဗီဒီယိုတခုထဲမှာတော့ လူတယောက်ဟာ လုံခြုံရေးကို ဆဲဆိုနေပါတယ်။ သူ့အိမ်ဖြစ်ပုံရတဲ့ တိုက်ခန်းထဲကနေ တံခါးကိုဖွင့်ဖို့ကြိုးစားနေပါတယ်။ “တံခါးမြန်မြန်ဖွင့်၊ ငလျင်လှုပ်နေပြီ” လို့အော်ဟစ်နေပါတယ်။ အစောင့်က “ငလျင်ကပြီးသွားပြီ။ လှုပ်ပြီးသွားပြီ” လို့ပြန်အော်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဗီဒီယိုတခုမှာတော့ လော်စပီကာနဲ့အော်ဟစ်ကြေညာတာကိုအသံဖမ်းထား တာတွေ့ရပါတယ်။ “အားလုံးပြန်ဝင်ကြပါ။ ဒီမှာ မစုကြပါနဲ့။ ဒါဟာ ဒီနေရာ (စီချွမ်ပြည်နယ်) မှာကြုံတွေ့နေကျ ငလျင်လှုပ်တာပါ။” လို့ ကြေညာနေတာပါ။
လူတယောက်ကတော့ ငလျင်ကြောင့် ထွက်ပြေးလာပြီးနောက် အထပ် ၃၀ ရှိတဲ့ သူ့အဆောက်အအုံဆီကို မပြန်တော့ဘူးလို့ဆိုပါတယ်။ ပိတ်မိနေပြီလို့ သိလိုက်ချိန်မှာ သူဟာ ဂိတ်ပေါက်ဝကလူတွေဆီအော်ဟစ်ခဲ့ပါတယ်။
လော့ဒေါင်းက အရေးကြီးသလား၊ ငလျင် အရေးကြီးသလား။ ဘယ်ဟာက ပိုအရေးကြီးသလဲ လို့သူက အော်ဟစ်ခဲ့ပါတယ်။ သူဟာချန်ဒုကရှေ့နေ လူဆီဝေဖြစ်ပါတယ်။
လာပြီးမလှုံ့ဆော်နဲ့။ နိုင်ငံရေးစကားမပြောနဲ့ လို့ အိမ်နီးနားချင်းတယောက်က ပြန်အော်ပါတယ်။ အပြန်အလှန်အော်ဟစ်ပြောဆိုကြပြီးနောက်မှာ အိမ်နီးချင်းဟာ သူ့ကို ကိုယ်ထိလက်ရောက်တိုက်ခိုက်တယ်လို့လည်း မစ္စတာလူက ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လော့ဒေါင်းပိတ်ဆို့ထားတဲ့ အဆောက်အအုံတွင်းမှာ ငလျင်ကြောင့် ထိခိုက်သေဆုံးမှုရှိခဲ့တယ်ဆိုတဲ့ သတင်းမျိုးတော့ မထွက်ပေါ်လာပါဘူး။ ဒါပေမဲ့ လူမှုကွန်ရက်စာမျက်နှာ ဝေဘိုမှာတော့ ဝေဖန်မှုမြင့်တက်ခဲ့ပါတယ်။
သတင်းစာမျက်နှာတခုမှာ အခြေခံဥပဒေအရ နိုင်ငံသားတွေဟာ ဘေးလွတ်ရာကို လွတ်လပ်စွာပြေးခွင့်ရှိတယ်လို့ လူတယောက်က ကွန်မန့်ပေး ရေးသားခဲ့ပါတယ်။ အဲဒီသတင်းကိုကြည့်ရှုသူ ၃၇ သိန်းရှိပါတယ်။
“အဆောက်အအုံထဲမှာပိတ်မိပြီး သေသွားရင်လည်း ဘာမှ မဖြစ်ပါဘူး။ ရောဂါမှအကူးစက်မခံရပဲ” လို့ တခြားလူတယောက်က လှောင်ပြောင်ရေးသားထားပါတယ်။
ချန်ဒုမြို့ ကျန်မာရေးကော်မရှင်ကတော့ သူတို့ရဲ့ တရားဝင် WeChat လူမှုကွန်ရက် စာမျက်နှာမှာ “ငလျင်ဖြစ်ပွားချိန်၊ မီးလောင်ချိန်၊ ရေကြီးချိန် သို့မဟုတ် တခြားသဘာဝဘေးအန္တရာယ်ကျရောက်ချိန်မှာ အများပြည်သူရဲ့ လုံခြုံရေးသာ ပထမဦးစားပေးဖြစ်ပါတယ်” လို့ နောက်ပိုင်းမှာပို့စ်တင်ခဲ့ပါတယ်။
စီချွမ်ပြည်နယ်ရဲ့မြို့တော် ချန်ဒုဟာ ပြီးခဲ့တဲ့နွေရာသီမှာ အပူလှိုင်းကျရောက်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်မှာတော့ ကိုဗစ်ပိုးတွေ့လို့ လော့ဒေါင်းချမှတ်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ရဲ့ ဇီးရိုးကိုဗစ်ပေါ်လစီက ကိုဗစ်လုံးဝကင်းစင်ရေးကိုရည်မှန်းချက်ထားပြီး တင်းတင်းကျပ်ကျပ် လော့ဒေါင်းလုပ်ပိတ်ဆို့နေတာဖြစ်ပါတယ်။ တရုတ်ရဲ့ ဇီးရိုးကိုဗစ်ပေါ်လစီဟာ အငြင်းပွားမှု ကြီးကြီးကျယ်ကျယ်ရှိနေပါတယ်။
ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံတွေထဲမှာ ကိုဗစ်လုံးဝကင်းစင်ရေး ရည်မှန်းချက်ထားပြီး တင်းတင်းကျပ်ကျပ်ပိတ်ဆို့မှုတွေလုပ်နေတာဟာ တရုတ်တနိုင်ငံတည်းသာ ရှိပါတော့တယ်။ ကိုဗစ်ပိုးတဖြည်းဖြည်း ကူးစက်များပြားလာတာကို ထိန်းချုပ်ဖို့ ဆေးရုံတွေမှာ လူနာတွေပြည့်လျှံသွားတာမျိုးမဖြစ်အောင် ကာကွယ်ဖို့အတွက် ကိုဗစ်ကင်းစင်ရေး မူဝါဒချမှတ်ဖို့ လိုအပ်တယ်လို့ တရုတ်အစိုးရက ယုံကြည်ယူဆနေပါတယ်။
တရုတ်နိုင်ငံရဲ့ တရားဝင်ကိန်းဂဏန်းတွေအရ ကပ်ဘေးကာလအတွင်း သေဆုံးသူဦးရေဟာ အရေအတွက် ၁၅၀၀၀ မျှသာရှိတယ်လို့ ဂျွန်ဟော့ပ်ကင်း တက္ကသိုလ်က ထုတ်ပြန်ထားပါတယ်။








