မေ ၂၄ ရက် ထိပ်တန်းသတင်းများ- မိုခါဟာ အယ်နီညိုရှေ့ပြေးလက္ခဏာဖြစ်သလို အဲဒီကဆိုးကျိုးတွေတော်လှန်ရေးအပေါ် သက်ရောက်နိုင်တယ်လို့ ISP ထုတ်ပြန်

ရေးသားခဲ့သည်။

မြဝတီမြို့နယ်၊ ပလွယ်ဖိုးကလိုးကျေးရွာကို စစ်တပ်လေကြောင်းနဲ့တိုက်ခိုက်

Military air strike,KNU/KNLA

ဓာတ်ပုံ ရင်းမြစ်, CJ

ဘုရားကျောင်းနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီး

ကရင်ပြည်နယ်၊ မြဝတီ မြို့တောင်ဘက်၊ ဝေါလေ မြို့နယ်ခွဲ၊ မောခီးကျေးရွာအုပ်စု ပလွယ်ဖိုးကလိုး ကျေးရွာကို စစ်ကောင်စီတပ်က မနေ့ မေလ ၂၃ ရက်ညသန်းခေါင်ယံအချိန်မှာ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ ခရစ်ယာန်ဘုရားကျောင်းတစ်ကျောင်း၊ ကျေးရွာ စာသင်ကျောင်းဆောင်တစ်ဆောင်နဲ့ နေအိမ် ၈လုံးကို ထိမှန်လို့ ပျက်စီးခဲ့ကြောင်း ဒေသခံတွေထံက သိရပါတယ်။

KNU ကရင်အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေ KNLA တပ်ရင်း ၂၀၁ နယ်မြေ အတွင်းကို စစ်ကောင်စီ စစ်ကြောင်းက ဝင်ရောက်လာတာကြောင့် မေလ ၂၀ ရက်ကစလို့ အဲဒီဒေသအတွင်း နှစ််ဖက်တိုက်ပွဲတွေစတင်ဖြစ်ပွားနေပြီး မေ၂၃ ရက် ညပိုင်းမှာတော့ ခုလိုလေကြောင်းကနေတိုက်ခိုက်တာဖြစ်တယ်လို့ ဒေသခံ ကရင်တိုင်းရင်းသားတစ်ဦးက ပြောပါတယ်။

"ပလွယ်ဖိုးလိုးက ဘုရားကျောင်းနေရာကို ညက ဗုံးကြဲတော့ သူ့ ကျောင်းက စာသင်ကျောင်းဘော်ဒါကျောင်းဆောင်တွေ အကုန်ထိ အကုန်ပျက်ကုန်တယ်။ ဘုရားကျောင်းဆောင်၊ စာသင်ဆောင် ၊ ကျောင်းသားအဆောင်၊ အိမ်တွေ ရွာသားအိမ်တွေ ၈ လုံး ပျက်စီးတယ်၊ ကျောင်းကလည်း မဖွင့်သေး၊ ရွာကတော့ တိုက်ပွဲ ဖြစ်နေတဲ့နေရာနဲ့ နီးတော့ ဒီရက်တွေထဲမှာ ကြိုရှောင် နေကြလို့ လူ အထိအခိုက်တော့မရှိဘူး၊ တော်သေးတယ်၊ ကျောင်းဖွင့်ချိန် ဆိုရင် တော့ ကလေး တွေ အတွက် မတွေးရဲ ဘူး"အဲဒီ ဒေသခံ ကရင်တိုင်းရင်းသားပညာရေးဝန်ထမ်းတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ ကျေးရွာအတွင်းကိုဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူဦးရေ၂၅၀ ဝန်းကျင်ရှိတဲ့ ပနွယ်ဖိုးကလိုးကျေးရွာကဒေသခံတွေ ကျေးရွာထဲမနေရဲကြတော့ဘဲလက်ရှိအချိန်ထိ မောခီး ကျေးရွာ အုပ်စု အနီးတဝိုက်မှာ ထွက်ပြေးတိမ်းရှောင်နေရသလို ထိုင်းနိုင်ငံဘက်ခြမ်းကို စစ်ဘေးရှောင်နေကြရတဲ့အိမ်ထောင်စုက လည်း ၂၅၀ လောက်ရှိနေတယ်လို့ သိရပါတယ်။

အခု လို ကျေးရွာတွေဘက် လေ ကြောင်း တိုက်ခိုက်ခံ ရတာ ၊ KNLA ပူးပေါင်းတပ်တွေ နဲ့ ဝေါလေ မြို့နယ်ခွဲ ဘက်မှာ တိုက်ပွဲတွေဖြစ်နေတာနဲ့ပတ်သက်လို့ စစ်ကောင်စီကတော့ မေ ၂၄ ရက် ညနေပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

အဲဒီဝေါလေ ဒေသမှာ KNLA ပူးပေါင်းတပ်တွေ နဲ့ စစ်ကောင်စီ တပ်တွေ မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပြီး ခဲ့တဲ့ ၂၀၂၃ ဖေဖော်ဝါရီလကလည်း ပနွယ်ဖိုးကလိုး ကျေးရွာအတွင်းကိုဗုံးကြဲခဲ့တာကြောင့် အသက်၄၅ နှစ်အရွယ်အမျိုးသား တစ်ဦးဗုံးစထိမှန်ဒဏ်ရာရရှိကာဒေသခံပြည်သူ နေအိမ်တစ်လုံး ပျက်စီးခဲ့သည့် ဖြစ်စဥ် ရှိခဲ့ ပြီး ယခု ဗုံးကြဲ တိုက်ခိုက်ခံ ရမှု့ မှာ ဒုတိယ အကြိမ် ဖြစ်ကြောင်း KNLA ပူးပေါင်းတပ်စစ်ရေး သတင်းအရင်းအမြစ်က ပြောပါတယ်။

Non-CDM ဆရာ/ဆရာမ ၆၀ ကျော်ကို ဖမ်းမိပြီး ပြန်လွှတ်ပေးခဲ့တယ်လို့ ပြော

ပခုက္ကူ၊ ရေစကြို၊ NON-CDM၊ ဆရာဆရာမ၊ ဖမ်းမိ၊ ထိန်းသိမ်း၊ ပြန်လွှတ်

ဓာတ်ပုံ ရင်းမြစ်, Young Force UG

မကွေးတိုင်း၊ ပခုက္ကူ- ရေစကြိုကားလမ်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက လုံခြုံရေးစစ်ဆေးကြချိန် မေ ၁၈ ရက်က ကား ၃ စီးပေါ်ကနေ NON-CDM ဆရာ/ဆရာမတွေကို ဖမ်းဆီးရမိတယ်လို့ Young Force – UG က သတင်းထုတ်ပြန်ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲ့ဒီကား ၃ စီးဟာ ပခုက္ကူမြို့နယ်ကနေ ရေစကြိုမြို့နယ်ကို ပြန်လာတာဖြစ်ပြီး စစ်ကောင်စီရဲ့ ယန္တရားလည်ပတ်စေတဲ့အထဲမှာ ပါဝင်နေတာကြောင့် ခေတ္တထိန်းသိမ်းခဲ့ပြီးနောက် လူအရေအတွက်များတာ၊ ထိန်းသိမ်းထားဖို့ အခက်ခဲတွေရှိတာကြောင့် ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိဖြစ်ပေါ်နေတဲ့ အာဏာသိမ်းခံရတဲ့အကြောင်းအရာတွေ၊ ဆရာ/ဆရာတွေ ထောက်ခံနေတဲ့ စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဖျက်ဆီးနေတာတွေ၊ အကြမ်းမဖက် ဆန့်ကျင်ရေး CDM မှာပါဝင်တဲ့ ဆရာ/ဆရာမတွေကို ဖမ်းဆီး-နှိပ်စက်တာတွေအပါအဝင် နိုင်ငံရေး အသိတွေကို ပြောပြပြီး ပထမဆုံးနဲ့နောက်ဆုံးအကြိမ် သတိပေး ပြန်လွှတ်ခဲ့တယ်လို့ Young Force – UG အဖွဲ့က ထုတ်ပြန်ချက်အရ သိရပါတယ်။

ဖမ်းဆီးချိန်မှာ ပါလာတဲ့ ကား ၃ စီးနဲ့ ကျောင်းသုံးဆက်စပ်ပစ္စည်းတွေကို လိုအပ်တဲ့နေရာတွေမှာ အသုံးပြုဖို့၊ စာသင်ကျောင်းတွေမှာ ဝေငှဖို့ သိမ်းယူခဲ့ပေမဲ့ ရွှေထည်ပစ္စည်းတွေကိုတော့ မသိမ်းခဲ့ဘူးလို့ သိရပါတယ်။

ဝန်ထမ်းတွေအနေနဲ့ အကြမ်းမဖက် အာဏာဆန့်ကျင်တဲ့ CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ စိစစ်လက်ခံနေတယ်လို့လည်း ပခုက္ကူမြို့နယ် ပကဖ တပ်ခွဲ ၂ က ထုတ်ပြန်ထားပါတယ်။

BGF နယ်ခြားစောင့်တပ်နဲ့ စစ်ကောင်စီတပ်စခန်းကို KNLA ဝင်ရောက်တိုက်ခိုက်

ကရင်ပြည်နယ်၊ စစ်ကောင်စီ၊ နယ်ခြားစောင့်တပ်၊ ကေအင်ယူ၊ တိုက်ခိုက်

ဓာတ်ပုံ ရင်းမြစ်, KNU Mutraw News

တပ်မဟာ ၆ မှာ KNLA လာတိုက်လို့ ကလေးတစ်ယောက်သေဆုံးတယ်လို့ စစ်ကောင်စီထုတ်ပြန်

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ အုပ်ချုပ်ရေးဒေသဖြစ်တဲ့ မူတြော်ခရိုင်မှာ စခန်းချထားတဲ့ နယ်ခြားစောင့်တပ်နဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသား တပ်မတော် KNLA က မေ ၂၀ ရက်မှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ KNUရဲ့ မူတြော်သတင်းဌာနကနေ ထုတ်ပြန်ပါတယ်။

KNLA ရဲ့ တပ်မဟာ ၅ လက်အောက်တပ်ရင်း ၁၀၂ နဲ့ တပ်ခွဲတွေ စုပေါင်းပြီး ကတဲထိနဲ့ ထီးကဆော်မဲကြားမှာ စခန်းချနေတဲ့ BGF စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် BGF တပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးတယ်လို့ ထုတ်ပြန်ထားပါတယ်။

သေဆုံးတဲ့အထဲမှာ BGF တပ်ခွဲမှူး စောဘာယိုပါဝင်ပြီး သူတို့ပိုင်ဆိုင်တဲ့ကားတစ်စီးကိုလည်း မီးရှို့ခဲ့တယ်လို့လည်း ဆိုပါတယ်။

မူတြော်ခရိုင်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ BGF ပူးပေါင်းအဖွဲ့တွေ တပ်စွဲနေပြီး နေ့တိုင်းလိုလို တိုက်ပွဲဖြစ်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ မေ ၁၉ ရက် မနက်ပိုင်းမှာလည်း နယ်ခြားစောင့်တပ် ၁၀၁၃ က ဖိုဃဲထာကျေးရွာထဲကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ဒေသခံတစ်ယောက် ထိခိုက်ခဲ့ပြီး နေအိမ် ၂ လုံး ပျက်စီးသွားတယ်လို့လည်း KNU က ထုတ်ပြန်ထားပါတယ်။

KNU တပ်မဟာ ၅ မူတြော်ခရိုင်ထဲမှာ စစ်ကောင်စီတပ်တွေက နယ်မြေကျူးကျော် အခြေချလာတာကြောင့် မေ ၁ ရက်ကနေ ၁၅ ရက်အတွင်း တိုက်ပွဲပေါင်း ၆၃ ကြိမ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၆ ယောက် သေဆုံးခဲ့သလို ထောက်ပံ့ပို့ဆောင်ရေးယာဉ် ၂ စီးကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ KNU က ပြီးခဲ့တဲ့ မေ ၁၆ ရက်မှာ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ၊ ကျိုက်ဒုံမြို့နားမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNLA တပ်မဟာ ၆ က မေ ၂၃ ရက် ညနေပိုင်းက လာရောက်တိုက်ခိုက်တာကြောင့် ကလေးငယ်တစ်ယောက် သေဆုံးပြီး တစ်ယောက် ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

မိုခါဆိုင်ကလုန်းကြောင့် ဆုံးရှုံးတာတွေအတွက် ကန်ဒေါ်လာ ၁၇ သန်းနီးပါး အ‌မေရိကန် ထပ်တိုးကူညီမယ်

မိုခါမုန်တိုင်း၊ အမေရိကန်၊ ဒေါ်လာ ၁၇ သန်း၊ ကူညီ

ဓာတ်ပုံ ရင်းမြစ်, U.S Embassy Yangon

မြန်မာနိုင်ငံအတွင်း မိုခါဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းတိုက်ခတ်ပြီးနောက် ပျက်စီးဆုံးရှုံးတာတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာအကူညီအနေနဲ့ အမေရိကန်ဒေါ်လာ ၁၇ သန်းနီးပါးကို ထပ်တိုးကူညီသွားမယ်လို့ အမေရိကန်သံရုံးက ဒီနေ့ မေ ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။

အဲ့ဒီအကူညီတွေကို အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) ကနေတဆင့် မုန်တိုင်းသင့်ဒေသတွေမှာ ဆောင်ရွက်နေတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကို ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

အဲ့ဒီအကူညီတွေဟာ မုန်တိုင်းဒဏ်ခံရတဲ့ပြည်သူတွေအတွက် အရေးပေါ်နားခိုစရာ၊ သန့်ရှင်းတဲ့သောက်ရေ ရရှိဖို့၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနဲ့ ကယ်ဆယ်ရေးပစ္စည်းတွေအတွက် အကူအညီဖြစ်စေနိုင်မယ်လို့လည်း အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

ထောက်ပံ့မှုတွေ အများဆုံးလိုအပ်နေတဲ့ လူ့အသိုင်းအဝိုင်းတွေဆီ အကူညီပေးရေးအဖွဲ့အစည်းတွေ အလွယ်တကူ ရောက်ရှိနိုင်ဖို့၊ အကူညီတွေ ပေးအပ်နိုင်ဖို့ အရမ်းအရေးကြီးတယ်လို့လည်း ဆိုပါတယ်။

အမေရိကန်အစိုးရက မုန်တိုင်းဒဏ်သင့်ပြည်သူတွေအတွက် ကနဦးအကူညီအနေနဲ့ မေ ၁၉ ရက်ကလည်း ဒေါ်လာ ၂ သိန်း ကူညီခဲ့ပါတယ်။

မုန်တိုင်းဖြတ်သန်းသွားတဲ့ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီအပါအဝင်၊ နိုင်ငံတကာ အကူအညီတွေ၊ လူမှုကူညီရေးအဖွဲ့အစည်းတွေ၊ ရခိုင့်တပ်တော်အေအေ တို့က အကူညီတွေပေးတာတွေ ရှိနေပေမဲ့ တချို့မြို့နယ်၊ ကျေးရွာတွေကို ရောက်မလာကြသေးဘူးလို့လည်း ဒေသခံတွေဆီကနေ သိရပါတယ်။

ဒါ့အပြင် မုန်တိုင်းဖြတ်သန်းရာလမ်းကြောင်းမှာ ထိခိုက်ခံစားခဲ့ရပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးပြင်းထန်နေတဲ့ ချင်း၊ စစ်ကိုင်း၊ မကွေးလို တိုင်းနဲ့ပြည်နယ်တွေမှာလည်း ပြည်သူအချင်းချင်းသာ ကူညီနေကြရပါတယ်။

မြင်းခြံ၊ မန်ကျည်းစုရွာ မီးရှို့ခံရချိန် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦးသေဆုံး

မြင်းခြံ၊ မကျည်းစုရွာ၊ စစ်ကောင်စီ၊ မီးရှို့၊ သက်ကြီးအမျိုးသမီး၊ သေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မြင်းခြံ-နဘူးအိုင်ကားလမ်းပေါ်က မန်ကျည်းစုကျေးရွာကို စစ်ကောင်စီတပ်နဲ့ ပျူစောထီးတပ်ဖွဲ့တွေက ဒီနေ့ မနက်အစောပိုင်းမှာ မီးရှို့ခဲ့တာကြောင့် သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ညသန်းခေါင်ကျော်အချိန်မှာ စစ်တပ်နဲ့ပျူစောထီးတွေပါတဲ့ကား ၃ စီးရောက်လာပြီး ကျေးရွာထဲကိုမီးရှို့ခဲ့တာကြောင့် ရွာအရှေ့မြောက်ပိုင်းက နေအိမ် ၆၀ နီးပါး မီးထဲပါသွားခဲ့တယ်လို့ မီးဘေးသင့်သူတွေကို သွားရောက်ကူညီခဲ့သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

‘’မန်ကျည်းစုရွာဘက်က ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ သွားသွားလာလာရှိတဲ့နေရာမျိုးပါ။ ဒါပေမဲ့ မနေ့ည ၁၂ နာရီ၊ ၁ ချက်ဝန်းကျင်မှာ ပျူတွေနဲ့ စစ်တပ်က ညကြီးအချိန်မတော် ကား ၃ စီးနဲ့ ရောက်ချလာပြီး တိုက်ပွဲမဖြစ်ဘဲ ရွာကို မီးရှို့သွားတာ။ သေဆုံးတဲ့သူကတော့ အသက် ၆၀ ကျော် အရွယ် ဒေါ်အေးကြိုင်ပါ။ လက်နက်ကြီးငယ်တွေနဲ့ပစ်ပြီး ရွာထဲဝင်တော့ အကုန်လုံး ဘာမှ မယူနိုင် ခဲ့ကြဘူး’’ လို့ မီးဘေးသင့် စစ်ရှောင်တွေကို သွားရောက်ကူညီခဲ့သူ ဒေသခံတစ်ဦးက ပြောပါတယ်။

အခုတော့ အဲဒီစစ်ရှောင်တွေဟာ ထိန်ပန်း၊ တောင်ပုံ စတဲ့ ကျေးရွာတွေက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေရတယ်လို့လည်း သူကပြောပါတယ်။

ဒါ့အပြင် အဲဒီရွာထဲက အသက် ၃၀ ကျော်အရွယ် ကိုခင်မောင်ဋ္ဌေးဆိုသူလည်း ပျောက်ဆုံးနေတယ် လို့ သိရပါတယ်။

စစ်ကောင်စီရဲ့မြေပြင်လှုပ်ရှားမှုသတင်းတွေကို ဖော်ပြနေတဲ့ ဒေသတွင်း လူမှုကွန်ရက်စာမျက်နှာ တွေမှာတော့ မနေ့ညတုန်းက မန်ကျည်းစုရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ဒီနေ့မှာ အုတ်ရှစ်ကျင်းရွာကို ဝင်ရောက်နေတယ်လို့ ဆိုပါတယ်။

ICJ မှာ ထုချေလွှာတင်ဖို့ စစ်ကောင်စီကို နောက်ထပ် ၃ လ ရွှေ့ဆိုင်းပေး

စစ်ကောင်စီ၊ ရိုဟင်ဂျာ၊ အစုလိုက်သတ်ဖြတ်မှု၊ ICJ၊ သုံးလရွှေ့ဆိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ICJ (ပုံဟောင်း)

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုစွပ်စွဲချက်အတွက် စစ်ကောင်စီဘက်က ထုချေလွှာတင်သွင်း ရမယ့်နေ့ကို နိုင်ငံတကာတရားရုံး (ICJ) က နောက်ထပ်သုံးလ ရွှေ့ဆိုင်းလိုက်တယ်လို့ ICJ ရဲ့ မေလ ၁၂ ရက်နေ့ ဆုံးဖြတ်ချက်အရ သိရပါတယ်။

အဲဒါကြောင့် သြဂုတ်လ ၂၄ ရက်နေ့မှာတော့ စစ်ကောင်စီဘက်ကနေ ထုချေလွှာကို တင်ရတော့မှာ ဖြစ်ပါ တယ်။

ဒီမတိုင်ခင်ကလည်း ထုချေလွှာတင်ရမယ့်ကာလကို ၁၀ လအထိရွှေ့ဆိုင်းပေးဖို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ စစ်ကောင်စီဘက်ကနေ တင်ပြခဲ့ပါတယ်။

အဲဒီတင်ပြချက်အပေါ်ကိုတော့ ICJ ဘက်က လက်မခံခဲ့ပဲ နောက်ထပ် ၁ လသာ ရွှေ့ဆိုင်းပေးခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် အဲဒီနောက်တော့ မေလ ၂၄ ရက်မှာတင်ရမယ့် ထုချေလွှာတင်ရက်ကို နောက်ထပ် ၃ လအထိ ထပ်မံ ရွှေ့ဆိုင်းပေးတာကို ICJ က ဆုံးဖြတ်ခွင့်ပြုလိုက်တာဖြစ်ပါတယ်။

အခုလို ရွှေ့ဆိုင်းပေးတာဟာ စစ်ကောင်စီဘက်ကထပ်မံတင်ပြမှုရှိလာတာကြောင့် ဟုတ်မဟုတ်ကိုတော့ ဘီဘီစီက စစ်ကောင်စီကို မေးမြန်းနေပါတယ်။ ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံက မြန်မာ နိုင်ငံကို ICJ မှာ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလက စတင်တရားစွဲဆိုခဲ့တာပါ။

အခုအမှုကို အာဏာမသိမ်းခင်အချိန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအစိုးရလက်ထက်မှာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ICJ တရားရုံးမှာ သွားရောက်ဖြေရှင်းခဲ့ပါတယ်။

အာဏာသိမ်းထားတဲ့ စစ်ကောင်စီဘက်ကတော့ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာတစ်ကြိမ် သွားရောက် ဖြေရှင်းထားပါတယ်။

စာရေးဆရာဦးဝေဟင်အောင်ကို ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီပြော

မိုခါမုန်တိုင်း၊ ကူညီသူ၊ စာရေးဆရာ၊ ဝေဟင်အောင်၊ စစ်ကောင်စီ၊ ဖမ်းဆီး၊

ဓာတ်ပုံ ရင်းမြစ်, Wai Hun Aung

သူနဲ့အတူဖမ်းဆီးထားသူ နှစ်ဦး ဆက်လက်စစ်ဆေးဦးမယ် လို့ဆို

ဖမ်းဆီးခံထားရတဲ့ စာရေးဆရာ ဦးဝေဟင်အောင်နဲ့ အဖွဲ့ဝင်အချို့ကို စုံစမ်းစစ်ဆေးမှုတွေပြီးတဲ့အခါ ပြန်လွှတ်ပေးမယ်လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မေလ ၂၃ရက်၊ နေ့လယ်ပိုင်းက ရသေ့တောင်ဘက်ကို လေဘေးကူညီထောက်ပံ့ပေးရေးပစ္စည်းတွေ နဲ့ထွက်ခွာသွားတဲ့ ပရဟိတသမား ဦးဝေဟင်အောင် နဲ့ အဖွဲ့ကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီးနောက် ပြန်လွှတ်ပေးမယ်လို့ ပြောဆိုလာတာပါ။

ဒါပေမဲ့ ဦးဝေဟင်အောင်တို့နဲ့ အတူဖမ်းထားတဲ့ ရန်ကုန်ကလာရောက်သူနှစ်ဦးကိုတော့ ပြန်လွှတ်ဦးမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

‘’ဦးဝေဟင်အောင်ရယ်၊သူ့သမီး နဲ့ သူ့တပည့်ကိုတော့ မေးမြန်းပြီးရင် ပြန်လွှတ်ပေးမယ်။ ရန်ကုန်ကလာတဲ့အဖွဲ့ကတော့ တရားမဝင်သတင်းဌာနတွေအဖြစ် ကြေညာထားတဲ့သတင်းဌာနတွေနဲ့ ဆက်သွယ်တာကို တွေ့ရှိထားလို့ ဆက်လက်စစ်ဆေးဦးမှာဖြစ်ပါတယ်’’ လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဦးဝေဟင်အောင်ကို ဖမ်းဆီးခံရမှုဟာ မိုခါ ပြန်လည်ထူထောင်ရေးမှာကူညီပေးနေတဲ့ ပရဟိတသမားတစ်ဦး ပထမဆုံးဖမ်းဆီးစစ်ဆေးခံရတာဖြစ်ပြီး စစ်ကောင်စီဘက်ကတော့ သူ့ရဲ့ ကူညီကယ်ဆယ်ရေးလုပ်ဆောင်မှုတွေ နဲ့ မသက်ဆိုင်ဘူးလို့ပြောပါတယ်။

မိုခါ ပြန်လည်ထူထောင်ရေးမှာကူညီပေးနေတဲ့ ပြည်တွင်းပြည်ပအရပ်ဘက်အဖွဲ့အစည်းတွေကို စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ခွင့်ပြုပေးနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

မိုခါဟာ အယ်နီညိုရှေ့ပြေးလက္ခဏာဖြစ်သလို အဲဒီကဆိုးကျိုးတွေတော်လှန်ရေးအပေါ် သက်ရောက်နိုင်တယ်လို့ ISP ထုတ်ပြန်

မိုခါမုန်တိုင်း၊အယ်နီညို၊တော်လှန်ရေး၊သက်ရောက်မှု

ဓာတ်ပုံ ရင်းမြစ်, ဆင်ဖြူကျွန်း

မိုခါဆိုင်ကလုန်းမုန်တိုင်းဟာ ပုံမှန်ကြုံနေရတဲ့ သဘာဝဘေးအန္တရာယ်တစ်ခုမဟုတ်ဘဲ အစွန်းရောက်သဘာဝဘေး အယ်နီညိုဖြစ်စဉ်တစ်ခုဖြစ်တာကြောင့် မြန်မာနိုင်ငံအပေါ် သက်ရောက်မှုတွေ ရှိနိုင်တယ်လို့ သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်တဲ့ ISP Myanmar က ထုတ်ပြန်ထားပါတယ်။

အယ်နီညိုဖြစ်စဉ်ကြောင့် ပြင်းထန်တဲ့သဘာဝဘေးအန္တရာယ်တွေ ထပ်ကြုံတွေနိုင်တာကြောင့် လက်နက်ကိုင်ပဋိပက္ခနောက်ဆက်တွဲတွေကို ခံစားနေရတဲ့ ပြည်သူတွေဟာ သဘာဝကပ်ဘေးတွေ ထပ်တိုးခံစားရနိုင်ပြီး အဆမတန်ဆိုးရွားတဲ့ လူမှုဒုက္ခတွင်းဆုံးကျတဲ့ ကပ်ဘေး ကျရောက်နိုင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မိုခါမုန်တိုင်း ဖြတ်သန်းသွားတဲ့ ရခိုင်၊ ချင်း၊ မကွေးနဲ့ စစ်ကိုင်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေဟာ အာဏာရှင်ဆန့်ကျင်ရေး အဓိကပါဝင်နေတဲ့ဒေသတွေဖြစ်တဲ့အပြင် မုန်တိုင်းနောက်ဆက်တွဲ ပျက်စီးဆုံးရှုံးမှုတွေဟာ ပြည်သူလူထုသာမက လက်နက်ကိုင်အဖွဲ့တွေပေါ်မှာလည်း ကြီးမားတဲ့ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့လည်း ထည့်သွင်းပြောဆိုပါတယ်။

ဒါပေမဲ့ စစ်ကောင်စီရဲ့ အာဏာတည်မြဲရေးနဲ့ အကျိုးစီးပွားတွေကိုတော့ နစ်နာဆုံးရှုံးမှု မရှိနိုင်တဲ့အကြောင်း၊ ဘာ့ကြောင့်လဲဆိုတော့ အဲ့ဒီတိုင်းနဲ့ပြည်နယ် လေးခုရဲ့ အခွန်ကောက်ရငွေဟာ တနိုင်ငံလုံးရငွေရဲ့ ၈ ဒသမ ၅ ရာခိုင်နှုန်းသာရှိတာကြောင့်လို့ ISP က ပြောပါတယ်။

ဒါပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေမှာတော့ ပြည်သူလူထုထောက်ပံ့မှုကို အားကိုးနေရတဲ့အတွက် တဖွဲ့ချင်းစီရဲ့ ရပ်တည်ရေးကို ခြိမ်းခြောက်လာနိုင်သလို သဘာဝကပ်ဘေးနဲ့ ပြန်လည်ထူထောင်ရေးအကြား ရှင်သန်ရပ်တည်ရေးပါ ခက်ခဲလာနိုင်တာပါ။

ဒ့ါအပြင် အယ်နီညိုနောက်ဆက်တွဲ ကပ်ဘေးတွေကြောင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ကျန်းမာရေး၊ ပညာရေး၊ စားနပ်ရိက္ခာ စတဲ့ ဂေဟစနစ်တခုလုံး ပြဿနာတွေ တိုးလာနိုင်တဲ့အပြင် လေထုညစ်ညမ်းမှုနဲ့ စားနပ်ရိက္ခာလုံခြုံရေးကိုပါ ရင်ဆိုင်ရနိုင်တယ်လို့ ပြောထားပါတယ်။

ဒ့ါကြောင့် အဆိုးကွင်းဆက်ကနေ ထွက်နိုင်ဖို့အတွက် ဝိုင်းဝန်းအဖြေရှာသင့်ပြီလို့လည်း မှတ်ချက်ပေးထားပါတယ်။

မိုခါမုန်တိုင်းကြောင့် ချင်းပြည်နယ် မြို့နယ် ၈ ခုမှာ အဆောက်အဦထိခိုက်ပျက်စီးမှု ၃၃၀၀ ကျော်ရှိ

မိုခါမုန်တိုင်း၊ ချင်းပြည်နယ်၊ မြို့နယ်၈ ခု၊ ထိခိုက်ပျက်စီး

ဓာတ်ပုံ ရင်းမြစ်, မင်းတပ်မြို့ပြည်သူ့အုပ်ချုပ်ရေး

မိုခါမုန်တိုင်း ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ ချင်းပြည်နယ်က မြို့နယ် ၈ ခုမှာ နေအိမ်ပျက်စီးမှု ၂၇၀၀ ကျော်၊ စာသင်ကျောင်းပေါင်း ၁၈၅၊ ဘာသာရေးအဆောက်အဦ ၁၀၀ ကျော်၊ ကျန်းမာရေးအဆောက်အဦ ၁၀ ကျော်၊ စပါးကျီ ၂၆၀ နီးပါး၊ ခန်းမဆောင်နဲ့အခြား ၆ ခု စုစုပေါင်း ၃၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC)က မေ ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

မြို့နယ်အလိုက် နေအိမ်ပျက်စီးမှု အများစုကတော့ မတူပီ၊ မင်းတပ်၊ ပလက်ဝ၊ ကန်ပက်လက်၊ ဟားခါး၊ ဖလမ်း ၊ တီးတိန်၊ ထန်တလန် တို့ဖြစ်ပြီး တချို့မြို့နယ်တွေမှာ လယ်ယာသုံး ကျွဲနွားနဲ့ အိမ်မွေးတိရစ္ဆာန်တွေပါ သေဆုံးတာတွေ ရှိနေပါတယ်။

“အကူညီတွေက တော်တော်များများ မရသေးဘူးလို့ ပြောလို့ရတယ်။ NUG ရယ်၊ ပြည်ပရောက် ချင်းဒေသခံတွေ ကူညီပေးကြပေမဲ့ ဒေသခံတွေလက်ထဲကို မရောက်သေးဘူးလို့ ပြောလို့ရတယ်။ တချို့လည်း လာမေးကြတာရှိပေမဲ့ ဒေသခံတွေ မရကြသေးဘူး၊ ပရဟိတအဖွဲ့အစည်းတွေကလည်း တခြားဒေသတွေကို ကူညီပေးနေရလို့နဲ့တူတယ် ရောက်လာတာတော့ မရှိသေးဘူးပေါ့”လို့ ICNCC က တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။

ဒီအချက်လက်တွေဟာ မြို့နယ်အသီးသီးက လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးတာဝန်ခံတွေကနေ မေ ၂၃ ရက်အထိ ရရှိတဲ့အချက်လက်တွေကို ICNCC က စုစည်းတင်ပြတာဖြစ်ပါတယ်။

မုန်တိုင်းဒဏ်သင့် ပြည်သူတွေအတွက် အိမ်မိုးသွပ်ပြား၊ အိမ်ရိုက်သံ၊ မိုးကာနဲ့ တာလပတ်တွေ၊ ဆန်ရိက္ခာ၊ အခြေခံစားသောက်ကုန်၊ အိမ်သုံးဆေးဝါးတွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ဆိုပါတယ်။

မိုခါမုန်တိုင်းကြောင့် တောင်ပြိုတာတွေ၊ လမ်းမြေပိတ်ဆို့တာတွေရှိနေတဲ့အတွက် လမ်းပန်းဆက်သွယ်ရေးလည်း ခက်ခဲနေတာကြောင့် အကူညီအတွေ ရရှိဖို့ ခက်ခဲနေတယ်လို့လည်း ဒေသခံတွေက ပြောကြပါတယ်။